၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကာလ အင်းစိန်ထောင်တွင်း အခြေအနေကား ရာသီဥတု အလွန်ကောင်းသည်ဟု အနေကြာသည့် အကျဉ်းသားများက မှတ်ချက်ပေးကြ၏။ ယခင်က အချင်းချင်း စကားမပြောရ။ တခန်းနှင့် ဆက်သွယ်ခြင်း မပြုရ။ တပါးသူအခန်းကို ဝင်ထွက်ခြင်း မပြုရ။ စားစရာ သောက်စရာ ပေးကမ်း ခြင်း မပြုရ။ ရေချိုးဆင်းချိန် ၁၅ မိနစ်။ နာရီဝက်သာရခဲ့သည်။ ထို မဆိုစလောက် အချိန်တိုကလေးအတွင်း အဝတ်လျှော် ရေချိုး ဆေးကြောသန့်စင်ခြင်းများကို အပြီးလုပ်ရသည်။
သို့သော် ယခုကား ထိုသို့တင်းကျပ်လွန်းသော စည်းကမ်းဥပဒေများကို အကျဉ်းသားများက လိုက်နာခြင်း လုံးဝမပြုကြဘဲ အချင်းချင်း စကားပြောကြ၏။ တစ်ခန်းနှင့်တစ်ခန်း ဆက်သွယ်ကြ၏။ တစ်ခန်းဝင် တစ်ခန်း ထွက်သွားလာကြ၏။ စားစရာ သောက်စရာများကို ကိုယ်တိုင် ပေးကမ်းဝေမျှ စားသောက်ကြ၏။ ရေချိုးဆင်းချိန်မှာလည်း တစ်နာရီစီ ရလာသည်။
ထို့ကြောင့် လေးရှည်ထဲတွင် အခန်း ၁၈ ခန်း ရှိရာ တစ်ချိန်ဆင်းလျှင် ခြောက်ခန်းနှုန်းဖြင့် သုံးသုတ် ဆင်းခွင့်ရသည်။ အခန်းများကိုတော့ ထောင်မှူးရုံးမှ သင့်သလို ရွေးကာ ဖွင့်ပေးခြင်း ဖြစ်၏။ ထို့ကြောင့် မနက် သုံးနာရီ နေ့လည်မှ ည နေထိ သုံးနာရီ စုစုပေါင်း ခြောက်နာရီ အခန်းအပြင်ဘက်တွင် တစ်ယောက်မဟုတ် တစ်ယောက် သံတိုင်အပြင်ဘက် တွင် ရှိနေတတ်ကြရာ ကိုယ်နှင့် ရင်းနှီးရာ ခင်မင်ရာ သွားလာ လည်ပတ်ပြီး စကားပြောခြင်း စစ်တုရင်ထိုးခြင်း ဆွေး နွေးခြင်း တစ်ယောက် တတ်ကျွမ်းသည့် ပညာကို အခြား တစ်ယောက်အား သင်ပေးခြင်း စသဖြင့် မိမိတို့၏ လှောင် ပိတ် ကျဉ်းကျပ်နေသည့် စိတ်များကို သက်သာအောင် ပြုလုပ်ကြလေသည်။
စိုးသီဟသည် အချိန်ရတိုင်း အခန်း ၈ မှ ကျောင်းဆရာ ဌေးဝင်း ဆီသို့ သွားလည်ကာ စကားပြောလေ့ ရှိ၏။ ဆရာ ဌေးဝင်းကား အသား ဖြူစပ်စပ် အရပ်က ခပ်ပုပု ခန္ဓာကိုယ်က ပိန်ပိန်ပါးပါး ဖြစ်သည်။ သူ့ကို ထင်ထင် ရှားရှား မှတ်မိနိုင်စေသည့် သင်္ကေတမှာ ပုလင်းဖင် ပမာဏ ထူသည့် ပါဝါဒီဂရီ မျက်မှန် ဖြစ်သည်။
နောက်တစ်ခုကတော့ နှစ်ပေါင်းများစွာ စားလာသည့် ကွမ်းကြောင့် နီကျင့်ကျင့် အရောင်ထွက်နေသည့် သွားများ ဖြစ်၏။ သို့သော် ယခု ထောင်ကျချိန်၌ကား သူ့ခမျာ ကွမ်းငတ်သွားသဖြင့် လတ်ဆတ်သည့် ကွမ်းချေးများကိုတော့ သူ့သွားများတွင် မတွေ့ရတော့ချေ။ စိုးသီဟ အပြင်ထွက်လာချိန်ဖြစ်သောကြောင့် သူသည် ဆရာဌေးဝင်း၏ အခန်းရှေ့ကို ရောက်လာသည်။
