ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနား၊ မန်ခိန်ရပ်ကွက်ရှိ အထက(မန်ခိန်)ကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ ပြီး နောက် ကျောင်းတက်သူမရှိ ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
ဇွန်လ ၁၅ ရက်နေ့၊ နံနက်အစောပိုင်း ၂ နာရီကျော်အချိန်က အထက (မန်ခိန်)ကျောင်းဝန်းအတွင်းရှိ ကျောင်း ဆောင်ကြီး တစ်ဆောင်လုံးနီးပါး မီးလောင်သွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မန်ခိန်ရပ်ကွက် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“မီးတောက်က အကြီးကြီးပဲ။ အဝေးကနေတောင် လှမ်းမြင်ရတယ်။ မီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းတယ်လို့ အဲ့နားကလူတွေက ပြောတယ်။ ဒါပေမယ့် မီးသတ်ကား ဖြတ်သွားဖြတ်လာအသံတောင် မကြားဘူး သိလား။ အခုမီးလောင်တာက ၈ တန်းအဆောင်ပေါ့နော်။ အကုန်လုံးလောင်သွားတယ်။ ဒီနေ့ဆို အမတို့လည်း ကလေးတွေကို ကျောင်းမပို့ ဘူး။ အားလုံးပါပဲ ဘယ်မိဘမှ မပို့ရဲဘူးလေ” ဟု ပြောသည်။
ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နှစ်ထပ် ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်သွား ပြီး ကျောင်းအတွင်းရှိ ကျောင်းသုံးပစ္စည်းများ၊ စားပွဲ၊ ထိုင်ခုံ အားလုံးမီးလောင်သွားသည်ဟု ရပ်ကွက် အတွင်း နေထိုင်သူများက ပြောသည်။
ယခုမီးလောင်မှု ဖြစ်ပွားခဲ့သည့် မန်ခိန်ကျောင်းသည် ကချင်ပြည်နယ်အတွင်းရှိ သမိုင်းဝင်ကျောင်းတစ်ကျောင်း ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ကချင်ပြည်နယ်အတွင်း ခရီးစဉ်တွင် ကချင်တိုင်းရင်းသား ခေါင်း ဆောင်များနှင့် တွေ့ဆုံခဲ့သည့် နေရာဖြစ်သည်။
မြစ်ကြီးနားမြို့ခံအချို့က ယခုဖြစ်ပွားခဲ့သည့် မီးလောင်မှုအပေါ် ရှို့မီး ဖြစ်နိုင်သည်ဟု သံသယ ရှိသည်။
“သူ့ဟာသူ တစ်ခုကြောင့် မီးထလောင်ရအောင်ကလည်း အခုတလော ဒီမှာ မိုးရွာ မိုးအုံးနဲ့လေ။ ပူလည်းမပူဘူး။ ဝါယာရှော့လည်း မဖြစ်နိုင်ဘူးနော်။ သက်သက် ရှို့သွား တာပဲ ဖြစ်နိုင်တယ်” မြစ်ကြီးနားမြို့ခံ တစ်ဦးက ပြောသည်။
ယခုမီးလောင်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် ရှို့သွား သည်ကို မသိရသေးသလို၊ ရှို့မီးဟုတ် မဟုတ် နှင့် မတော်တဆလောင်ကျွမ်းမှု ဟုတ်မဟုတ်ကို သတင်းနှင့် မီဒီ ယာကွန်ယက် သတင်းဌာနအနေဖြင့် သီခြားအတည်မပြုနိုင်ပါ။
ကျောင်းသားမိဘအချို့ကမူ ကျောင်းဖွင့်နေသည့်အတွက် အဖွဲ့အစည်းတစ်ခုခုက ရှို့သွားခြင်း ဖြစ်နိုင် သည်ဟုလည်း ခန့်မှန်းပြောဆိုမှုများ ရှိသည်။
အဖွဲ့အစည်း တစ်ခုခုက လုပ်ဆောင်မှု ဖြစ်သည်ဆိုပါက ထုတ်ပြန်ကြေညာသင့်သည်ဟု မြစ်ကြီးနားမြို့က တက်ကြွလူငယ်တစ်ဦး က ပြောသည်။
“ကျနော်တို့က စိုးရိမ်တယ် အခုဖြစ်တဲ့ မီးလောင်မှုကို၊ ဘာလို့လဲ ဆိုတော့ ကျောင်းဆောင်မလောင်ခင် ရှေ့မှာပဲ တပ်ကုန်း မန်ခိန်လမ်းဆုံမှာရှိတဲ့ သားအဖသုံးယောက်ရုပ်ထုလေ အဲ့ဒါမီးရှို့ခံခဲ့ရ တယ်။ အဲ့တော့ အခုကျောင်းမီးလောင်မှုကိုလည်း ဒါကတော့ ဘယ်ကချင်လူငယ်တွေက လုပ် တာပါ၊ ဘာညာဆိုပြီး စွပ်စွဲဖမ်းဆီးတာမျိုး လုပ်မှာစိုးရိမ်တယ်။ နောက်တစ်ခုက စစ်တပ်က သူတို့လူတွေကို လုပ်ခိုင်းပြီး PDF တွေပါ၊ KIA ကပါ အဲ့လိုမျိုးလည်းပြောလာနိုင်တယ်။ ဒါကြောင့် PDF တွေ လူငယ်တွေက လည်း ကိုယ်မလုပ် ဘူးဆိုတာကို ချပြဖို့၊ ထုတ်ပြန်ဖို့လိုတယ်။” ဟု ပြောသည်။
မန်ခိန် အထက်တန်းကျောင်းဝန်းအတွင်းက ကျောင်းဆောင်မီးလောင်မှုနှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီး ဌာနနှင့် မန်ခိန်ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။