လွိုင်ကော်တွင် စည်ပင်နှင့် စစ်ကောင်စီက အခွန်များ အဓမ္မကောက်ခံ

လွိုင်ကော်တွင် စည်ပင်နှင့် စစ်ကောင်စီက အခွန်များ အဓမ္မကောက်ခံ

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနနှင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက အခွန်များကို အဓမ္မ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက မြို့နယ်အတွင်း ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်ခွန်၊ ပစ္စည်းခွန်၊ ဆိုင်ခန်းခွန် နှင့် အိမ်ခွန်တို့ကို ယခု ဇူလိုင်လ ဒုတိယ အပတ်တွင် စည်ပင်ဝန်ထမ်းများ သာမက စစ်ကောင်စီ တပ်သားများပါ လာရောက်၍ အဓမ္မကောက်ခံနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လွိုင်ကော်မြို့၊ ဒေါနိုးကူး ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးက “ခေတ်သစ် ချစ် တီးတွေပါ။ အကြွေးရှင် မျက်နှာထားတွေနဲ့ မနှစ်ကြွေးကျန်တွေပါ လာတောင်းပါတယ်။ အရမ်း မောက်မာ ပါ တယ်။ စစ်သားတွေလည်း ခေါ်လာတယ်။ မပေးဘူးလို့ မပြောပါဘူး။ ဒီအခြေအနေနဲ့ မပြေလည်သေးလို့ ခဏ ထားပေးပါ ပြောလည်း မရဘူး” ဟု ပြောသည်။

လက်ရှိကောက်ခံနေသည့် ရပ်ကွက်များတွင် ဒေါနိုးကူး၊ မင်္ဂလာ၊ ရွှေတောင် စသည့် ရပ်ကွက်များ ပါဝင်ပြီး ကျန် သည့်ရပ်ကွက်များတွင် မကောက်ခံရသေးသော်လည်း ရပ်ကွက်အတွင်း လော်စပီကာနှင့် မကြာမှီ အချိန်အတွင်း လာကောက်မည်ဟု ကြေညာထားသည်ဟု သိရသည်။

ယခု အခွန် ကောက်ခံနေကြသည့် ပုံစံမှာ စန်တကျကောက်ခံခြင်းမျိုး မဟုတ်ဘဲ ရပ်ကွက်တစ်ခုနှင့် တစ်ခု ကောက်ခံသည့် ပုံစံမှာလည်း မတူဘူးဟု ဆိုသည်။

“အိမ်မှာတော့ ရေခွန် ၃၀,၀၀၀ ဆိုပြီး လာကောက်သွားတယ်။ ဘာမှမပါဘူး။ ရေခွန် တစ်မျိုးတည်းပဲ။ ဒါပေ မယ့် တစ်ခြား ရပ်ကွက်တွေကျတော့ အခွန် ၃ မျိုးလုံးမှ ၆,၀၀၀  ပဲကျတယ်။ ပြီးတော့ တိကျရေရာတဲ့ ဖြတ် ပိုင်းလည်း မပေးဘူး” ဟု လွိုင်ကော်မြို့ခံ တစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် ကောက်ခံနေသည့် အခွန်များမှာ တိကျရေရာခြင်း မရှိသော်လည်း ၃၀,၀၀၀ မှ ၅၀,၀၀၀ ကျပ်အထိ ပေးဆောင်နေရကြောင်းနှင့် အချို့ရပ်ကွက်များတွင် ၆,၀၀၀ ကျပ်သာ ကောက်ခံနေသည် ဟု သိရသည်။

ထို့အပြင် ဆိုင်ခန်းအချို့မှာ ကာလကြာရှည်စွာ ဆိုင်ပိတ်ထားရ၍ စီးပွားရေး အဆင်မပြေကြသော်လည်း စည်ပင် မှ ဆိုင်းငံ့ခွင့် မပေးသည့်အပြင် မနှစ်က ကြွေးကျန်များကိုပါ တိုးမြင့််ကောက်ခံနေသောကြောင့် လွိုင်ကော်မြို့ ဒေသခံများ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။

ယခုကဲ့သို့ စည်ပင်မှ အခွန် အဓမ္မ ကောက်ခံမှုများအပြင် လွိုင်ကော်မြို့ တောင်ဈေး အရှေ့ဘက် ၅၄ စစ်တပ် ဝင်း အနီးရှိ ဒေါတမလမ်းတွင် စစ်ကောင်စီတပ်သားများက အိမ်စီးကား တစ်စီးလျှင် ၃၀,၀၀၀ ကျပ်နှင့် ကားကြီး တစ်စီးလျှင် ၁၀၀,၀၀၀ ကျပ် ကောက်ခံနေသောကြောင့် မြို့ခံ ပြည်သူများမှာ စိုးရိမ်မှုများဖြင့် ရှောင်တိမ်း သွား လာ နေကြရသည်ဟု သိရသည်။

ကရင်နီပြည်နယ်တွင် နေရာအနှံ့ စစ်ပွဲများ ဖြစ်ပွားနေပြီး လွိုင်ကော်မြို့ တစ်မြို့တည်းသာလျှင် စစ်ကောင်စီတပ် က ခြေကုတ်ရယူထားနိုင်သောကြောင့် ဗိုလ်ကျ စိုးမိုးနေခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြ သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...