”ဟေ့ သူငယ်ချင်း.. ဘာတွေ လုပ်နေတုန်း”
”အလုပ်ရယ်လို့တော့ ဘာရှိပါ့မလဲ သူငယ်ချင်း။ ဒီလိုပဲ အကျဉ်းသားများရဲ့ သဘာဝအတိုင်း အားနေရင် အတိတ်ကို သတိရလိုက် အနာဂတ်ကို တွေးတောလိုက်ပေါ့ကွာ”
”ဆိုစမ်းပါဦး.. ငါ့လူက ဘယ်လို အနာဂတ်တွေကို တွေးနေတာလဲ။ ထောင်ကလွတ်လို့ ဒီမိုကရေစီရရင် တက္ကသိုလ်မှာ ပြန်ပြီး ပါမောက္ခ လုပ်ဖို့များ စိတ်ကူးယဉ်နေလား”
”လက်တွေ့ မဆန်တဲ့ စိတ်ကူးကို ငါ မတွေးပါဘူး သူငယ်ချင်းရာ”
”စကားလုံးတွေတော့ ခိုက်သွားပြီ။ မိုက်တယ် ဘယ်လို လက်တွေ့ဆန်တာတွေလဲ.. လင်းစမ်းပါဦး”
”အေး လေ။ ငါ့စိတ်ထဲ ရှိတာ ပြောရတာပေါ့။ ငါတတ်တာက စာသင်တဲ့အလုပ်။ ဒါပေမဲ့ ငါထောင်က လွတ်မဲ့ နောင် ခုနစ်နှစ်ဆိုရင် အခြေအနေက အမျိုးမျိုး ပြောင်းနေလောက်ပြီ။ စာပြန်သင်ဖို့ ဆရာ ပြန်လုပ်ဖို့ ဆိုတာ ဖြစ်ချင်မှ ဖြစ်နိုင်တော့မှာ။ ဒါကြောင့် ငါ စာရေးမယ် စိတ်ကူးနေတယ်”
”သိပ် ကောင်းတာပေါ့ သူငယ်ချင်း။ သူငယ်ချင်းက မြန်မာစာသမားဆိုတော့ စာရေးတာ သိပ်ကောင်းတာပေါ့။ ဒါနဲ့ ဘာတွေကို ရေးမယ် စိတ်ကူးလဲ။ အချစ် ဝတ္ထုလား။ ဘာသာပြန် စာရေးဆရာလား”
”အဲဒါတွေတော့ ရေးဖြစ်ဖို့ နည်းပါတယ်။ ကိုယ် မရေးတတ်တာလည်း ပါတယ်။ ဘာသာပြန်ဆိုတာကလည်း စာတတ်ရုံနဲ့ ရတဲ့ အရာမဟုတ်ဘူးကွ။ အချစ်ဝတ္ထု ဆိုတာကို ရေးဖို့ကျတော့လည်း ခေတ်လူငယ်တွေရဲ့ ဓလေ့ စရိုက် အပြုအမူ သဘောသဘာဝ စတာတွေကို ခြေခြေမြစ်မြစ် ပိုင်ပိုင်နိုင်နိုင် သိမှ။ သီကုံး ဖွဲ့ နွဲ့ နိုင်မှာ”
”ဒါဖြင့် မောင်ရင် ဒါတွေ မရေးရင် ဘာတွေကို ရေးမလဲ”
”ငါနဲ့ ထိစပ်ခဲ့တဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အကြောင်းကို ရေးမယ်လို့ စိတ်ကူးထားတယ်”
”မင်းဟာက သက်မွေးဝမ်းကြောင်း ထမင်းစားရတဲ့ အလုပ်ဖြစ်ပါ့မလား သူငယ်ချင်း”
”ဟုတ်တယ်။ ပိုက်ဆံတော့ရမယ် မထင်ဘူး။ ဒါပေမဲ့ မင်းတို့ ငါတို့တွေက ဘာတွေလဲ။ ခုလည်း ပိုက်ဆံမရတဲ့ အပြင် ထောင်ကျတန်းကျ ဘဝတွေကို စတေးကြရတဲ့ အလုပ်တွေကို လက်တွေ့ လုပ်နေကြပြီပဲ။ ငါတို့နိုင်ငံမှာက သူရဲကောင်း ဝါဒ သိပ်ခေတ်စားတယ်လေ။ နာမည်ကြီး ထင်ရှားသူတွေ အကြောင်းဆို ရေးချင်တဲ့သူတွေ အများကြီး။ အားပေးသူ တွေကလည်း အုတ်အော်သောင်းနင်း။ ဒါပေမယ့် နိုင်ငံတစ်ခုရဲ့ သမိုင်းကို ရေးခြစ် ထုဆစ်ရာမှာ အဲဒီ နာမည်ကြီး ခေါင်းဆောင်တွေရဲ့ နောက်မှာ သူလို ကိုယ်လို သာမန်လူတွေ ပေးဆပ်ခဲ့ကြတာ ဒုနဲ့ ဒေးလေကွာ”
