ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်း တစ်ထောင်နီးပါး လုပ်ငန်းရပ်ဆိုင်းသွားကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
"အစာဈေး စက်ဆီဈေး အကုန်တက်တယ်။ ငါးရောင်းဖို့ကျတော့ ပြည်တွင်း/ပြည်ပ ဈေးကွက်ပျက် ငါးဈေးကျတယ်။ ကန်ငှားခတောင် မပေးနိုင်တော့လို့ တချို့ ကန်ပစ်ပြေးပြီးထွက်ပြေးသလို တချို့လည်း ရပ်လိုက်ရတယ်” ဟု ငါးမွေးမြူရေးလုပ်ကိုင်သူ ဦးမျိုးဝင်းက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်စည်ပို့ဆောင်ရေးအပိုင်း ခက်ခဲလာခဲ့ရာ ပြည်တွင်း/ပြည်ပငါးဈေး ကွက်ပျက်သွားသည့်အတွက် အရှုံးပေါ်လာခဲ့ပြီး ၈ လအကြာတွင် လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်ဟု ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ထို့အပြင် လုပ်ငန်း ရှေ့ဆက်လုပ်ကိုင်ရန်အတွက် ဘဏ်မှငွေထုတ်ယူရန်လည်း အတော်ခက်ခဲလေးခက်ခဲလာသည်ဟု ဆိုကြသည်။
လက်ရှိတွင် ငါးမွေးမြူရေးသုံးပစ္စည်းများ၊ ငါးစာများ ကုန်စျေးနှုန်းတက်လည်သော်လည်း ပြည်တွင်းပြည်ပ ငါးစျေးကွက်မှာ ပျက်ဆီးနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ထပ်မံရင်းနှီးမြုပ်နှံရေး အခက်အခဲများ ရှိလာသည့်အတွက် ငါးမွေးမြူရေးလုပ်ငန်းကို လက်လွှတ်လိုက်ကြခြင်းဖြစ်သည်ဟု ဆိုကြသည်။
ငါးစာ ပဲဖတ် နှမ်းဖတ် ဈေးနှုန်းများသာမက ဒေသတွင်း၌ အလွယ်တကူရရှိပြီး ဈေးသက်သာသည့် ဖွဲနုဈေးနှုန်းသည်ပင် ၁၆ ပိသာဝင်တစ်အိတ်လျှင် ကျပ် ၂၀၀၀ ဈေးတက်သွားခဲ့သည်ဟု ဦးမျိုးဝင်းက ပြောသည်။
သို့သော် ငါးဈေးမှာ တစ်ပိဿာနှင့်အထက် အရွယ်ဆိုဒ် ငါးတစ်ပိသာလျှင် ကျပ် ၄၀၀၀ ရှိရာမှ ယခုခါ ထက်ဝက်ခန့် ဈေးကျသွားသည့်အပြင် လမ်းခရီးပိတ်ဆို့မှုများကြောင့်လည်း ကုန်ပစ္စည်းပို့ဆောင်ရာတွင် ပျက်ဆီးဆုံးရှုံးမှုများရှိနေသည်ဟု ငါးမွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။
ဧရာဝတီတိုင်း ငါးလုပ်ငန်းရှင်များအသင်း၏ အမှုဆောင်တစ်ဦးက "လုပ်ငန်းတွေ ရပ်သွားတော့ ဒီလုပ်ငန်းကို မှီခိုရတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်။ စားဝတ်နေရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတစ်ဦးခြင်းရဲ့ ဘဝလုံခြုံရေးပါ ထိခိုက်လာတယ်" ဟု ပြောသည်။
ငါးကန် တစ်ဧကလျှင် ငါးပိဿာချိန် ၂၀၀၀ အထိ မွေးမြူထုတ်လုပ်ကြပြီး အနိမ့်ဆုံး ငါးမွေးသူလုပ်ငန်းရှင်တစ်ဦးလျှင် ဧက ၂၀ အနည်းဆုံးရှိရာ ငါးကန်လုပ်သား ၃ ဦး ရှိကြောင်း၊ ယခုနှစ် ငါးဈေးကျသဖြင့် ငါးတစ်ပိဿာကို ကျပ် ၄၀၀ ခန့် အရှုံးပေါ်နေသည်ဟု ငါးမွေးသူများက ပြောသည်။
ငါးမွေးမြူရေးလုပ်ငန်းရှင်များ လုပ်ငန်းများရပ်ဆိုင်းသွားရသည့်အတွက် ငါးကန်လုပ်သားအချို့လည်း အလုပ်လက်မဲ့ဖြစ်ကုန်သည်ဟု ဆိုသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိပြီး မြို့နယ်အများစုတွင် ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးမုတ်၊ ငါးကြင်းနှင့် ငါးဒန်တို့ကို မွေးမြူထုတ်လုပ်ကြသည်။
ကျေးရွာ ၈၈ အုပ်စုရှိသည့် မအူပင်မြို့နယ်တွင် ငါးမွေးမြူသည့် ကန်ဧက ၂၀၀၀၀ ကျော်ရှိကာ ၁၀ ဧက ရှိ ငါးကန်တစ်ကန်လျှင် ကန်လုပ်သား ၂ ဦး ထားရှိရကြောင်း ဧရာဝတီတိုင်း ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။