“ကျနော်တို့ဟာ ဆန္ဒပြရုံနဲ့ မထိရောက်တော့ဘူး။ တိုက်ယူမှ ရတော့မယ်ဆိုတဲ့စိတ်ကြောင့် လွှတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ခဲ့ပါတယ်” လို့ CDM ကျောင်းဆရာတစ်ဦးက ပြောဆိုလိုက်ပါတယ်။
စစ်အာဏာရှင်ဖြုတ်ချဖို့အတွက် ဆန္ဒပြရုံနဲ့ မထိရောက်နိုင်တော့တဲ့စိတ်ဝင်လာကာ လွှတ်မြောက်နယ်မြေကိုသွားပြီး စစ်သင်တန်း သွားတက်ခဲ့ပါတယ်။
ထိုသူဟာ အဖြူအစိမ်း ကျောင်းဝတ်စုံဝတ်ဆင်ပြီး ကလေးငယ်တွေကို စာသင်ကြားရတာကို အလွန်မြတ်နိုးခဲ့သူဖြစ်သလို မြန်မာပြည်ပညာရေးကို ပြုပြင်လိုတဲ့ ကျောင်းဆရာ ကိုနိုင်စိုး (အမည်လွှဲ) ပါပဲ။
ဆရာကိုနိုင်စိုးဟာ ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းလိုက်ပြီးဆိုတဲ့ သတင်းထွက်ပေါ်လာကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပူးပေါင်းပါဝင်လာပြီး သျှမ်းမြောက် သီပေါ (CDM) မှာ ဦးဆောင်တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ရန်အတွက် ကျောင်းဆရာတစ်ဦးအနေနဲ့ တကြိမ်တခါမျှ မစဉ်းစားခဲ့ဖူးကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးကို မနှစ်သက်တဲ့သူဖြစ်ပေမယ့် စစ်အာဏာရှင်တိုက်ဖို့အတွက် လက်နက်ကိုင်တိုက်မှသာ ရမှာဖြစ်ကြောင်း ကျောင်းဆရာ ကိုနိုင်စိုး က ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်လူထုတရပ်လုံးနည်းသူ ဆရာကိုနိုင်စိုးတယောက်ဟာလည်း အနာဂတ်ပျောက်ဆုံးနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။
“ကျနော်တို့ အနာဂတ်တွေပျောက်ဆုံးနေပြီ။ Campaign တွေလုပ်ရုံ၊ ဆန္ဒပြနေရုံနဲ့ မထိရောက်တော့ဘူးဆိုတာ သိလာတယ်။ ဒီပွဲဟာ ငါတို့တိုက်ယူရတော့မယ်လို့ တွေးမိခဲ့တယ်။ ချက်ခြင်းပဲ စစ်သင်တန်းတက်ဖို့ လွတ်မြောက်နယ်မြေကိုသွားဖို့ စီစဉ်ခဲ့ပါတယ်” လို ဆရာကိုနိုင်စိုး လက်နက်ကိုင်ရန် စတင်ဆုံးဖြတ်ချက်ချခဲ့စဉ်ကအကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။
ကိုနိုင်စိုးဟာ အာဏာရှင်စနစ် ဖြုတ်ချဖို့သာရှိပြီး လွှတ်မြောက်နယ်မြေရောက် စစ်သင်တန်းသွားတက်ရာတွင် ပထမဆုံးအုပ်စုထဲတွင် ပါဝင်ခဲ့သူဖြစ်ပါတယ်။
“အာဏာရှင်ကို ဖြုတ်ချဖို့ဘဲ စဉ်းစားမိတော့ ကိုယ်စားဝတ်နေရေးအတွက်ကိုမေ့ပြီး လွှတ်မြောက်နယ်မြေကို ထွက်ခွာသွားခဲ့တယ်လို့ ပြောပါတယ်” ဆရာကိုနိုင်စိုးက ဆိုပါတယ်။
ကျောင်းဆရာတစ်ဦးဖြစ်တဲ့အလျောက် လွှတ်မြောက်နယ်မြေတွင် စစ်သင်တန်း သွားတက်ချိန်မှာတော့ ပင်ပန်းမှုစတင်ကြုံတွေ့ရပေမယ့် စစ်အာဏာရှင်ကို ပြန်ခုခံဖို့ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့ရကြောင်းကို သူကဆိုပါတယ်။