”အမှန်ပဲ . . သူငယ်ချင်း .. အဲဒီတော့ မင်းက ဒါတွေ ရေးမလို့လား”
”အေး.. အဲဒီလို စိတ်ကူးနေတယ်”
“ဒါဖြင့် ငါ့သူငယ်ချင်း ဘယ်လောက် စာရေးကောင်းလဲ သိရအောင် ခု မင်း သိထားတဲ့ သူတယောက်ယောက် အကြောင်း ငါ့ကို ပြောပြပါလား” ဟု စိုးသီဟက ယင်းသို့ တောင်းဆိုလေရာ ဆရာဌေးဝင်းသည် ဘာပြောရရင်ကောင်းမလဲဟု ခေတ္တ ငြိမ်သက်ကာ စဉ်းစားနေလေ၏။ ထို့နောက်
”အေး .. ငါ လောလောဆယ် ဦးဏှောက်ထဲမှာ လိုက်မှတ်နေတဲ့ တစ်ယောက် အကြောင်း ရှိတယ် သူငယ်ချင်း။ သူက ငါ ခင်မင် လေးစားတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။ သူ အခု နှစ်ရှည်မှာ ရှိတယ်။ ငါ ဆေးခန်းပြထွက်တိုင်း ဆုံတတ် တယ်။ ဒီလို ခင်မင်ရာက သူ့အကြောင်းတွေကို သိခွင့်ရတာရှိသလို ငါတို့ တိုက်ထဲက အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ကျောင်းသားတွေက ပြောပြတဲ့ သူ့အကြောင်းတွေကို ပေါင်းစပ် မှတ်ထားတာတွေကို မင်းကို ပြောပြမယ်”
”အိုကေ ကောင်းတယ် သူငယ်ချင်း” ဟု ပြောနေစဉ် ဝါဒါ ရောက်လာပြီး စိုးသီဟကို အချိန်စေ့တော့မည်ဟု ပြောသဖြင့်
“ကဲ သူငယ်ချင်း ငါ ပြန်ရတော့မယ်”
”အေး.. ငါ့စိတ်ကူးတွေကို အချိန်ရရင် ရသလို မင်းကို ဖြည်းဖြည်း ပြောပြသွားမယ်လေ”
သို့ဖြင့် ဆရာဌေးဝင်းတစ်ယောက် သူမှတ်သားထားသည့် ဦးစောနိုင်းနိုင်း အကြောင်းကို စိုးသီဟနှင့် တွေ့သည့်အခါအတိုင်း နည်းနည်းချင်းစီ ပြောပြဖြစ်ခဲ့လေသည်။
ဦးစောနိုင်းနိုင်းကား ကရင်လူမျိုး မွန်ပြည်နယ် ကျိုက်ထိုဇာတိ ဖြစ်၏။ သူသည် မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ကျောင်းသား လှုပ်ရှားမှုတစ်ခု ဖြစ်သော ဆဲဗင်း ဂျူလိုင် အရေးအခင်း ဖြစ်ပွားသည့်ကာလက ရန်ကုန် တက္ကသိုလ်၌ ပထမနှစ် ကျောင်းသားဖြစ်သည်။ အမရာဆောင်တွင် နေသော အဆောင် ကျောင်းသား ဖြစ်၏။ သူကြုံတွေ့ခဲ့ရသည့် ကိုယ်တွေ့ ဆဲဗင်း ဂျူလိုင်ကို ယခုလို ပြန်ပြောပြခဲ့သည်။
