လတ်တလော တိုင်းပြည်တွင်ကြားနေကြရသော အကြီးစား နိုင်ငံရေးဝေါဟာရများတွင် ဖက်ဒရယ် (federal)၊ ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) နှင့် ခွဲထွက်ခွင့် (the right to secession) ဆိုသော ဝေါဟာရများ ပါဝင်နေသည်ကို သတိပြုမိသည်။ တပြိုင်နက်နည်းတွင် ထိုဝေါဟာများနှင့်ပတ်သက်၍ အားလုံး တပြေးညီလက်ခံနိုင်သော စံအဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် နားလည်မှု မြန်မာ့နိုင်ငံရေး အင်အားစုများအကြား မရှိသေးသည်ကိုလည်း သတိပြုမိသည်။
ဖက်ဒရယ်အကြောင်း တလွဲ ဝါဒဖြန့်ချိခဲ့သူများက ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေး (secession) ဖြစ်သည်ဟု ပြောသည်။ သို့သော် ကမ္ဘာ့အအောင်မြင်ဆုံး ဒီမိုကရေစီ ဖယ်ဒရယ်နိုင်ငံကြီးများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံများတွင် ခွဲထွက်ရေးဆိုသည်ကို ဖက်ဒရယ်နှင့် တွဲဖက်နေသည်ဟု မယူဆကြပေ။
အာဏာရှင် ဖက်ဒရယ်နိုင်ငံများဖြစ်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုနှင့် ယူဂိုဆလားဗီးယားနိုင်ငံများကား ပြိုကွဲပျက်စီးသွားကြပြီဖြစ်သည်။ တနည်းအားဖြင့် အာဏာရှင်စနစ်နှင့် တွဲဖက်ထားသည့် ဖက်ဒရယ်နိုင်ငံများ ပြိုကွဲသွားရာ ဖက်ဒရယ်သည် ခွဲထွက်ရေးပေလော မေးစရာ၊ တွေးစရာလည်း ဖြစ်လာသည်။
မြန်မာနိုင်ငံသည်လည်း ယခင် ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယား နိုင်ငံများကဲ့သို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်နေရာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော် တိုင်းရင်းသားများခွဲထွက်ပြီး တိုင်းပြည်ပြိုကွဲရေးဖြစ်လေမလား စိုးရိမ်မှုများလည်း ရှိနိုင်သည်။ ဤအခြေအနေမျိုးတွင် ဖက်ဒရယ်စနစ်သည် ခွဲထွက်ရေး တကယ်ဟုတ်ပါသလားဆိုသည်ကို သမိုင်းကြောင်းနှင့် နိုင်ငံရေးသီအိုရီများအရ ချည်းကပ် အဖြေရှာသင့်သည်။
ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
ဖက်ဒရယ်စနစ် (federalism) နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) သည် နိုင်ငံရေးနှင့် ဥပဒေကြောင်းများအရ သီးခြားအဓိပ္ပါယ်များ ရှိကြသည်။ ထိုနှစ်ခုကို ပေါင်းစပ်ကာ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးမည်ဟု ပြောနေကြသည်။ မြန်မာနိုင်ငံတွင် ပြောနေသော ဖက်ဒရယ်စနစ်မှာ ခွဲထွက်ခွင့်ပါနေသည်ဟု နားလည်ထားကြသည်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်တစ်ပိုင်းစနစ် (quasi federalism) ကို ပြဌာန်းခဲ့သော ၁၉၄၇ အခြေခခံဥပဒေတွင် ခွဲထွက်ခွင့်ကိုပါ ပြဌာန်းခဲ့သည်လည်း မဟုတ်ပါလော။
ခွဲထွက်ခွင့်ဆိုသည်မှာ ဖက်ဒရယ်စနစ်က လာခြင်းမဟုတ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်က လာခြင်းသာဖြစ်သည်။ ဤဆောင်းပါးတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲထွက့်ခွင့်မည်သို့ မည်ပုံဆက်နွယ်နေသည်ကို တင်ပြထားသည်။ မြန်မာနိုင်ငံအတွက် အဆိုပြုသော ဖက်ဒရယ်စနစ်တွင် အဘယ်ကြောင့် ကိုယ်ပိုင်ပြဌန်းခွင့် ပါလာရကြောင်းကိုလည်း သမိုင်းကြောင်းအရ တင်ပြပါမည်။ သို့ဖြင့် အဘယ်ကြောင့် မြန်မာ့ဖက်ဒရယ်စနစ်သည် ခွဲထွက်ခွင့်နှင့် တွဲဖက်နေပုံကို သိရှိနိုင်ပေမည်။
