Mindat-CDF နှင့် စစ်ကောင်စီအကြား ၄၅ ရက်တာတိုက်ပွဲကာလအတွင်း စကစတပ်သား ၂၀၀ ဝန်းကျင်အထိ သေဆုံးမှုရှိခဲ့ဟုဆို

Mindat-CDF နှင့် စစ်ကောင်စီအကြား ၄၅ ရက်တာတိုက်ပွဲကာလအတွင်း စကစတပ်သား ၂၀၀ ဝန်းကျင်အထိ သေဆုံးမှုရှိခဲ့ဟုဆို

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် Mindat-CDF အကြားတိုက်ပွဲဖြစ်ပွားခဲ့သည့် ၄၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့သည်ဟု သိရသည်။

 

မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကစပြီး "We Support NUG" ဟူသည့် စာတမ်းကပ်သပိတ်ပြုလုပ်သူများကို ဖမ်းဆီးရာ၊ အပြစ်မဲ့ပြည်သူများအား ပစ်ခတ်ရာမှစ၍ စကစတပ်များနှင့် Mindat-CDF တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

 

ထိုနေ့မှစ၍ ဇွန်လ ၈ နေ့အထိ (၄၅ ရက်တာ) ကာလအတွင်း Mindat-CDF နှင့် စကစတပ်အကြား အကြိမ် (၂၀) ကျော် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲများအတွင်း CDF-Mindat အနေဖြင့် စစ်ကား ၆ စီးကို မီးရှိုဖျက်ဆီးနိုင်ခဲ့ပြီး စကစတပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့သည်ဟု Mindat-CDF က ယမန်နေ့က ထုတ်ပြန်ထားသည်။

 

Mindat-CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စစ်ကောင်စီဘက်က စသေဆုံးတာက ဧပြီ ၂၆ မှာ ရဲသားတစ်ဦး စစ်သားတစ်ဦးသေတယ်၊ ၂၇ မှာတော့ စစ်ကောင်စီဘက်က ၂၀၊ ၃၀ လောက်သေတယ်၊ အဲဒီနောက်ပိုင်း မေလမှာ တောက်လျှောက်တိုက်ပွဲဖြစ်တော့ ဂေါက်ကွင်းတိုက်ပွဲ၊ အနောက်တိုက်ပွဲတွေမှာလည်း ၆၀ ကျော်ကျော်သေဆုံးတယ်၊ အကုန်လုံးခြုံလိုက်ရင် ချောင်းဆုံတိုက်ပွဲ၊ ယှက်တိုက်ပွဲတို့ ပြန်ခြုံလိုက်တော့ ၂၀၀ ဝန်းကျင်ဖြစ်သွားတာပေါ့၊ အတိကျတော့မသိနိုင်ဘူး" ဟု ပြောသည်။

 

မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း Mindat-CDF ဘက်မှလည်း အကျအရှုံးများရှိခဲ့ပြီး မေလ ၁၃ ရက်မှ ဇွန်လ ၄ ရက်နေ့အထိ CDF တပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီအနေနှင့် Mindat-CDF ကို လျှော့တွက်ထားသည့်အတွက် တိုက်ပွဲစတင်ဖြစ်ပွားချိန်တွင် အမြောက်အများသေဆုံးခဲ့ခြင်းဖြစ်သည်ဟု Mindat-CDF ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။

 

“သူတို့က အထင်သေးတာဖြစ်မယ်၊ အလစ်အငိုက်မိသွားတာ၊ ပထမတိုက်ပွဲမှာ လုံးဝအလစ်ငိုက်မိ အထင်သေးသွားတာ၊ ဒုတိယတိုက်ပွဲမှာလည်းပဲ CDF လူငယ်တွေက သေသေကြေကြေဆိုပြီး ရဲရဲတင်းတင်းဝင်ပစ်တာရှိတော့ သူတို့လျှော့တွက်တာပေါ့၊ ပထမနဲ့ ဒုတိယတိုက်ပွဲမှာ သူတို့သေဆုံးတာများတယ်" ဟု ၎င်းကဆိုသည်။

 

မင်းတပ်မြို့တွင် ဧပြီလ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ကမ်းလှမ်းမှုကြောင့် စကစနှင့် Mindat-CDF အကြား ဆွေးနွေးပွဲများလုပ်ဆောင်လာကာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့သော်လည်း မေလ ၁၂ ရက်နေ့တွင် သဘောတူညီချက်မရနိုင်ဘဲ ဆွေးနွေးပျက်ပြယ်ကာ မေလ ၁၃ ရက်နေ့တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွား၍ မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့သည်။

 

Mindat-CDF နှင့် စစ်ကောင်စီတပ်တို့သည် မေလ ၁၃ ကစ၍ ဇွန်လ ၁၅ ရက်နေ့ခန့်အထိ တိုက်ပွဲပေါင်း ၂၀ ကျော်ဖြစ်ပွားခဲ့ပြီးနောက် မြို့မိ/မြို့ဖများ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ အပစ်အခတ်ရပ်စဲခဲ့ကြသည်။

 

ယခုလက်ရှိအချိန်ထိ နှစ်ဖက်တပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကွေးတိုင်းနယ်စပ် ထီးလင်းနှင့် ကျောက်ထုအကြား ရွှေအောင်သာနှင့် ရွှေတွင်းတူးဒေသ Mindat-CDF နယ်မြေဘက်သို့ စစ်ကြောင်းချီတက်လာမှုတော့ ရှိနေသည်ဟု သိရသည်။

Most read this week

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...