ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စည်ပင်သာယာရေးဌာန ဝန်ထမ်းတွေက ပြည်သူလူထုကို အခွန်အခတွေ ကောက်ခံနေတာတွေရှိတဲ့အတွက် ဒီကနေ့ (အောက်တိုဘာ ၁၅ ရက်) နေ့လည် (၁၁) နာရီအချိန် စည်ပင်ရုံးနားမှာ သတိပေးဖောက်ခွဲမှု ပြုလုပ်ခဲ့တယ်လို့ KNDF-B.02 က ထုတ်ပြန်ခဲ့ပါတယ်။
"ကျနော်တို့ စစ်အာဏာရှင်တော်လှန်နေတဲ့အချိန်မှာ ယန္တာရားမှန်သမျှ မလည်ပတ်ဖို့လိုတာပေါ့နော။ နောက်တော့ ပြည်သူတွေအပေါ်မှာ အခုဆိုရင် စစ်အာဏာရှင်ကို အားပေးပြီးတော့ သူတို့က အခွန်တွေ ပြန်ကောက်နေလို့ပါ။" လို့ KNDF-B 02 မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
သတိပေးဖောက်ခွဲမှုမှာ ထိခိုက်တာတွေ မရှိဘူးလို့ သိရပါတယ်။ မည်သည့်ဌာနမဆို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ယန္တာရား လည်ပတ်တာတွေ၊ အခွန်ကောက်ခံတာတွေ ဆက်လက် ပြုလုပ်မယ်ဆိုရင် ပိုမို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
"အစိုးရနဲ့ ပတ်သက်တဲ့ ယန္တာရားတွေ ပြည်သူကို အခွန်ကောက်မယ်ဆိုရင်တော့ ဘယ်ရုံးမဆို ကျနော်တို့ လုပ်ဖို့အဆင်သင့်ပါပဲ။" လို့ သူက ဆက်ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာတွေ၊ စစ်ကောင်စီကို ထောက်ခံပြီး ပြည်သူတွေအပေါ် အတင်းအကြပ်အခွန်ကောက်ခံနေတဲ့ ရုံးနဲ့ဌာနတွေကို ပစ်မှတ်ထားတိုက်ခိုက် မယ်ဆိုတဲ့ အသိပေးစာကို ဇူလိုင် (၁၃) ရက်မှာ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းလည်း သတိပေးစာထဲမှာ ပါရှိပါတယ်။