မြန်မာနိုင်ငံတွင် ခွဲထွက်ခွင့် ဖြစ်တည်လာပုံ
ကမ္ဘာ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကြီးများတွင်ကား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖက်ဒရယ်မူတစ်ရပ်အဖြစ် ရှုမြင်ခြင်းမရှိပေ။ အချို့သော ပညာရှင်များက ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများအဖို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်ဟု ပြောခြင်းကိုပင် ဝေဖန်ကြသည်။ အကြောင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် နိုင်ငံရေးအရဖြစ်စေ၊ ဥပဒေကြောင်းအရဖြစ်စေ တိကျရှင်းလင်းသော အဓိပ္ပါယ်သတ်မှတ်ချက်မရှိခြင်းနှင့် ယေဘုယျအားဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကျင့်သုံးသော လူ့အဖွဲ့အစည်းသည် ပူးတွဲထားသောနိုင်ငံ သို့မဟုတ် အင်ပါယာမှ ခွဲထွက်ခွင့်ရှိကြောင်းကို သဘောပေါက်ထားကြ၍ ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတစ်ခုတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကျင့်သုံးရေးသည် လွယ်လွယ်လက်ခံနိုင်သော ကိစ္စမဟုတ်ပေ။ နိုင်ငံတကာကဥပဒေ (international law) ပညာရှင်များက ထိုသို့ ထောက်ပြသည်။
ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ပတ်သက်သော ပြဋ္ဌာန်းချက်များ မတွေ့ရပေ။ ဆိုဗီယက် ပြည်ထောင်စုနှင့် ၁၉၄၇ အခြေခံဥပဒေအရ ဖက်ဒရယ်တစ်ပိုင်းဖြစ်သည့် မြန်မာနိုင်ငံ နှစ်ခုတည်းတွင်သာ ကိုယ်ပိုင်ပြဌန်းခွင့်၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော ခွဲထွက်ခွင့်ကို ဖေါ်ပြထားကြသည်။
မြန်မာနိုင်ငံရေးကျွမ်းကျင်သူ နိုင်ငံရေးသိပ္ပံပညာရှင် ဂျိုးဇက်ဆေးလ်ပါးစတိမ်း (Josef Silverstein, 1922) အပါအဝင် မြန်မာနိုင်ငံရေးလေ့လာသူများက မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့ဖူးသော ၁၉၄၇ အခြေခံဥပဒေ၏ ဖက်ဒရယ်မူများသည် ဆိုဗီယက်ပြည်ထောင်စုမူကို မှီငြမ်းထားသည်ဟု ထောက်ပြကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများတွင်လည်း မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုတစ်ခုအဖြစ် တည်ဆောက်ရာတွင် လေ့လာကိုးကားစရာအဖြစ် ဆိုဗီယက်ပြည်ထောင်စုအကြောင်းကို ထည့်သွင်းပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မြန်မာနိုင်ငံ၌ တွေ့ကြုံခဲ့ရသော တိုင်းရင်းသားလူမျိုးစု စည်းလုံးညီညွတ်ရေးနှင့် အချို့ပြဿနာရပ်များ ဖြေရှင်းရေးတို့တွင် အစိတ်အပိုင်းအားဖြင့် ဆိုဗီယက်ပြည်ထောင်စု အတွေ့အကြုံများနှင့်လည်း အလားသဏ္ဍာန် တူညီမှုများရှိသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ၁၉၄၇ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရာတွင် ဆိုဗီယက်ပြည်ထောင်စုကဲ့သို့ပင် နယ်စပ်ဒေသ တိုင်းရင်သားလူမျိုးစုများ၏ အခွင့်အရေးကို