သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းထားဒေသအတွင်း စစ်ကောင်စီမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ်အဖြစ် သတ်မှတ်ထားသည့်နေရာကို “၀” တပ်ဖွဲ့ (UWSA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။
ဧပြီလ ၅ ရက် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် မိုင်းထားဒေသအတွင်းရှိနေသည့် RCSS/SSA တပ်ဖွဲ့ကို ဝ တပ်ဖွဲ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။
“မနက် ၁၀ နာရီလောက်မှာ “ဝ”က RCSS/SSA ကို အရင်ထိုးစစ်ဆင်ခဲ့တာပါ၊ တိုက်ပွဲက နာရီဝက်လောက်ပဲ ပစ်ခတ် သံတွေကြားရပြီး အသံတွေပြန်ငြိမ်သွားတယ်၊ နောက် မွန်းလွဲပိုင်း ၁ နာရီကျော်လောက်မှာ ပြန်ဖြစ်တယ်၊ မနေ့က တစ်နေ့တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာ” ဟု မိုင်းထားဒေသမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုများတွင် RCSS/SSA တပ်ဖွဲ့မှ တပ်သား ၅ ဦးနှင့် လက်နက်ခဲယမ်းတချို့ ဆုံးရှုံးခဲ့သည်ဟုလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
“သူတို့ (ဝ တပ်ဖွဲ့) က ကျနော်တို့ကို ထိုးစစ်ဆင်လို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းသိရတယ်၊ ကျနော် တို့ဘက်က တပ်သား ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ ကျတယ်၊ “ဝ” တပ်ဖွဲ့ဘက်ကလည်း ကျဆုံးမှုတွေများတယ် လို့ သတင်းသိရတယ်၊ အသေးစိတ်တော့ မသိရှိရသေးဘူး” ဟု RCSS/SSA မှ အမည်မဖော်လိုသူ ထိပ်ပိုင်း အရာရှိကြီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယင်းတိုက်ပွဲဖြစ်ပွားမှုတွင် “ဝ” တပ်ဖွဲ့မှ ကျဆုံးသူ တစ်ယောက်နှင့် ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တိုက်ပွဲတွင် ယင်းအရေအတွက်ထက် ပိုမိုများပြားကြောင်းလည်း အထက်ပါ မိုင်းထား ဒေသခံက ပြောသည်။
မိုင်းထားဒေသအတွင်းတွင် RCSS/SSA နှင့် “ဝ” တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီ လလယ်ပိုင်းကတည်းက နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
မိုင်းထားဒေသသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက RCSS/SSA ဌာနချုပ်နယ်မြေအဖြစ် စစ်ကောင်စီမှ သတ်မှတ်ပေးခဲ့သော်လည်း RCSS/SSA တို့က တပ်စခန်းနေရာတစ်ခုအဖြစ်သာ အခြေချနေထိုင်ခဲ့ကြောင်းလည်း သိရသည်။
RCSS/SSA နှင့် “၀”တပ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ထိတွေ့မှု မရှိခဲ့ရာမှ ယခုနှစ်အတွင်း ပထမဆုံး ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။