”ဦးတို့ ကျောင်းတက်နေတုန်း ၁၉၆၂ ခုနှစ် မတ်လမှာ ဗိုလ်ချုပ် နေဝင်း စစ်အုပ်စုက အာဏာသိမ်းတယ်။ နေဝင်းက အာဏာသိမ်းပြီးတဲ့ မတ်လနောက်ပိုင်းမှာ ကျောင်းသားတွေကို နေဝင်းက စစ်တန်းလျားက ကောင်တွေလို ထားချင် တာ..ကွ ကိုဌေးဝင်း..ရ။ ကျောင်းသားတွေကို ခြောက်နာရီကျော်လျှင် အပြင်ထွက်ခွင့်မပေးတော့ဘူး။ တက္ကသိုလ် ကျောင်းသားဆိုတာ ကိုယ့်အဆောင် ကိုယ်ကြိုက်တဲ့အချိန် ဝင်ထွက်သွားခွင့် ရှိရမှာပေါ့။ ဒါကို ကျောင်းသားတွေက မကျေနပ်ကြဘူး။ ဒါပေမဲ့ ဒီကောင်တွေက ကျောင်းသားသမဂ္ဂအမှုဆောင်တွေကိုတော့ အရေးယူတာတွေ ဘာတွေ မလုပ်သေးဘူး။ ဒါပေမဲ့ ကျောင်းသားတွေက ဒီတင်းကျပ်တဲ့ စည်းကမ်းသစ်တွေကို မကျေနပ်ကြလို့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ညပိုင်းမှာ အဆောင်ကျောင်းသားများဟာ ကျောင်းသားရေးရာမှူး ဦးယုခင်၏ အိမ်ကို သွားဝိုင်းပြီး ဆန္ဒပြကြ အော်ကြ ဟစ်ကြတယ်”
ဦးယုခင်၏ အိမ်မှာ အင်းဝဆောင်နှင့် အင်းလျားဆောင် ကြားထဲတွင် ရှိသည်။ ကျောင်းသားများက ”ဆရာ ဒီလို မတရားချုပ်ချယ်တဲ့ စည်းကမ်းတွေကို ကျွန်တော်တို့ မကြိုက်ဘူး။ ပြန် ရုပ်သိမ်းပေးပါ” ဟု ပြောကြရာ ဦးယာခင်က ”ဒါ ငါလုပ်တာ မဟုတ်ဘူး။ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး .. ငါ့လာမပြောနဲ့။ မင်းတို့ ကျောင်းအုပ်ကြီးကို သွားပြောကြ” ဟု ဆိုသည်။
ယင်းနောက် နောက်တစ်ရက်ဖြစ်သော ဇူလိုင်လ ၇ ရက် စနေနေ့ရောက်တော့ အစိုးရ အာဏာပိုင်များက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များကို ဖမ်းဆီးဖို့ ခြေလှမ်းပြင်လာသည်။ ဒါကို ကျောင်းသားများက သိသွားကြ သည့်အခါ ကျောင်းအုပ်ကြီး ဦးကာအိမ်သို့ သွားကြသည်။ အိမ်မှာ ကျောင်းနှင့် တစ်လမ်းခြားတွင်ရှိသည်။ ဦးကာ အိမ်ကို ဝိုင်းကာ အော်ဟစ် တောင်းဆိုကြသည်။ ဦးကာထံမှ ကျေနပ်လောက်နိုင်သည့် အဖြေကို မရသည့်အခါ ဒေါသ ထွက်နေသည့် ကျောင်းသားများက ဦးကာ၏ ဗောက်စ် ဝက်ဂွန်းကားကို မီးရှို့ ခဲ့ကြ၏။
ထို့နောက် ကျောင်းသားများက အဓိပတိလမ်းမကြီး ဝင်ပေါက် ဂိတ်တံခါးမကြီးကို ပိတ်ချလိုက်ကြ၏။ နေ့လည်ပိုင်း လောက်။ မိန်းဂိတ်ရှေ့ တက္ကသိုလ်ရိပ်သာလမ်း၏ တစ်ဘက်ခြမ်းတွင် ရဲများက နေရာယူထားကြသည်။ ထိုနေရာမှ မျက်ရည်ယို ဗုံးများဖြင့် လှမ်းပစ်၏။ မန္တလေးဆောင်ရှေ့ရှိ သစ်ပင်ကို လာရောက် ထိမှန်၏။ ရဲများ ပစ်ခတ်လိုက်သော ကျည်ထိမှန်သောကြောင့် သစ်ပင်ကို ထိမှန်ရာမှ စင်ထွက်လာသည့် အပိုင်းအစက ကိုစောနိုင်းနိုင်း၏ ဘယ်ဘက်လက် လက်ကောက်ဝတ်ကို ထိမှန်ခဲ့သည်။
