ကျောင်းသား/သူများအပေါ် ခွဲခြားဆက်ဆံနေသည့် Non-CDM ဆရာ/မများကို တောင်ကြီး မြို့ပြ ပြောက်ကျား အဖွဲ့မှ သတိပေးလိုက်သည်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ကျောင်းများတွင် ကျောင်းသူ/သားများ အပေါ် ခွဲခြား ဆက်ဆံနေ သည့် Non-CDM ဆရာမများကို တောင်ကြီး မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Taunggyi Guerilla Force (TGF) မှ ခွဲခြားဆက်ဆံမှုများကို ရပ်တန့်ရန် သတိပေး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
“အဲ့ဒီကျောင်းတွေမှာ ကိုယ်တိုင်တက်နေတဲ့ ကျနော်တို့ အဖွဲ့ဝင်ရဲ့ ကလေးတွေ ရှိပါတယ်။ ကျနော်တို့ အနေနဲ့က လတ်တလော သူတို့တွေကို ဆက်လက် စောင့်ကြည့်နေပါ့မယ်။ သူတို့ရဲ့ အဆောင်မှာ မတက်တဲ့ ကျောင်းသား တွေကို အတန်းတင်မပေးဘူး ဆိုပြီးတော့ ကျောင်းသား မိဘတွေကို ခြိမ်းခြောက်တယ်လို့ သတင်းရထား ပါ တယ်။ ယုံကြည်ရာလမ်းကို ရွေးခဲ့ကြတဲ့ CDM ဆရာ/မတွေကိုလည်း ကျောင်းပြန်တက်ခိုင်းပြီး စာပြန်လာသင် ပေးဖို့ ပြောတယ်။ မလာရင် အိမ်လိပ်စာကို စကစကို သတင်းပေးပြီး ဖမ်းခိုင်းမယ် ဆိုပြီး ခြိမ်းခြောက်ထား တယ် လို့ သိထားပါတယ်” ဟု TGF အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။
တောင်ကြီးမြို့ပေါ်က Non-CDM ဆရာ/မများ ဖြစ်ကြသည့် လက်ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်း ဆောင်နေသော ကျောင်းအုပ်၊ ဒု-ကျောင်းအုပ်များသည် CDM ဆရာ/မများနှင့် ကျောင်းသူ/သားများအား ခြိမ်း ခြောက်နေခြင်းများကြောင့် ၎င်းတို့အဖွဲ့က ယခုကဲ့သို့ ဇွန်လ ၁၅ ရက်ပါ ရက်စွဲဖြင့် သတိပေးရခြင်း ဖြစ်သည် ဟု ဆိုသည်။
လက်ရှိတွင် တောင်ကြီး မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Taunggyi Guerilla Force (TGF)အဖွဲ့ထံ၌ ကျောင်းသူ/သားများနှင့် CDM ဆရာ/မများကို ခြိမ်းခြောက်နေသည့် Non-CDM ဆရာ/မများ၏ စာရင်းလည်း ရောက်ရှိနေပြီ ဖြစ်သည်ဟု TGF အဖွဲ့ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
ထို့ကြောင့် ၎င်းတို့အဖွဲ့အနေဖြင့် ကျောင်းသူ/သားများကို ခွဲခြားဆက်ဆံပြီး CDM ဆရာ/မများကို ကျောင်း အတင်းပြန်တက်ခိုင်းနေသည့် လုပ်ရပ်များကို လုပ်ဆောင်နေသော Non-CDM ဆရာ/များကို စောင့်ကြည့်သွား မည်ဟု ဆိုသည်။
ထို့အပြင် Non-CDM ဆရာမများ အနေဖြင့် TGF အဖွဲ့၏ သတိပေးချက်များကို မလိုက်နာခဲ့ပါက လုပ်သင့်လုပ် ထိုက်သည်များကို လုပ်ဆောင် အရေးယူသွားမည်ဟု ဆိုသည်။
သို့သော် မသက်ဆိုင်သည့် အခြားသော ဆရာ/မများနှင့် ကျောင်းသူ/သားများကို ထိခိုက်မှုမရှိအောင် လုပ်ဆောင် မည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။
အလားတူ TGF အဖွဲ့၏ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များတွင်လည်း ပြည်သူများ အားလုံးပူး ပေါင်းပါဝင်မည်ဟု ယုံကြည်ကြောင်း အဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။
TGF အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက “တောင်ကြီးသားတွေက သွေးမအေးသေးဘူးဆိုတာ ကျနော်တို့ ယုံကြည် ပြီး သားပါ။ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် ငြိမ်နေရပေမယ့် အရေးကြုံလာရင်တော့ ကျနော်တို့လို လူမျိုးတွေကို ကူညီဖို့ အသင့်ရှိနေမယ် လို့လည်း ယုံကြည်ပါတယ်။” ဟု ပြောသည်။
တောင်ကြီးမြို့ ပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Taunggyi Guerilla Force (TGF) အဖွဲ့ကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တစ်နှစ်အတွင်း စစ်ဆင်ရေးများစွာ ပြုလုပ်ခဲ့ပြီးကြောင်းနှင့် လိုအပ်ပါလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု အဖွဲ့တာဝန်ရှိသူက ဆိုသည်။
TGF အဖွဲ့၏ စစ်ဆင်ရေးများမှာ ၂၀၂၂ ခုနှစ်အတွင်း ဖေဖော်ဝါရီလက မြို့မဈေးမှ ဈေးသည်များအား ဆိုင်ခန်းခ မတရားကောက်ခံနေသည့် စည်ပင်လူကြီး ဦးခင်အေး၏ နေအိမ်အား ဖောက်ခွဲမှု၊ မတ်လတွင် ကံကြီးရပ်ကွက် ရထားသံလမ်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို ဗုံးခွဲတိုက်ခိုက်မှုနှင့် ကမ္ဘောဇဘဏ် (၂) ၏ ATM စက်အား ဖောက်ခွဲမှုတို့အပြင် အခြားသောပြောက်ကြားအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီ သတင်းပေး ဒလန်များစွာကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။