KNPP ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

KNPP ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

ကရင်နီ- ထိုင်းနယ်စပ်ဒေသမှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေအတွင်း (၁၈)နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ၈ ထောင်ရှိတဲ့အနက် လူဦးရေ ၂၅၀ ကို တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို နိုဝင်ဘာလ ၈ ရက်နေ့မှာ စတင်ထိုးနှံပေးနေပြီလို့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်က ပြောပါတယ်။

“ကျောင်းဆရာ ဆရာမတွေ စခန်းကော်မတီတွေ ဆေးဝန်ထမ်းတွေပေါ့နော။ ပြီးတော့ အရောင်းအဝယ်လုပ်တဲ့ အသွားအလာများတဲ့သူကို ကျနော်တို့ ထိုးပေးမယ် အသက်ကတော့ ၁၈နှစ်အထက်ပေါ့။ ကျနော်တို့ အားလုံးတော့ ထိုးပေးဖို့အစီအစဉ်တော့ ဆွဲထားပြီးဖြစ်တယ်။ ပြင်လည်းပြင်ဆင်နေပြီဖြစ်တယ်။ ဆေးကို ဖြည်းဖြည်းချင်းပဲ ကျနော်တို့ဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့် ဖြည်းဖြည်းချင်း အားလုံးကိုတော့လုပ်ပေးမယ်။ ဒါပေမယ့် ဦးစားပေးအနေနဲ့ ၂၅၀ ကို အရင်ဆုံးစထိုးတာ ဖြစ်တယ်” လို့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်က ပြောပါတယ်။

တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်း(Sinopharm) ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးတာဖြစ်ပြီး ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ စစ်ရှောင်စခန်းကော်မတီမှ အုပ်ချုပ်သူတွေ၊ ခရီးသွားလာရသူ လူဦးရေ ၁၃၀ ကို ကနဦးထိုးနှံပြီးဖြစ်ကြောင်းနဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ လူဦးရေ ၁၂၀ ကို ထပ်မံထိုးနှံပေးသွားမယ်လို့ သူက ပြောပါတယ်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ကရင်နီကျန်းမာရေးဌာနမှ ဦးဆောင်ပြီး

တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ Covid-19 Task Force (CTF) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ရရှိတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကနဦးအနေနဲ့ ဦးစားပေးအဆင့်ရှိသူတွေကို စတင်ထိုးနှံပေးခဲ့တာဖြစ်ပြီး KNPP ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ (၁၈)နှစ်အထက် လူဦးရေ ၈ထောင်ကို ထပ်မံထိုးနှံပေးသွားမှာဖြစ်သလို ကာကွယ်ဆေးရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ခွန်းဖိလစ်က ပြောပါတယ်။

“ဆေးရရှိတဲ့အပေါ်မူတည်ပြီး အသုတ်လိုက် ကျနော်တို့ခွဲပြီးတော့ အားလုံးကိုတတ်နိုင်အောင် ကိုဗစ်ကာကွယ်ဆေးရအောင် ဆက်ပြီးကြိုးစားနေမယ်။ အခုလက်ရှိက ရှိတဲ့ဆေးပေါ် မူတည်ပြီးတော့ ဦးစားပေးတွေကို ခွဲပြီးတော့ ကျနော်တို့ထိုးပေးနေတယ်။ ဒါပေမယ့် ကရင်နီလူထုအားလုံးကိုလည်း ဒီဆေးအားလုံး ရရှိအောင် ဆက်ပြီးတော့ အလှူရှင်နဲ့ကော နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ကော ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ CTF အဖွဲ့အစည်းနဲ့ကော ကျနော်တို့ပူးပေါင်းပြီး ဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်လို့ လူထုကိုတော့ အသိပေးချင်ပါတယ်”လို့ ခွန်းဖိလစ်က ပြောပါတယ်။

ယခု ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးသူများမှာ ၄ ပတ်ကြာလျှင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမှာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ရရှိပေါ်မူတည်ပြီး ဆက်လက်ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...