ကျောင်းသားများက ကျောင်းထဲမှာ ဆန္ဒပြနေကြသည်။ အချိန် အတန်ကြာသည့်အခါ ရဲများ ရုပ်သိမ်းသွား၏။ ထို့ နောက် စစ်တပ် ရောက်လာသည်။ တစ်ညနေလုံး ဆန္ဒပြကြသည်။ စစ်သားများကလည်း အပြင်မှ ဝိုင်းထားကြသည်။ ဂျီ သရီး သေနပ်ဆိုတာ စစ်တပ်က အဲဒီမှာ အသုံးပြုသည်။ အရင်က ရိုင်ဖယ်ကို သုံးသည်။ ကျောင်း ပတ်ပတ်လည် ဝိုင်းထားသည်။
ကျောင်းသားများက မန္တလေးဆောင် ဆင်ဝင်အောက်နှင့် အမရဆောင် ဆင်ဝင်အောက်တို့တွင် ရှိနေကြသည်။ ညနေ ငါးနာရီလောက်မှာ မိုးက တဖွဲဖွဲ ရွာချလာသည်။ ထို့ကြောင့် ကျောင်းသားများ ပါးသွားသည်။ အဓိပတိလမ်းမနှင့် မန္တလေးဆောင် ရှေ့တွင် လူရှင်းသွားသည်။ ကျန်သည့် ကျောင်းသားများကတော့ အော်ဟစ်နေကြဆဲ။ သူကကတော့ သူနေထိုင်သည့် အမရာဆောင် ဆင်ဝင် အောက်မှာ ရှိသည်။ အမရာဆောင်သည် တက္ကသိုလ် ရိပ်သာလမ်းဘက်သို့ မျက်နှာမူထားသည့် အဆောင် ဖြစ်ပြီး မန္တလေးဆောင်မှာ အဓိပတိလမ်းကို မျက်နှာမူထားသည်။ ကျောင်းသားသမဂ္ဂ အဆောက်အဦနှင့်လည်း မျက်စောင်းထိုးလာက်တွင် တည်ရှိလေ၏။
ဟိုတုန်းက ကျောင်းရှေ့မှာအဝိုင်း ရှိသည်။ ညနေ ခြောက်နာရီလောက်တွင် စစ်ကားတစ်စီး ဝင်လာသည်။ အဝိုင်းနားတွင် ရပ်ပြီး ယူနီဖောင်း ဝတ်ထားသည့် စစ်ဗိုလ်တစ်ယောက် ကားပေါ်မှ ဆင်းကာ အမိန့်စာရွက် တစ်ရွက်ကို ထုတ် ဖတ်သည်။ ဖတ်ပြီး တအောင့်လောက် ကြာသည်နှင့် အဓိပတိလမ်းတွင် ဆန္ဒပြနေကြသည့် ကျောင်းသားအုပ်ရှိရာသို့ စစ်သားများက စတင် ပစ်ခတ်လေတော့၏။ ကျောင်းထဲမှ ဘာလက်နက်မှ မပါရှိသည့် ကျောင်းသားများကို ပစ်ခတ် သည်။ မိုးတွင်းဖြစ်သဖြင့် နေ့တာရှည်သောကြောင့် မမှောင်သေး။ မန္တလေးဆောင်ရှေ့မှ ကျောင်းသားများကို ကျည် ထိမှန်ပြီး သေသူ သေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြသည်။
ထို့နောက် သူနှင့် သူငယ်ချင်းများက အတွင်းလမ်းမှ ပတ်ကာ လိုက်ကြည့်ကြသည်။ မန္တလေးဆောင် အမရာဆောင် ရာမညဆောင် တောင်ငူဆောင် ဆိုသည့် အဆောင် လေးဆောင်၏ နောက်ဖက်တွင် ဆက်သွယ်သွားလာနိုင်သည့် စင်္ကြန်လမ်း ပြုလုပ်ထားသည်။ ယင်းမှ သွားလာနိုင်သည်။
