အင်းစိန်အကျဉ်းထောင်တွင်း အကျဉ်းသားများ၏ အကြမ်းမဖက်ဆန္ဒပြမှုကို စစ်တပ်က ဖိနှိပ်မှုမရှိအောင် တားဆီးပေးပါရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များကို အရေးပေါ် စာရေးသားမေတ္တာရပ်ခံလိုက်သည်။
"သတင်းရင်းမြစ်များအရ ဝမ်းနည်းဖွယ်ရာသိရသည်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ထောင်တွင်းအကျဉ်းသားတွေကို သတ်ဖို့လုပ်နေတယ်။ သင်တို့ရဲ့ သံတမန်ရေးဖိအားနဲ့ ထိန်းသိမ်းခံနေရတဲ့သူတွေရဲ့ အသက်တွေကို ကျေးဇူးပြု၍ကယ်ပေးပါ" ဟု မဇ္ဈိမက မိတ္တူရရှိသော CRYH ၏ သံတမန်များသို့ ပေးပို့သောစာတွင် ပါရှိသည်။
ယနေ့နံနက် ၈ နာရီက အင်းစိန်ထောင်တွင်း အကျဉ်းသားများက ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုဖြစ်ပေါ်နေခြင်း၊ အကျဉ်းသားများလွှတ်ပေးရာတွင် တန်းတူညီမျှ မရွေးချယ်ခြင်း၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းတို့ကြောင့် ဆန္ဒပြသည်ဟု CRYH က ပြောသည်။
နံနက် ၁၁ နာရီကရရှိသော သတင်းအရ ထောင်အတွင်းသပိတ်ခေါင်းဆောင်များနှင့် စစ်ဘက်အရာရှိများ၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်တို့ ဆွေးနွေးနေသည်ဟု သိရသည်။
ဆွေးနွေးပွဲမှထွက်ပေါ်လာသော ရလာဒ်နှင့်ပတ်သက်၍ မသိရသေးပါ။
အကျဉ်းထောင်ပြင်ပမှရိုက်ကူးသော ဗီဒီယိုတစ်ခုအရ ဆန္ဒပြအကျဉ်းသားများက အဆိုတော်မွန်းအောင်၏ "သွေးသစ္စာ" သီချင်းသီဆိုမှုနှင့် "စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး" "အရေးတော်ပုံအောင်ရမည်" နှင့် "အမေစုနှင့်သမ္မတကြီး ချက်ချင်းလွှတ်" ဆိုသော သံပြိုင်ကြွေးကြော်ကြသည်။
ထို့နောက် စစ်ကားများ ထောင်ဝင်းထဲဝင်ရောက်သွားသည်ဟု မြင်တွေ့ခဲ့သူများကပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီဌာန ဒုတိယဝန်ကြီး ဦးကျော်နီက "တိုက်ပွဲတွေထဲမှာ အန္တရာယ်အများဆုံးတိုက်ပွဲက ထောင်တွင်းတိုက်ပွဲပဲ။ ရန်သူ့လက်ထဲကနေ တိုက်ရတာဖြစ်တဲ့အတွက် ရန်သူရဲ့ဖိနှိပ်မှုဟာ အပြင်းထန်ဆုံးအဆင့်ထိ ရောက်လာနိုင်တယ်" ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
"နာဂစ်တုန်းက အင်းစိန် (၁) ဆောင်တိုက်ပွဲကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့အတွက် အခုတိုက်ပွဲကို အထူးစိုးရိမ်မိတယ်။ ပြေးစရာမရှိဘဲ မီးပတ်လည်ဝိုင်းနေတဲ့ ဆန္ဒပြသူတွေကို အဆောင်ပတ်လည်ကနေ အေးအေးဆေးဆေး သေနတ်နဲ့ပစ်သတ်နေတဲ့မြင်ကွင်းကို မမေ့ဘူး။ တိုက်ပွဲပြီးချိန်မှာ ခေါင်းဆောင်တွေကို ရှာဖွေဖော်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်တာတွေ လုပ်လေ့ရှိတယ်။ နာဂစ်တိုက်ပွဲမှာ ၄၀ ပတ်ချာလည်ကျဆုံးပြီး အဲဒီအထဲမှာ သုံးယောက်က တိုက်ပွဲပြီးမှ စစ်မေးရင်း ရိုက်သတ်ခံလိုက်ရတာပါ" ဟုလည်း ပါရှိသည်။
ထောင်တွင်းညှင်းပန်းနှိပ်စက်မှုများ ဖြစ်လာနိုင်သည့်အတွက် ပြင်ပကလုပ်ဆောင်မှုတွေ လိုအပ်နေကြောင်း ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုနန်းလင်းက သူ၏ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။
“အင်းစိန်ထောင်တွင်းတိုက်ပွဲမှာ ပါဝင်ခဲ့သူ၊ ဦးဆောင်ခဲ့သူတွေကို ဆိုးရွားတဲ့ ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုတွေ၊ ထောင်တွင်းပြစ်ဒဏ်တွေ ရှိလာနိုင်တဲ့အတွက် အပြင်က လုပ်နိုင်သူတွေ တခုခုလုပ်နိုင်ဖို့ စဉ်းစားသင့်ပါတယ်။... ထောင်တွင်းအခြေအနေနဲ့ ဒီနေ့ဖြစ်ပျက်ခဲ့မှုတွေအပေါ် စကစ (စစ်ကောင်စီ) မှာ လုံးလုံးလျားလျားတာဝန်ရှိပြီး ပွင့်လင်းမြင်သာစွာထုတ်ပြန်ဖို့ လိုပါလိမ့်မယ်။ ထောင်တွင်းတိုက်ပွဲမှာ အန္တရာယ်ရှိမှန်းသိသိနဲ့ ပါဝင်ခဲ့ကြသူတွေကိုလည်း အလေးပြုပါတယ်” ဟု ကိုနန်းလင်းက ရေးသားသည်။
အင်းစိန်ထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ဇူလိုင် ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့ရပြီး NLD၏ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးအဖွဲ့ဝင် ဗဟိုဥပဒေအကြံပေးရှေ့နေကြီး ဦးကျော်ဟိုးနှင့် ဦးဟံသာမြင့်လည်း ရောဂါကူးစက်ခံထားရကြောင်း သိရသည်။