မူဆယ်မြို့နယ်အတွင်း တရုတ်မှ နယ်ကျော်သံဆူးကြိုးခတ် ဒေသခံများ သွားဖျက်ဆီးခဲ့

မူဆယ်မြို့နယ်အတွင်း တရုတ်မှ နယ်ကျော်သံဆူးကြိုးခတ် ဒေသခံများ သွားဖျက်ဆီးခဲ့

မြန်မာ–တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စုတွင် တရုတ်ဘက်ခြမ်းမှ နယ်မြေကျုးကျော်ကာ သံဆူးကြိုးဖြင့် ခတ်ထားသည်ကို ဒေသခံများ ပြန်လည်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၄) ရက်က တရုတ်ဘက်ခြမ်းမှ သံဆူးကြိုးဖြင့် မြန်မာဘက်ခြမ်းသို့ ပေ (၅၀) ကျော်ပြီး လာခတ်သဖြင့် ဒေသခံများ ပြန်လည်ဖြုတ်ခဲ့ကြောင်း ပန်ခမ်းဒေသခံတစ်ဦးက ပြောသည်။

“သူတို့လာခတ်ထားတဲ့ သံဆူးကြိုးတွေကို သွားဖျက်ပြီး ယူလာတယ်။ အရင်က သူတို့ အုတ်တံတိုင်းနဲ့ ခတ်ထားတာရှိတယ်။ အဲ့ဒါကို သံဆူးကြိုးနဲ့ မြန်မာဘက်ခြမ်းကို ပေ (၅၀) လောက်ဝင်လာတယ်။ အဲ့ဒါကို ပြန်သွားဖျက်တာ” ဟု ပန်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောက်တိုဘာ (၂၅) ရက် မနက် (၉) နာရီခန့်က ပန်ခမ်းကျေးရွာ ဒေသခံ (၂၄၀) ဝန်းကျင်က သံဆူးကြိုးကို ပြန်လည်သွားဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“နယ်နိမိတ်မျဉ်းမှ တစ်ဖက်ကို ပေ (၃၀) ကွာရမယ်။ ဒါပေမဲ့ တရုတ်ဘက်က အဲ့စည်းမျဉ်းကို မလိုက်နာပဲ မြန်မာဘက်ခြမ်းကို ပေ (၅၀) ထပ်ဝင်လာပြီး သံဆူးကြိုးနဲ့ လာခတ်တယ်” ဟု ပန်ခမ်းကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သက်ဆိုင်ရာဌာနကို စာတင်ထားပေမယ့် လက်ရှိအချိန်ထိ အကြောင်းကြားလာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းယူပြီးနောက် တရုတ်နိုင်ငံမှ နယ်စပ်ဖြစ်သည့် ကျေးရွာဒေသများတွင် နယ်မြေကျူးကျော်လာပြီး ခြံစည်းရိုး ပိုမိုခတ်လာခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာ (၂၀) ရက် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်းကျေးရွာအတွင်း တရုတ်ဘက်ခြမ်းမှ နယ်မြေကျူးကျော်ပြီး ခြံစည်းရိုးခတ်မှုကို ဒေသခံတို့သဘောမတူပါက ဒေသခံ၏ ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်ဘက်မှ ဖိအားပေး ပြောဆိုလာခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ (၁၈) ရက်တွင်လည်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် တရုတ်ဘက်မှ နယ်မြေကျုးကျော်လာပြီး ခြံစည်းရိုးထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။

Most read this week

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...