အာမခံချက်ပေးသည့်အနေဖြင့် တိုင်းရင်းသားပြည်နယ်များ၏ ခွဲထွက်ခွင့်အခွင့်အရေးကို အခြခံဥပဒေတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ၁၉၄၇ အခြခံဥပဒေအရ ကျင့်သုံးနိုင်သော ခွဲထွက်ခွင့်ကိုလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အမြင့်ဆုံးအခွင့်အရေးအဖြစ် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးများက ရှုမြင်ကြသည်။ အချုပ်ဆိုရသော် ၁၉၄၇ အခြေခံဥပဒေ ကျင့်သုံးချိန်မှစ၍ မြန်မာ့ဖက်ဒရယ်မူနှင့် ခွဲထွက်ခွင့်ပါသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ဒွန်တွဲလာခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသအခြေခစိုက် တပ်ပေါင်းစုဖြစ်သော မြန်မာပြည် ဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့ချုပ် (Democratic Alliance of Burma, DAB) က ၁၉၉၀ ခုနှစ်ကတည်းက ကမကထပြုရေးဆွဲသော အခြေခံဥပဒေမူကြမ်းကို လေ့လာရာတွင် မြန်မာဖက်ဒရယ်မူ၏ ဝိသေသလက္ခဏာအဖြစ် ”ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော အမျိုးသားပြည်နယ်များဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းသည်” ဟု ဖေါ်ပြထားသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အမျိုးမျိုးနှင့် အဓိပ္ပါယ်
Self-determination ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ အင်္ဂလိပ် အဘိဓာန်များ၏ ဖေါ်ပြချက်ကို အကြမ်းဖျဉ်း ဘာသာပြန်ရသော် မိမိနှင့်သာ ဆိုင်သော အရေးကိစ္စများတွင် မိမိဖာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ရှိခြင်းဟူ၍ ဖြစ်သည်။ သို့သော် ကိုယ်ပိုင်ပြဌာန်းခွင့်တွင် ဥပဒေအရ၊ နိုင်ငံရေးအရ၊ လူ့အခွင့်အရေးအရ နည်းမျိုးစုံ ချည်းကပ်ပြောဆိုနေရာ အားလုံးကိုလွှမ်းခြုံမည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးလုပ်ရန် မလွယ်ပါ။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ပတ်သက်၍ မတိကျမှုများနှင့် အငြင်းပွားမှုများရှိနေသော်လည်း ထိုအခွင့်အရေးနှင့် ပတ်သက်၍ကား ကမ္ဘာ့အရပ်ဒေသအသီးသီး၊ အဖွဲ့အစည်းအသီးသီးတွင် ဆွေးနွေးငြင်းခုံမှုများနှင့်အတူ အသိအမှတ်ပြုမှုများလည်း ရှိနေပြန်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သဘောသဘာဝကို လေ့လာပြီးနောက်တွင် မိမိတို့ လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်အောင် အသုံးပြုရေးမှာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ရွေးချယ်မှုဖြစ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့် အမျိုးမျိုးအကြောင်း ဆက်လက်တင်ပြပါမည်။
အင်ပါယာခေတ် ကိုယ်ပိုင်ပြဌာန်းခွင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတင်ကျင့်သုံးသောကာလ အပိုင်းအခြားမှာ ၁၉ ရာစုကဖြစ်ပြီး၊ ကျင့်သုံးခွင့်ရရန် စတင်ပြောဆို၊ တောင်းဆိုသူများမှာ အင်ပါယာကြီးတစ်ခုအတွင်း ကျရောက်နေသော လူမျိုးများဖြစ်သည်။ အင်ပါယာကြီးတစ်ခုတွင် မတူကွဲပြားခြားနားသော လူမျိုးများ စုပေါင်းပါဝင်နေကြခြင်းဖြစ်ရာ ထိုလူမျိုးများ၏ လူမှုရေးလိုအပ်ချက်များအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးရေးကို အသိအမှတ်ပြုလာကြရသည်။ အင်ပါယာကြီးတစ်ခုအောက် ကျရောက်နေသော လူမျိုးခြားများအား သူတို့နှင့်သာ သီးသန့်ဆိုင်သော ကိစ္စများတွင် လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်သည်။
