ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းက ကျေးရွာတစ်ချို့တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ပြည်သူ့စစ် အဖွဲ့မှ စစ်အသုံးစရိတ်များ တိုးမြင့်ကောက်ခံနေသည့်အပြင် တစ်အိမ် တစ်ယောက် ရွာလုံခြုံရေးအတွက် ကင်းစောင့်ရန် သတ်မှတ်ထား သည့်အတွက် ရွာသားများက အခက်ကြုံနေရသည်။
တောင်ကြီးမြို့နယ်မှ ၆ မိုင်ခန့်ကွာဝေးသည့် နမ့်ဆီးနောင်လေ ကျေးရွာတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ PNO အဖွဲ့က စစ်အသုံးစရိတ်များ တိုးမြင့်ကောက်ခံနေသည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။
“အရင်ကကောက်တာကတော့ သုံးသောင်း ကောက်တာပေါ့နော်။ အခုတော့ တစ်သောင်းပိုလာတယ်။ အဲ့ဒါက တော့ PNA စစ်သင်တန်း တက်နေတဲ့လူငယ်တွေ အတွက် ထောက်ပံ့ကြေးပေါ့။ ပြီးတော့ နောင်လေ အ.ထ.က ကျောင်းအတွက် အထွေထွေ အသုံးစရိတ်ကလည်း တစ်သောင်း ထပ်ထည့်ရတယ်။ အကုန် ငါးသောင်းပေါ့ လ တိုင်း မဖြစ်မနေ ထည့်ရတယ်” ဟု နမ့်ဆီးနောင်လေကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့သည် မေလ ၁၉ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ပအိုဝ်းဒေသအတွင်း ရပ်မိရပ်ဖ အစည်းအဝေး ဆုံးဖြတ်ချက်အရ တစ်အိမ်လျှင် ၃၀,၀၀၀ ကျပ် မဖြစ်မနေ ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုဆုံးဖြတ်ချက်အရ မေလကုန်မှ စတင်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် တစ်အိမ်လျှင် ၃၀,၀၀၀ ကျပ် ကောက်ခံခဲ့သော်လည်း တောင်ကြီးမြို့နယ်ရှိ နမ့်ဆီးနောင်လေ ကျေးရွာတွင် ဇွန်လမှစတင်၍ ၅၀,၀၀၀ ကျပ် ကောက်ခံခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ထို့အပြင် ကျေးရွာအတွင်း တစ်အိမ်လျှင် ယောက်ျားတစ်ဦးစီ မဖြစ်မနေ ကျေးရွာလုံခြုံရေးအတွက်ဟု ဆိုကာ ကင်းစောင့်ပေးကြရသည်ဟု သိရသည်။ ကျောင်းလုံခြုံရေးအတွက်နှင့် ကျေးရွာလုံခြုံရေးအတွက် ဟူ၍ နေရာ ၂ နေရာ သတ်မှတ်ထားပြီး နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ နံနက်ပိုင်းတာဝန်နှင့် ညပိုင်းတာဝန် ဟူ၍ ၂ ဆိုင်း သတ်မှတ်ထားသည်ဟု ရွာခံများက ပြောသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “တစ်အိမ်တစ်ယောက်ကတော့ အလှည့်ကျ ကင်းစောင့်ရတယ်။ အိမ်ခြေက ၆၀ ရှိ တာဆိုတော့ ကိုယ့်အလှည့် တစ်ခါပြီးသွားရင် အလှည့် ထပ်ရောက်ဖို့က ၂ လနီးပါးတော့ ကြာမှာပေါ့။ ယောက် ကျားလေး မရှိတဲ့အိမ်နဲ့ မသွားချင်တဲ့ အိမ်တွေကတော့ ကင်းစောင့်ဖို့ လူငှားရတယ်။ အဲ့လိုငှားတာကျတော့ မနက်အချိန်နဲ့ ညအချိန်ပေါ်မူတည်ပြီး ခြောက်ထောင်နဲ့ ရှစ်ထောင် ၂ မျိုး သတ်မှတ်ထား တယ်။ ကျမတို့ အိမ် အလှည့် ပြီးသွားပြီ။ အိမ်မှာ ယောက်ကျားသား မရှိလို့ ငှားလိုက်တာ ရှစ်ထောင် ကုန်တယ်။ အိမ်မှာ ယောက် ကျားလေး ရှိရင်လည်း မသွားခိုင်းရဲပါဘူး။ PNO က ဘာမှ ပေးမထားဘူး။ ပစ်သတ်ခံရရင် ကိုယ်ပဲသေမှာ” ဟု ပြောသည်။
ယခု ကင်းစောင့်ရန် တာဝန်ကျသူများသည် ကျောင်းဂိတ်ပေါက်ဝ နှင့် ရွာအဝင်ပေါက်များတွင် စောင့်ရခြင်း ဖြစ် သည်ဟု ဆိုသည်။ သို့သော် အဆိုပါ ကင်းသမား၏ လုံခြုံရေးအတွက်ကိုမူ PNA ပြည်သူ့အဖွဲ့က တာဝန်ယူ ပေး ခြင်း မရှိသလို မည်သည့်လက်နက်မှ ပေးထားခြင်း မရှိဘူးဟု ဒေသခံများက ဆိုသည်။
နမ့်ဆီးနောင်လေ ကျေးရွာသည် တောင်ကြီး မြို့နယ်အတွင်းမှ ကျေးရွာတစ်ရွာဖြစ်သော်လည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နှင့် ထိစပ်နေသည့် ကျေးရွာ ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ရွာတွင်နေထိုင်သူ အများစုကလည်း ပအိုဝ်းတိုင်းရင်းသားများသာ ဖြစ်ကြပြီး PNO ပြည်သူ့စစ်အဖွဲ့လည်း စစ်အသုံးစရိတ်များ ကောက်ခံကာ ဗိုလ်ကျစိုးမိုးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။