“ပင်ပန်းတယ်။ သင်တန်းကလည်း ပြင်းထန်တယ်။ ခြောက်လလောက်ပေးရမယ့်သင်တန်းကို (၄၅) ရက်နဲ့ဆိုတော့လေ။ တော်တော်ပင်ပန်းတယ်။ စစ်ကောင်စီကို ပြန်ခုခံမယ်ဆိုတဲ့စိတ်နဲ့ အားတင်းထားရတယ်” လို့ ကျောင်းဆရာက စစ်သင်တန်းအတွေ့အကြုံကို အားတက်စွာ ပြန်ပြောနေပါတယ်။
လွှတ်မြောက်နယ်မြေရောက်တဲ့အချိန်မှာတော့ ဆရာအတွက် စားဝတ်နေရေး ခက်ခဲမှုမရှိခဲ့ပေမယ့် စစ်သင်တန်းဟာ ပြင်းထန်တဲ့အတွက် မိမိနေရပ်ကိုပြန်ရန် အကြိမ်ကြိမ်တမ်းတမိခဲ့ကြောင်း ဆရာက သင်တန်းကာလ ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြပါတယ်။
“ဘယ်လောက်ထိ ပင်ပန်းလဲဆိုတော့ ၄၅ ရက်မှာ ကျနော် ၃၈ ပေါင်ကျသွားတယ်။ အိမ်ကို အရမ်းပြန်ချင်ခဲ့တယ်။ ဒါပေမယ့် အားတင်းပြီး စကစကို တော်လှန်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားတယ်” လို့ ကျောင်းဆရာ ကိုနိုင်စိုးက ပြောပါတယ်။
ကျောင်းဆရာတဦးအနေနဲ့ စစ်သင်တန်းတက်ခဲ့ရ လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်နေရပေမယ့် သူ့ရဲ့စိတ်ကတော့ စာသင်ခန်းထဲက ကျောင်းသားတွေကို တမ်းတနေပါတယ်။
သူဟာ ပညာရေးလောကမှာ အထက်တန်းကျောင်းအုပ်ဆရာအဆင့်ထိ ရည်မှန်းထားသူတဦးလည်းဖြစ်ပါတယ်။
“ကျနော်က အထက်တန်းကျောင်းအုပ်အထိပဲ ရည်မှန်းထားတာ။ မျိုးဆက်တစ်ချင်း တစ်ဆက်ချင်း အကောင်းဆုံးမွေထုတ်မယ်။ ကျနော့်ဆရာဆရာမတွေကိုမျှဝေမယ်။ ကျနော် လိုချင်တဲ့အတိုင်းပုံဖော်မယ်။ အနာဂတ်မှာ အလှပဆုံး အတော်ဆုံး စာရိတ္တအကောင်းဆုံး အထူးချွန်ဆုံး ကိုယ်ချင်းစာတရားအရှိဆုံး အမှန်တရားအတွက် မကြောက်တတ်တဲ့လူသားမျိုးနွယ်တွေ မွေးထုတ်ပေးချင်တာ” လို့ သူ့ဖြစ်ချင်တဲ့စိတ်ဆန္ဒကို ပြောပါတယ်။
ကျောင်းအုပ်ဆရာတစ်ယောက်ဖြစ်ဖို့အတွက် ဆရာနိုင်စိုးဟာ ၂၀၂၀ ခုနှစ် ကိုဗစ်ကာလတုန်းက လိုအပ်တဲ့ ပညာရေးပိုင်းတွေကို Online (အွန်းလိုင်း) ကနေ သင်ယူပြီးစီးထားသူဖြစ်ပါတယ်။
ကျောင်းဆရာတယောက်ဖြစ်ဖို့ဆိုတာ ဘွဲ့တခုရရုံနဲ့ လုပ်လို့မရကြောင်း၊ ဘာသာရပ်ကျွမ်းကျင်မှုရှိရသလို သင်ကြားမှုအနုပညာ မတက်ကျွမ်းရင်၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ နားမလည်ရင် ကျောင်းဆရာကောင်းတယောက် မဖြစ်ဘူး။
ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်းတွေ CDM လုပ်ချိန်မှာ စစ်ကောင်စီ ဟာ Non-CDM တွေ နောက် အောက်ခြေဝန်ထမ်းတွေကို ပညာရေးဝန်ထမ်းခန့်ပြီး ပညာရေးကို ဆိုးရွားအောင်ပြုလုပ်နေတဲ့အပေါ် သူအနေနဲ့ စိတ်မကောင်းကြောင်းလည်း ပြောပါတယ်။
“ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာက ဝါသနာ၊ စေတနာ၊ ကလေးတွေကို ချစ်တဲ့စိတ်၊ ကလေးတွေကို တန်းတူညီမျှတဲ့ စေတနာတွေက နှလုံးသားထဲကနေ စီးဆင်းလာမှ ဈာန်ဝင်လာကြောင်း၊ ထိုအရာတို့ကို ဖန်တီးယူလို့မရဘူး” လို့ ဆရာနိုင်စိုးက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းတောင် သီပေါမြို့နယ်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်တဲ့ ပညာရေးဝန်ထမ်း (၆၈၁) ဦးရှိပြီး၊ လက်ရှိအချိန်မှာ လစာမရတဲ့အတွက် အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရပါတယ်။
CDM လုပ်ဆောင်တဲ့ ပညာရေးဝန်ထမ်းတွေကို အစပိုင်းမှာတော့ သီပေါ CDM Supporting Team ကနေ လစာအနည်းငယ်ပေးနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ လစာမပေးနိုင်တော့တဲ့အတွက် ပညာရေးဝန်ထမ်းတွေဟာ စားဝတ်နေရေးအခက်အခဲ ကိုယ်စီရှိနေကြပါတယ်။
သီပေါမြို့မှာ စစ်အာဏာသိမ်းပြီးနောက် သီပေါပြည်သူတွေဟာ နေ့စဉ်ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး လူငယ် (၂) ဦး သေနတ်ပစ်သတ်ခံခဲ့ရပါတယ်။
လူငယ် (၂) ဦးကို စစ်ကောင်စီက သေနတ်ပစ်ခတ်သတ်လိုက်တဲ့အပေါ် စိတ်မကောင်းကြောင်း၊ သွေးစွန်းသွားတဲ့ လူငယ် ၂ ဦးရဲ့အသက် အလကားမဖြစ်ကြောင်း ဘဝတွေနဲ့ရင်းပြီး ဒီမိုးကရေစီပြန်ရအောင် လက်နက်ကိုင်တိုက်ပွဲဝင်သွားပါ့မယ်လို့ ကျောင်းဆရာ ကိုနိုင်စိုးက ဂတိပြုလိုက်ပါတယ်။
“ညီငယ် ၂ ဦးရဲ့အသက် ပေးဆပ်ရတာနဲ့တန်အောင် ကျနော် လက်နက်စွဲကိုင်ပြီး စစ်ကောင်စီကို အနိုင်တိုက်ယူမယ်။ ညီလေးတွေ တာဝန်ကျေပါတယ်။ ကျနော်တို့တွေလည် ဒီမိုကရေစီရအောင် တိုက်ပွဲဝင်သွားပါမယ်” လို့ ဆရာနိုင်စိုးက ပြောပါတယ်။
၂၁ ရာစု ဘက်စုံဖွံ့ဖြိုးတဲ့ခေတ်မှာ ကျောင်းစိမ်းဝတ်စုံနဲ့ မြေဖြူကိုင်တဲ့ ဆရာတယောက်ဟာ စစ်ကောင်စီ အမြစ်ဖြတ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးသမားဘဝအဖြစ် ပြောင်းလဲရမယ်လို့ သူဟာ တကြိမ်တခါမျှ အိပ်မက်မမက်ဖူးပါဘူး။
“ဒီလို တည်ငြိမ်အေးချမ်းပြီး စာအံသံတွေ ကျောင်းစိမ်းဝတ်စုံတွေကို စွန့်ပြီး လက်နက်ကိုင်ရမယ့်လို့ မထင်ခဲ့ဘူး။ အိပ်မက်မရှိခဲ့ဘူး။ စစ်ကောင်စီ အမြစ်ဖြတ်ချေမှုန်းပြီးရင်တော့ ပညာရေးလောကထဲပြန်ခြေချပါမယ်” လို့ ဆရာကတော့ သူ့ဘဝအိပ်မက်ကို ပြောပြပါတယ်။