ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်၊ နဝဒေးတံတားထိပ်တွင် အမျိုးသမီးတစ်ဦး အပါအဝင် ရိုဟင်ဂျာ ၅ ဦး နှင့် ကားသမား ၃ ဦးတို့ကို စစ်ကောင်စီလက်အောက်ခံအဖွဲ့များက ဖမ်းဆီးထားသည်ဟု သိရသည်။
ဖမ်းဆီးထားရသူ ရိုဟင်ဂျာ ၅ ဦးအနက် သုံးဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇားနားမှ ဒုက္ခသည်စခန်းက ဖြစ်ပြီး ကျန် ၂ ဦးမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သက္ကာကုန်း ကျေး ရွာနှင့် စစ်တွေမြို့နယ် ဓားပိုင်ကျေးရွာက ဖြစ်သည်ဟု သိရသည်။
ရဲစခန်းနှင့်နီးစပ်သူ ပရဟိတသမား တစ်ဦး က ”ပြည်ကနေ ရထားနဲ့ ရန်ကုန်ပို့မှာလို့ ထွက်ချက်ပေးတယ်” ဟု ပြောသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ်ဘက်ခြမ်းမှ ကားဖြင့်လိုက်ပါလာသူ အဆိုပါ ရိုဟင်ဂျာ ၅ ဦး ကို ဇွန် ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ များထံမှ သိရသည်။
၎င်းတို့ ၅ ဦး ကို ကံမမြို့နယ်ထဲက ခေါ်ယူလာခြင်းဖြစ်ပြီး ပုသိမ်-မုံရွာလမ်းမှ တဆင့် သရက်-ကံမ-ပြည်လမ်း သို့ ဝင်ရောက်ကာ ပန်းတောင်း-ပြည် ဧရာဝတီမြစ်ကူးတံတားတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ရိုဟင်ဂျာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး ဖြစ်ပြီး တစ်ဦးလျှင် ကယ်ရီခ ကျပ် ၁၂ သိန်း ပေး၍ လိုက်လာကြ ခြင်းဖြစ်ကာ ၎င်းတို့အား တင်လာသည့် ကားသမား ၃ ဦး လည်း ဖမ်းဆီးခံထားရသည် ဟု သိရသည်။
ကံမ၊ မင်းတုန်း၊ မင်းလှဘက်ကို ပုသိမ်-မုံရွာလမ်းမကြီး အတိုင်း ခိုးဝင်လာလေ့ရှိပြီး ဖမ်းဆီးရမိသူများကို ပြန်ပို့ ပေးရသည့် စရိတ် ဘတ်ဂျက် မရှိသဖြင့် ရဲများက မဖမ်းချင်တော့ဘူးဟု ကံမမြို့က ဒေသခံတစ်ဦး က ပြောသည်။
”ရဲတွေက ငွေကုန်ကြေးကျများပြီး အလုပ်ရှုတ်လို့တဲ့။ ရဲတွေ စိတ်ညစ်နေတယ်ဗျ။ အခု ပန်းတောင်း စခန်း ကံ ဆိုးသွားတာပေါ့ ကုန်ပေတော့ပဲ” ဟု ကံမမြို့ခံက ပြောသည်။
မကွေးတိုင်းနှင့် ပဲခူးတိုင်းအစပ်တွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ ရိုဟင်ဂျာများကို မကြာခဏ ဖမ်းဆီးရမိ လေ့ရှိသည် သိရသည်။
ရိုဟင်ဂျာ ၅ ဦးကို ကားဖြင့် တင်လာသည့် ကားသမား ၃ ဦးကိုလည်း ပန်းတောင်း မြို့မရဲစခန်း အမှုဖွင့်လှစ်ပြီး၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၇ ဖြင့် တရားစွဲဆိုနိုင်ရန် စစ်ဆေးမှုများ လုပ်ဆောင်နေသည် ဟု သိရသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ သည် အပြင်းအထန်နာကျင်စေခြင်း၊ ကျွန်ပြုခြင်း၊ တစ်ဦးတစ်ယောက်ကို ခိုးယူ ခြင်းနှင့် သွေးဆောင်ခေါ်ယူမှုများအတွက် အရေးယူနိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက အများဆုံး ထောင် ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်သည့် အပြင် ငွေဒဏ်လည်း ကျခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။