”မန္တလေးဆောင်နဲ့ အမရာဆောင်ကြားတွင် ကျည်သင့်ကာ သေဆုံးနေသည့် ကျောင်းသား နှစ်ယောက်ကို ဦးကိုယ်တိုင် မျက်စိနဲ့ တွေ့ခဲ့ရတယ်ကွ။ အဓိပတိလမ်းက ဘွဲ့နှင်းသဘင်ထိ ရှည်လျားတဲ့ လမ်းဆိုတော့ ဘယ်လောက်ထိ သေကြ ထိကြမလဲ မသိဘူး။ စစ်သားတွေက အဓိပတိ ထိပ် မိန်းဂိတ်ကနေ သေနတ်နဲ့ ပစ်တာလေ” ဟု သူက ကျောင်းဆရာ ဌေးဝင်းကို ပြန်ပြောင်းပြောပြသည်။
ထို့နောက် စစ်သားများက ကျောင်းကို သိမ်းပိုက် လိုက်ကြသည်။ ထိုနေ့ ညနေစာကို အမရဆောင်မှာ ဝက်သားဟင်း နှင့် ကျွေးသည်။ သို့သော် သူလုံးဝ စားမရတော့။ ကျောင်းသားများကား မကျေမနပ်ဖြစ်ကာ စုပြီး ဝိုင်းအုံကာ ပြောဆို နေခဲ့ကြသည်။ ညဉ့်နက်သည့်အခါမှ ကိုယ့်အခန်းကို ကိုယ်ဝင်သွား ကြလေ၏။
ဇူလိုင်လ ရှစ်ရက်နေ့ မနက်အစောကြီးအချိန်၌ ဂျိန်းဟူသော အသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ထို့ကြောင့် သူလန့်ပြီးနိုးလာသည်။ သူက အမရဆောင် တတိယထပ်မှာ နေရသည်။ အခန်းဖော် သူငယ်ချင်း တစ်ယောက်နှင့်အတူ နေရ၏။ သူ့သူငယ်ချင်းဘက်ခြမ်းက မျက်နှာကျက်ကြီး ပြိုကျသွား၏။ ဒီအချိန်မှာ ကျောင်းသားများက ဆူညံစွာ ပေါ်ထွက်လာ၏။
”ဟေ့.. ယူနီယံကြီး မရှိတော့ဘူးကွ”
ဆိုသဖြင့် ပြေးကြည့်ကြ၏။ အုတ်နံရံ တစ်တောင်ခန့်ထူသည့် ကျောင်းသား သမဂ္ဂ အဆောက်အဦကြီးကား ပြား ချပ်သွားသည်။ ခေါင်မိုးကား မပျက်စီးချေ။ ယူနီယံ နှစ်ထပ် အဆောက်အဦကြီးမှာ ပြားချပ်ပြီး မြေတွင် ဝပ်ကျသွား သည်။ သို့သော် ခေါင်မိုးကား ကျန်ခဲ့သည်။
ချက်ချင်း ရေပြတ်သွားသည်။ ရေမလာတော့ချေ။ ဖွင့်မရတော့ပေ။ မနက် ရှစ်နာရီလောက်တွင် အဆောင်မှူး ဆရာ ဒေါက်တာကျော်စိုး (ရုက္ခဗေဒ) က ”မင်းတို့တွေ ကိုယ့်အထုပ်ကိုယ်စည်းပြီး အိမ်ပြန်ကြတော့။ ဆယ်နာရီခွဲကို အပြီးထွက်ရမယ်” ဟု ကျောင်းဆောင်မှ နှင်ထုတ်လေသည်။ မနက်စာလည်း မကျွေးတော့ပါ။ ထမင်းချက်များကိုလည်း ကျောင်းထဲ ဝင်ခွင့် မပြုတော့။ ကျောင်းသားများမှာ ရှိတာလေးတွေကို စားပြီး ကမန်းကတန်း ထွက်ကြရသည်။ သုံးဘီးကားနှင့် ကားဂိတ် ရထားဘူတာတို့သို့ သွားကြရသည်။
”မြန်မာ့သမိုင်းအတွက် တန်ဖိုး မဖြတ်နိုင်အောင် အရေးပါတဲ့ ယူနီယံအဆောက်အဦကို ဒီ နေဝင်း ဖျက်ဆီးပစ်တာ။ ဒီအတွက် ဦးတို့ ရင်ကွဲတာပေါ့ ကွာ။ ဒါက ဆဲဗင်း ဂျူလိုင်ဆိုတာ အဲဒါပဲ။ အဲဒါ တနင်္ဂနွေနေ့ မနက်။ ကျောင်းသား အားလုံးလည်း အိမ်ပြန်ကြရတာပေါ့” ဟု အတိတ်ကြောင်းက ဖြစ်ရပ်ကို ဝမ်းနည်းဖွယ်ရာ သူက ပြန်ပြောပြသည်။
ဌေးဝင်း
အပိုင်း (၂) ဆက်ရန် ...