လေးကေ့ကော် (၆) ရပ်ကွက်ကို စစ်တပ်က ထပ်မံဝင်ရောက် စစ်ဆေး၊ ဖမ်းဆီးခံရသူ ၅၀ ဝန်းကျင်ထိ ရှိနိုင်ဟု ဒေသခံများပြော

လေးကေ့ကော် (၆) ရပ်ကွက်ကို စစ်တပ်က ထပ်မံဝင်ရောက် စစ်ဆေး၊ ဖမ်းဆီးခံရသူ ၅၀ ဝန်းကျင်ထိ ရှိနိုင်ဟု ဒေသခံများပြော

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ် (၆) ရပ်ကွက် လမ်း (၄၀) ကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၈ နာရီကျော်မှ စတင်၍ စစ်ကောင်စီ  တပ်ဖွဲ့ဝင်များက ထပ်မံ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းရှိ သတင်းရင်းမြစ် နှစ်ဦးက မဇ္ဈိမကို ပြောသည်။

လေးကေ့ကော်မြို့သစ်ကို အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်သားများက ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှ စတင်၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မြောင်းမြ လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် လူ ၂၃ ဦးခန့် ဖမ်းဆီး ခံထားရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လေးကေ့ကော် မြို့သစ်ရှိ ရပ်ကွက် ခြောက်ရပ်ကွက်အနက် ရပ်ကွက် (၁) နှင့် (၃) ကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဝင်ရောက် စစ်ဆေးခဲ့ပြီး နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် (၆) ရပ်ကွက် လမ်း (၄၀) ကို ထပ်မံဝင်ရောက် စစ်ဆေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ညနေပိုင်းအထိ စစ်ဆေး ဖမ်းဆီးမှုများနှင့် ဆိုလျှင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ အယောက် ၅၀ ဝန်းကျင် အထိ ရှိနိုင်ကြောင်း လေးကေ့ကော်မြို့တွင် ရောက်ရှိနေသည့် သတင်းရင်းမြစ်က ပြောသည်။

" လမ်းမှာတွေ့တဲ့ သူတွေနဲ့ ဆိုင်ထိုင်နေသူတွေကိုရော ကားပေါ် ဆွဲတင်တာတွေ ထည့်တွက်ရင် နောက်ဆုံးရ သတင်းက အယောက် ၅၀ ကျော်ပြီ " ဟု ၎င်းက ပြောသည်။

သို့သော် အဆိုပါ နှစ်ရက်ပေါင်း အဖမ်းခံရသူများ အရေအတွက် အတိအကျကိုမူ မဇ္ဈိမ က အတည်မပြုနိုင်သေးပေ။

“ အခုက စစ်ကောင်စီ တပ်တွေ ရပ်ကွက် (၆) ထဲ ပြန်ဝင်နေတယ်။ နှစ်ဖက် စစ်ရေး အခြေအနေက ၅၀/၅၀ ပဲဗျ။ သူတို့က လာကတည်းက ရိက္ခာတွေနဲ့ လာတာ။ တစ်ပတ်နေမယ် ကြားတယ်” ဟု လည်း KNU နှင့် စစ်တပ်အကြား နှစ်ဖက် စစ်ရေး အခြေအနေကို သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ထို ရှာဖွေဖမ်းဆီးမှုများကို အာဏာသိမ်း စစ်ကောင်စီ ခမရ (၅၆၀) တပ်ရင်းက ပြုလုပ်နေခြင်း ဖြစ်ပြီး လက်ရှိတွင် လေးကေ့ကော်မြို့သစ် ဒေသခံ အနည်းငယ်ကလွဲ၍ အားလုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ယနေ့ နံနက်ပိုင်းအထိ သတင်းများအရ သိရသည်။

“အကြမ်းဖက် စစ်ကောင်စီက ဒီနေ့ကို အိမ်ပေါက်စေ့ ဝင်မွှေမယ်လို့ ကြားရတယ်” ဟု ဒေသတွင်း နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ယနေ့နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် လေးကေ့ကော် မြို့သစ်တွင်  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ လာရောက် ခိုလှုံနေသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ် ခမရ (၅၆၀) လှုပ်ရှားတပ်ရင်းက ရှာဖွေမှုများ လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခု အကြိမ်နှင့်ဆိုလျှင် လေးကေ့ကော်သို့ ဝင်ရောက် ရှာဖွေဖမ်းဆီးမှု ၈ ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း ဒေသတွင်းနေထိုင်သူများက ဆိုသည်။

လက်ရှိတွင် လေးကေ့ကော်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  တပ်ဖွဲ့ဝင်များက တန်ပြန် ဝိုင်းဝန်း ပိတ်ဆို့မှုများ လုပ်ဆောင်ထားပြီး နှစ်ဖက် ပစ်မိန့်ပေးထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည် မပြုနိုင်သေးပေ။

KNU ခေါင်းဆောင်များနှင့် ကရင်ဒုက္ခသည်များ အတွက် လေးကေ့ကော် မြို့သစ်ကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ နိပွန်ဖောင်းဒေးရှင်းက ကမကထ ပြုလုပ်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Most read this week

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...