ဥရောပတိုက်၊ ဘော် (လ) ကန်ဒေသရှိ လူမျိုးနိုင်ငံ (Nation State) အတော်များများမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးရာမှတဆင့် လွတ်လပ်သောနိုင်ငံများ ဖြစ်လာကြသည်။ သြစတြိုဟန်ဂေရီယန် (Austro- Hungarian) အင်ပါယာကြီးမှ ပြိုကွဲလွတ်မြောက်လာသော နိုင်ငံများစာရင်းတွင် ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီနိုင်ငံများ ပါဝင်သည်။ သုတေသီများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အစသည် ဥရောပအင်ပါယာနိုင်ငံကြီးများ လက်ထက်ကဖြစ်သည်ဟု ဆိုကြသည်။ ထိုအချိန်က ကျင့်သုံးသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် ”နောင်အခါ၌ ယင်းအခွင့်အရေးကို ကျင့်သုံးသောလူမျိုးစု သို့မဟုတ် တိုင်းရင်းသားများသည် တွဲဖက်ထားသော နိုင်ငံကြီးမှ ခွဲထွက်ကာ လွတ်လပ်သောနိုင်ငံ ထူထောင်နိုင်ခွင့်ရှိသည်” ဆိုသည့် သဘောကို ဆောင်သည်။ ထို့အပြင် အင်ပါယာခေတ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် လူမျိုး၊ ဘာသာ ကွဲပြားခြားနားသူများအတွက် ကျင့်သုံးရန်ဟူသော သဘောတရားများ ကိန်းဝပ်နေသည်ကိုလည်း တွေ့ရသည်။
ကိုလိုနီနိုင်ငံများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်
အမေရိကန်သမ္မတ ဝုဒရော့-ဝီလ်ဆင် (Woodrow Wilson, 1856-1924) က ပထမကမ္ဘာစစ်အပြီး အဆိုပြုချက် (၁၄) ချက် တင်ပြသည်။ ထိုအထဲတွင် ”ကိုလိုနီဘဝကျရောက်နေရသော နိုင်ငံငယ်များကို လွတ်လပ်ရေးမရမီ ကာလတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး” ဟူသော အဆိုပြုချက် ပါဝင်သည်။ နောက်ပိုင်းတွင် ကိုလိုနီနိုင်ငံငယ်များ၏ လွတ်လပ်ရေး ကြိုးပမ်းမှုများနှင့်အတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တောင်းဆိုချက်များ နိုင်ငံရေးစင်မြင့်ပေါ် ရောက်လာသည်။
အမေရိကန်သမ္မတ ဝီလ်ဆင်အဆိုပြုသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူသည် အမေရိကန်၏အကျိုးစီးပွားကို ရည်မျှော်၍ အဆိုတင်ပြခြင်းဖြစ်ကြောင်း ပညာရှင်များက ထောက်ပြသည်။ အမေရိကန်ပြည်ထောင်စုတွင် စက်မှုလုပ်ငန်း ထွန်းကားလာသော အချိန်သည် ၂၀ ရာစု အဆန်းပိုင်း၌ဖြစ်ပြီး ထိုအချိန်တွင် ကမ္ဘာ့ဈေးကွက်များကို အခြားဥရောပ ကိုလိုနီအင်အားကြီးနိုင်ငံများက ကိုလိုနီအဖြစ် သိမ်းပိုက်ကာ အုပ်စိုးထားပြီး ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုအတွက် လွတ်လပ်စွာဝင်ရောက်နိုင်သော ဈေးကွက်နှင့် စက်မှုကုန်ကြမ်းအရင်းအမြစ် ရယူနိုင်သော နေရာမရှိသလောက် ဖြစ်နေသည်။ ကိုလိုနီနိုင်ငံငယ်များ လွတ်လပ်ရေးရလာမှသာ ထိုနိုင်ငံများ အမေရိကန်နိုင်ငံအတွက် ကုန်ကြမ်း၊ ကုန်ချော နှစ်မျိုးစလုံးအတွက် ဈေးကွက် ဖြစ်လာနိုင်သည်။ ထိုအချက်ကို ကြိုတင်တွက်ချက်၍ ကိုလိုနီနိုင်ငံငယ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကြားခံအဆင့်ထား၍ လွတ်လပ်ရေးကြိုးပမ်းသွားစေရန် ရည်ရွယ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အမေရိကန်သမတ ဝီလဆင်က အဆိုပြုခဲ့ခြင်းဖြစ်သည်။ သမတဝီလ်ဆင်၏ အဆိုပြုချက်ကို ကိုလိုနီနိုင်ငံငယ်များက ထောက်ခံကြပြီး ဥရောပနယ်ချဲ့နိုင်ငံကြီးများက ဆန့်ကျင်ကြသည်။
ကိုလိုနီဘဝမှ လွတ်လပ်ရေးကြိုးပမ်းမှုအတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကြားခံ အဆင့်အဖြစ် ကျင့်သုံးခဲ့သည်ကို တွေ့ရသည်။ ထိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည်လည်း လွတ်လပ်ရေးမရမီ ကြားကာလ အခွင့်အရေးအနေဖြင့် ကျင့်သုံး ခြင်းဖြစ်ပြီး တစ်ချိန်တွင် တွဲဖက်ထားသောနိုင်ငံကြီးများမှခွဲထွက်ကာ လွတ်လပ်သောနိုင်ငံများအဖြစ် တည်ဆောက်သွားမည့် အဓိပ္ပါယ်ဆောင်နေသည်။
တိုင်းရင်းသားများအတွက် အာမခံချက်
ဆိုဗီယက်ပြည်ထောင်စုဖွဲ့စည်း ပေါ်ပေါက်လာခြင်းနှင့်အတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးမှုပုံစံ တစ်မျိုး ကိုလည်း တွေ့ရပြန်သည်။ ဆိုဗီယက်ခေါင်းဆောင် လီနင် (Vladimir Lenin, 1870-1924) နှင့် စတာလင် (Josef Stalin, 1878-1953) နှစ်ဦးစလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထောက်ခံကြသည်။ ၎င်းတို့ နှစ်ဦး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပေါ်ရှုမြင်ပုံ သည် အခြားသူများနှင့် ခြားနားနေပြန်သည်။ ၎င်းတို့က အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံချက် ပေးထားခြင်းဖြင့် ဖိနှိပ်သောနိုင်ငံရေးစနစ်များကို တွန်းလှန်နိုင်သည်ဟု ယုံကြည်သည်။ ဖိနှိပ်သူများအဖြစ် ၎င်းတို့ နှစ်ဦးက အရင်းရှင်နယ်ချဲ့စနစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုသို့ တွန်းလှန်ခြင်းဖြင့်သာ လူတန်းစားလွတ်မြောက် ရေးလှုပ်ရှားမှုကို တွန်းအား ဖြစ်စေနိုင်မည်ဟူသော ရှုထောင့်ဘက်မှသုံးသပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထောက်ခံခြင်းဖြစ်သည်။
သို့ရာတွင် ဆိုဗီယက်ပြည်ထောင်စုတွင် လက်တွေ့တောင်းဆိုသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် လီနင်၊ စတာလင်တို့ လက်ခံသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခြားနားနေသည်။ အဘယ့်ကြောင့်ဆိုသော် ဆိုဗီယက်ပြည်ထောင်စုကြီး ပေါ်ပေါက်လာခြင်းသည် ပြည်ထောင်စုအဖွဲ့ဝင်များ (ဆိုဗီယက် ပြည်ထောင်စုအခေါ် သမ္မတနိုင်ငံ Republic များ) ၏ ဆန္ဒအစစ်အမှန် အရ ဖော်ဆောင်ထားခြင်း မဟုတ်ဘဲ ၁၉၁၈ ရုရှားအောက်တိုဘာ တော်လှန်ရေးအပြီး အင် အားကောင်းလာခဲ့သော ဘော်ရှီဗစ် (Bolsheviks) တပ်မတော်က လူမျိုးစုံ အိမ်နီးချင်း နိုင်ငံငယ်များကို တိုက်ခိုက် သိမ်းပိုက်ပြီး ဆိုဗီယက်ပြည်ထောင်စုအဖြစ် ဖွဲ့စည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ၁၉၂၃ ခုနှစ်၊ ဆိုဗီယက်ပြည်ထောင် စုအဖြစ် စတင်ဖွဲ့စည်းစဉ်က သမ္မတနိုင်ငံ (၆)ခုသာ ပါဝင်ခဲ့ပြီး၊ ၁၉၄ဝ ပြည့်နှစ်တွင် ဘော်လတစ် ပင်လယ်ကမ်းခြေရှိ လူမျိုးပြည်နယ်များကို သိမ်းပိုက်ပြီးမှ ဆိုဗီယက် ပြည်ထောင်စုတွင်အဖွဲ့ဝင် သမ္မတနိုင်ငံ (၁၅) ခု ဖြစ်လာခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စု၏ ကွန်မြူနစ်ခေါင်းဆောင်များသည် နိုင်ငံရေးပြဿနာများကို လူတန်းစားရေးပြဿနာ ရှုထောင့်တစ်ခုတည်းမှချဉ်းကပ်ခဲ့ပြီး တစ်ဖက်တွင် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွက် ကိုယ် ပိုင်ပြ ဋ္ဌာန်းခွင့်ကို အာမခံအဖြစ်ထားခဲ့သည်။ အာမခံထားရခြင်းမှာ ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းခြင်းကို သမ္မတနိုင်ငံများ၏ လွတ်လပ်သော ဆန္ဒအရဖေါ်ဆောင်ထားခြင်းမဟုတ်ဘဲ တိုက်ခိုက်သိမ်းပိုက်ကာ ပြုလုပ် ထားခြင်းကြောင့်ဖြစ်သည်။ လူမျိုးစုံသမ္မတနိုင်ငံများကို အာမခံသည့်အနေဖြင့် ခွဲထွက်ခွင့်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို ခက်ခံပေးခဲ့ခြင်းဖြစ်သည်။ ကွန်မြူနစ် ခေါင်းဆောင်များ ယုံကြည်ထားသည့် ”လူမျိုးစုများ၏ အမျိုးသားရေး မှာ ပုံသဏ္ဍာန်အရသာဖြစ်ပြီး အနှစ်သာရက ဆိုရှယ်လစ်ဝါဒ" (Nationalism in From, Socialism in Content) ဖြစ်သည်ဟူသော ကွန်မြူနစ်ဝါဒအမြင်အရ ဆိုဗီယက် ဖက်ဒရယ်စနစ်ကို ဖွဲ့စည်းထား ခြင်းဖြစ်သည်။ ”လူတန်းစား ပြဿနာဖြေရှင်းပြီးနောက်ပိုင်းတွင် လူမျိုးရေး ပြဿနာများသည် အလိုအလျောက် ဖြေရှင်းပြီးဖြစ်လိမ့်မည်၊ လူမျိုးရေး ပြဿနာသည် အတန်းစား ပြဿနာများ၏ လက်အောက်ခံ ပြဿနာဖြစ်သည်ဟု” ဆိုဗီယက် ကွန်မြူနစ် ခေါင်းဆောင်များက ရှုမြင်သုံးသပ်ထားသည်။
ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်များက ခွဲထွက်ခွင့်ကိုပါ အသိမှတ်ပြုသည်ဟုဆိုသော်လည်း ပြည်ထောင်စုအဖွဲ့ဝင် သမ္မတနိုင်ငံများ လက်တွေ့ ကျင့်သုံးရန် အချို့ သမ္မတနိုင်ငံများက ဟန်ပြင်လာသောအခါ ဆန့်ကျင်မှုများ ပြုလုပ်လာခဲ့သည်။ ထိုသို့ဆန့်ကျင်ရခြင်းအတွက် ဆိုဗီယက်ခေ့င်းဆောင်များ၏ အကြောင်းပြချက်မှာ ခွဲထွက်ခြင်းသည် အများစုပြည်သူလူထုကြီး၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဖီလာဆန့်ကျင်သည်ဟု ဆိုသည်။
ဆိုဗီယက်ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးရေးသည် အင်ပါယာခေတ်နှင့် ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေးကြိုးပမ်းမှုများ၏ ကြားအဆင့်ကာလ၌ ကျင့်သုံးခဲ့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခြားနားနေသည်။ ဆိုဗီယက်ပြည်ထောင်စုက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လူမျိုးများအတွက် အာမခံပေးသည့် သဘောသာဖြစ်သည်။ သို့သော် လက်တွေ့ကျင့်သုံးရာတွင်လည်း ဆန့်ကျင်ပိတ်ဆို့မှုများရှိသည်။
မူရင်းဌာနေလူမျိုးများနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
