ရခိုင်နှင့်မကွေးကြား စစ်ဆေးမှုတင်းကြပ်

ရခိုင်နှင့်မကွေးကြား စစ်ဆေးမှုတင်းကြပ်

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအကြားတွင် စစ်ဆေးမှုများ တင်းကြပ်လျှက်ရှိပြီး ကုန်စည်တင်ပို့ရာတွင်လည်း ခြောက်ဘီးကားများသာ သွားလာခွင့်ရ၍ ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီးယာဉ်များ သွားလာခွင့်မရရှိဟု ယာဉ်မောင်းများက ပြောသည်။

ရခိုင်ပြည်နယ်သို့ မကွေးတိုင်းဒေသကြီးမှ ကူးသန်းသွားလာရာတွင် မှတ်ပုံတင်မူရင်း၊ ကျေးရွာ၊ ရပ်ကွက်များက ထောက်ခံစာ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြည့်စုံမှသာ သွားလာခွင့်ရသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

အမ်းမြို့က အသက် (၄၅) ခန့်ရှိ ခရီးသည်တစ်ဦးက "အထောက်အထားပြည့်စုံတဲ့ကုန်ကားတွေက မိုးကာလှန်ပြရတယ်။ လူစီးကားတွေကတော့ ခရီးသည်တစ်ဦးချင်း စစ်ဆေးပြီး ပါတဲ့ခရီးဆောင်အိပ်တွေပါ စစ်ဆေးကြတယ်" ဟု ပြောသည်။

မကွေး ဧရာဝတီအရှေ့၊ အနောက်ထိပ်တို့တွင် စစ်ဆေးခြင်း၊ ငဖဲမြို့နယ် ဂုတ်ကြီးဘက်သို့ စတင်တက်မည်နေရာတွင် စစ်ဆေးခြင်း၊ ရခိုင်ပြည်နယ် ကန်မြင့်ကန်စခန်းနှင့် အမ်းမြို့အဝင်တို့တွင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မူးယစ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး စသည်အဖွဲ့များက စစ်ဆေးနေမှုများ ပြုလုပ်နေသည်ဟု ခရီးသည်များနှင့် ယာဉ်မောင်းများက ပြောသည်။

ယခင်က မကွေးမှ ရခိုင်ပြည်နယ် အမ်းမြို့အထိ မိုးမရွာ၊ တောင်မပြိုလျှင် ခြောက်နာရီခွဲခန့်သာမောင်းရပြီး ယခု စစ်ဆေးရေးဂိတ်များလာပြီး တင်ကြပ်နေသဖြင့် နံနက်ပိုင်းတွင် ကားစထွက်ရာ ညနေမှသာ ရောက်သည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်သို့ မကွေးတိုင်းအတွင်းမှ ကြက်သွန်နီ၊ ငရုပ်သီးစိမ်းနှင့် စားသောက်ကုန်များကို ပို့ပေးရပြီး ရခိုင်ပြည်နယ်မှ ဆန်၊ ဖွဲနု၊ ပင်လယ်စာနှင့် ငါးခြောက်များ ပြန်တင်၍ မန္တလေးတိုင်းဒေသကြီးအထိ တင်ပို့ရသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

အသက် ၃၀ ကျော် ကုန်တင်ကားမောင်းသူတစ်ဦးက "ဒီလို မိုးတွင်းကာလမှာ ခြောက်ဘီးကားတွေဘဲ တက်ခွင့်ရသေးတယ်။ ဆယ်ဘီး ဆယ်နှစ်ဘီးကားတွေက ပွင့်လင်းရာသီရောက်မှ တက်ခွင့်ရတာ။ အခုကာလမှာ အစစ်အဆေးကလည်း အရမ်းတင်းကြပ်တယ်။ စားသုံးဆီ များများသယ်ခွင့်တို့ ဟင်းချို့မှုန့်တို့ သယ်လို့မရဘူး။ အပြန်ကုန်မရလို့ ခါလီပြန်ရတွေလည်းရှိတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့အဝင် ကြိုးတံတားကို ဖြတ်သန်းရန် ကုန်အလေးချိန် သတ်မှတ်ချက်ရှိသဖြင့် ကုန်စည်များကို ထော်လာဂျီများ၊ ကားအငယ်များဖြင့် တစ်စီးမှတစ်စီး တဆင့်ကဲ့၍သယ်ရခြင်း၊ ကုန်တင်ကုန်ချလုပ်သား အခက်အခဲဖြစ်ခြင်းတို့ကြောင့် သုံးရက်အထိကြာပြီး မိုးရွာသွန်းမှုများ၍ တောင်ကမ်းပါးယံများ ပြိုကျမှုများဖြစ်နေပါက ရက်ပို၍ရှည်ကြာသည်ဟု ဆိုကြသည်။

လမ်းပန်းဆက်သွယ်ရေးအနေဖြင့်လည်း မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်အထိ လမ်းကောင်းမွန်သော်လည်း ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်သည့် လမ်းမကြီးက ကျဉ်းမြှောင်းခြင်း လမ်းပိုင်းများ ပျက်စီးနေခြင်းကြောင့် ခရီးလမ်း ပိုမိုကြန့်ကြာမှုများရှိနေသည်ဟု ယာဉ်မောင်းများက ပြောသည်။

ထိုသို့ စစ်ဆေးမှုများ တင်းကြပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်နေသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။

အထူးသဖြင့် မိုးရွာသွန်းမှုများသည့်အခါ တောင်ကမ်းပါးယံများ ပြိုကျမှုများဖြစ်သဖြင့် ဆီသယ်ဘောက်ဆာယာဉ်အချို့ လမ်းချော်ပြုတ်ကျခြင်း၊ ခရီးသည်ယာဉ်အချို့ တောင်ကမ်းပါးယံများကို ဝင်တိုက်ပျက်စီးခြင်းများရှိနေသည်ဟု ယာဉ်မောင်းများက ဆိုသည်။

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...