ကရင်နီပြည်ကို မူရင်းအဖွဲ့အစည်းတွေက အုပ်ချုပ်ပြီး NUG က လာညှိ့နှိုင်းရမယ်လို့ KNPP ဆို

ကရင်နီပြည်ကို မူရင်းအဖွဲ့အစည်းတွေက အုပ်ချုပ်ပြီး NUG က လာညှိ့နှိုင်းရမယ်လို့ KNPP ဆို

ကရင်နီပြည်ကို ပြည်နယ်ထဲမှာရှိတဲ့ မူရင်းအဖွဲ့အစည်းတွေက အုပ်ချုပ်ပြီး NUG အနေနဲ့ လာရောက်ညှိ့နှိုင်းမှု ပြုလုပ်ရမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူး ( ၁ ) ခူဒယ်နီယာယ်က ပြောဆိုထားပါတယ်။

“ ပြည်နယ်/ ဖယ်ဒရယ်ယူနစ်ဆိုတာက ပြည်နယ်ကနေ ဖွဲ့စည်းထားပြီးသား ဖြစ်ရမယ်ပေါ့။ ဒီပြည်နယ်ကတော့ ကျနော်တို့ ပြည်နယ်ထဲမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းမှု အရင်ဆုံးလုပ်ရမယ်။ ပြီးတော့ သူတို့က လာညှိ့မယ်ပေါ့။ သူတို့အနေနဲ့ ဦးစီးဦးဆောင်ပြီးတော့မှ လုပ်မယ်ဆိုတော့ ကျနော်တို့ ဒီမှာရှိတဲ့ ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေ လူထုကိုယ်စားပြုပါတီတွေက လုပ်ရမယ့် အလုပ်ဖြစ်တယ်။ ပြီးတော့မှ သူတို့က လာညှိ့မယ်ပေါ့။ အဲ့လိုမျိုးရှိမယ်။ “ လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

ဒါ့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP )အနေနဲ့ မြို့နယ်တိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ရှိပြီးသားဖြစ်ပြီး ထပ်မံတိုးချဲ့နေတာတွေလည်း ရှိတယ်လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။

ပြည်နယ်/ ဖယ်ဒရယ် ယူနစ်တွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တာဝန်ယူပြီး သက်ဆိုင်ရာတွေနဲ့ ညှိ့နှိုင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွှတ်ရေး အစိုးရ ( NUG ) က မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးကို chapter သဘောတူညီချက်အရ တိုင်းရင်းသားဒေသတွေကို မိရိုးဖလာအုပ်ချုပ်မှုနဲ့ အုပ်ချုပ်ခိုင်းစေပြီး NUG က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီး ခူးထဲဘူး က ပြောပါတယ်။

“ NUG ကတော့ ဘာမှ ဝင်ရောက်စွက်ဖက်ပြီးတော့မှ စီမံကွပ်ကဲမှာ မဟုတ်ဘူး။ သို့သော်လိုအပ်ချက်တွေ ရှိရင်တော့ ပူးပေါင်းဆောင်ရွက်ပေးမယ်။ ဖြည့်ဆည်းဆောင်ရွက်ပေးမယ်။ ဆက်စပ်ဆောင်ရွက်ပေးမယ် ဒီလိုသဘောပဲ။” လို့ ခူးထဲဘူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်မှာ CRPH ရဲ့ လမ်းညွှန်မှုနဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်ကွက်ကြောင်း KNPP က ထုတ်ပြန်ထားပါတယ်။

ဒါဟာ NUG မပေါ်ပေါက်ခင်က CRPH လမ်းညွှန်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဖွဲ့ဝင် ( ၁၁ ) ယောက်နဲ့ ဖွဲ့စည်းထားတာဟာ NUG နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ခူးထဲဘူးက ပြောပါတယ်။

“ မရှိဘူး။ ရှိလို့လည်း မဖြစ်ဘူး။ သဘောတူညီမှုတွေကလည်း ရှိထားပြီးသားဆိုတော့ အဲ့တာတွေက တရားမဝင်ဘူး။ NUG နဲ့ CRPH က အဲ့ဒီ ဦးဆောင်ဖွဲ့စည်းတဲ့ အဖွဲ့တွေကို ပြန်ပြီးတော့ ထုတ်ပြန်ပေးရမှာလေနော။ အကြောင်းပြန်ကြားပေးရမယ်။ ဆိုတော့ အဲ့ဟာကလည်း အဲ့တာကို အကြောင်းကြားစာ သဘောမျိုး အဲ့ဒီမှာက NUG ကနေပြီးတော့ ဒေသခံ ဆိုလိုတာက KSCC နဲ့ပေါ့လေ။ သူ့လုပ်ပိုင်ခွင့်နဲ့ သူရှိမယ်။ အဲ့တာ ညှိ့နှိုင်းဆောင်ရွက်မယ်ပေါ့။ အဲ့တာ ပြောချင်တာ။ “ လို့ ခူးထဲဘူးက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တာယားကောင်းမွန်စွာ မလည်ပတ်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...