ချင်းပြည်နယ် ဖလမ်းမြို့ကနေ ဟားခါးမြို့ကို စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့မှ ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။
အင်အား ၂၀၀ ဝန်းကျင်လောက်ရှိပြီး တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၂၀ ကျော်နဲ့ ဖလမ်းကနေ ဟားခါးမြို့ကို စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစလို့ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF/CNDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ယမန်နေ့ မတ်လ ၂ ရက်မှာတော့ ဖလမ်း-ဟားခါးကားလမ်းမပေါ်မှာရှိတဲ့ ဒုတ်ထစ် နဲ့ ရမ်ထလိုကျေးရွာအကြားမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိသလို ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံးခဲ့ တယ်လို့ CNDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
“တိုက်ပွဲကတော့ပြင်းထန်တယ်၊ မနေ့ကတော့ တနေ ကုန်လိုလိုပါပဲပစ်နေကြတာက သူတို့ဘက်ကတော့ လက်နက်ကြီး တွေနဲ့ သိတဲ့တိုင်းပဲ ရမ်းသမ်းပစ်တာတွေ တော်တော် များတဲ့အတွက် ကျနော်တို့ဘက်ကတော့ ပစ်လိုက်ဆုတ်လိုက် ပစ်လိုက်နားလိုက်ပေ့ါနော မနေ့ကတော့ CNA က နှစ် ယောက်ပေါ့နော အနောက်ဘက်ကနေ ပစ်ခံရတဲ့ပုံစံမျိုး အနောက်ဘက်ကနေ ဝိုက်လာတဲ့အခြေအနေမှာ ကြားတဲမှာ ပစ်ခံထိတာနဲ့တူတယ်’’ လို့သူကပြောပါတယ်။
မတ်လ ၂ ရက်နေ့တိ်ုက်ပွဲမှာ ကျဆုံးသွားတဲ့ CNA ရဲဘော် ၂ ဦးကတော့ ဆလိုင်းဇာနှင်း နဲ့ ဆလိုင်း ဗန်ဘွေဘိခ်တို့ဖြစ်ပါ တယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများနိုင်ပေမယ့် ဘယ်နှယောက်ဆုံးတယ်ဆိုတာ အတည်မြ ပုနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဖလမ်း-ဟားခါးကြား တလန်ဇာရ်ကျေးရွာအနီးမှာ CNDF တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေဖမ်းဆီးပြီး မျက်လုံးဖောက်ထုတ်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့လည်းသိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတ်လ ၂ ရက်နေ့တိုက်ပွဲဖြစ်ပွားမှုအပြီး ညနေပိုင်းမှာတော့ အိမ်ခြေ ၂၀ ဝန်းကျင်လောက်ရှိတဲ့ ဒုတ်ထစ်ကျေးရွာကို မီးရှို့ခဲ့ပြီး အနည်းဆုံး ၇ အိမ်လောက်လောင်ကျွမ်းပျက်စီးသွားတယ်လို့သိရပါတယ်။
“သူတို့ဘက်က အထိခိုက်များလို့ဖြစ်မယ် ဒုတ်ထစ်ရွာကိုလည်းမီးရှို့တယ်ဆိုတော့လေ သူတို့ကအထိခိုက်များရင် ထင်ရာ စိုင်းတတ်တဲ့ပုံစံရှိတော့လေ အထိနာလို့ရွာကိုလည်း မီးရှို့တာလို့သုံးသပ်ရတယ်’’ ဟု CNDF ပြောရေးဆိုခွင့်ရှိသူကပြောပါ တယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒုတ်ထစ်ကျေးရွာကနေ ဟားခါးမြို့ဘက်ကို ဆက်လက်ချီတက်လာကြပြီး တိုက်ပွဲဆက်လက်ပြင်းထန်နိုင်တယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလပထမပတ်လောက်ကစပြီး ချင်းပြည်နယ်ကို အနောရထာစစ်ဆင် ရေးအမည်တတ်ပြီး စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ်လူဦးရေရဲ ၂၀ ရာခိုင်နှုန်းလောက်ဟာလည်း စစ်ဘေးတိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။