မူရင်းဌာနေလူမျိုးများ (Indigenous Peoples) အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးခွင့်ရရေးကို လူ့အခွင့်အရေးအဖွဲ့အစည်းများ ၂၀ ရာစုအတွင်း အကျယ်တဝင့် ဆွေးနွေးလာကြသည်။ အင်ပါယာခေတ်၊ ကိုလိုနီခေတ်၊ ဆိုဗီယက် ပြည်ထောင်စုခေတ်တို့၌ ကျင့်သုံးခဲ့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအကြောင်းအရာများဟု ထောက်ပြပြီး၊ မူရင်းဌာနေလူမျိုးများအတွက်မူ လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးရန် တောင်းဆိုသည်။
မူရင်းဌာနေလူမျိုးများကို သြစတြေးလျ နိုင်ငံတွင် Aborigines ဟုလည်းခေါ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် Red Indians ဟု လူသိများသော လူမျိုးစုမျိုးဖြစ်သည်။ မူရင်းဌာနေလူမျိုးများသည် ကမ္ဘာ့နိုင်ငံအချို့တွင် လူမျိုးတစ်မျိုးအဖြစ် ရှေးပဝေသဏီကတည်းက နေထိုင်လာသူများဖြစ်သည်။ ၎င်းတို့၏ လူမျိုးရေးလက္ခဏာများ အခြားလူမျိုးများ၏ယဉ်ကျေးမှု ကျူးကျော်ခံရခြင်းကြောင့် တိမ်မြုပ်သွားခြင်းမရှိစေရန် အကာအကွယ်ပေးသည့်အနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တောင်းဆိုလာကြသည်။
ဤနေရာတွင် မူရင်းဌာနေ လူမျိုးများဆိုသည်မှာ မည်သူတို့နည်းဆိုသည်ကို ဆွေးနွေးရန် လိုအပ်လာသည်။ အချို့သော နိုင်ငံများတွင် လူမျိုးတစ်မျိုးထက်ပိုမို၍ စုပေါင်းနေထိုင်ခြင်းမျိုး ရှိသည်။ ထိုနိုင်ငံများကို တိုင်းရင်းသားလူမျိုးစုနိုင်ငံ (Multi-Ethnic State) ဟု သတ်မှတ်ကြသည်။ တစ်နည်းအားဖြင့် ထိုလူမျိုးတို့သည် ထိုနိုင်ငံ၏ တိုင်း ရင်းသား လူမျိုးများအဖြစ် အသိအမှတ်ပြု ခံထားရခြင်းဖြစ်သည်။ သို့ဆိုလျှင် မူရင်းဌာနေလူမျိုးများနှင့် တိုင်းရင်း သားလူမျိုးများအကြား မည်သို့သော ခြားနားချက်များရှိသနည်း ဆိုသည်ကို ဆွေးနွေးရန် လိုအပ်လာသည်။
မူရင်းဌာနေလူမျိုးများ ဆိုသည်မှာ နယ်မြေဒေသတခုတွင် အခြားသောဒေသများမှလူများ ပြောင်းရွှေ့ နေထိုင် လာခြင်းမပြုမီကတည်းက နေထိုင်လာခဲ့သူများကို ဆိုလိုသည်။ နောက်မှပြောင်းရွှေ့လာသော ယဉ်ကျေးမှု၊ လူမျိုးဇစ်မြစ် ခြားနားသော လူမျိုးတို့သည် နောင်အခါ မူရင်းဌာနေလူမျိုးများ၏ နယ်မြေများကို ကျူးကျော်ခြင်း၊ တိုက်ခိုက်သိမ်းပိုက်ခြင်း၊ အခြေချနေထိုင်ခြင်း သို့မဟုတ် အခြားနည်း တစ်မျိုးမျိုးဖြင့် အုပ်ချုပ်သူများ ဖြစ်လာသည် ဟူ၍ ကမ္ဘာ့ကုလသမဂ္ဂ လူ့ခွင့်အရေး စာတမ်းများ စာတွဲပါ မူရင်းဌာနေ လူမျိုးများ၏ အခွင့်အရေး (The Rights of Indigenous People) တွင် ဖေါ်ပြထားသည်။
ထိုအဓိပ္ပာယ်ဆိုဖွင့်ချက်နှင့် နှိုင်းယှဉ်စဉ်းစားလျှင် သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် လက်တင် အမေရိကနိုင်ငံများတွင် မူရင်းဌာနေလူမျိုးများ ရှိနေသည်ကို အထင်အရှား တွေ့မြင်နိင်သည်။ ဥရောပတိုက်မှ လူဖြူများ ပြောင်းရွှေ့နေထိုင်ခြင်းမပြုမီ အချိန်ကတည်းက ထိုနိုင်ငံများတွင် အခြေချနေထိုင်နေကြသော လူမျိုးများ ရှိနေသည်။ နောက်မှရောက်လာပြီး အခြေချနေထိုင်ကြသော လူဖြူများသည် ထိုဒေသတွင် အုပ်ချုပ်သူများ ဖြစ် လာကြသည်။ ထိုအခါ ထိုဒေသတွင်နေထိုင်နေကြသောသူများသည် မူရင်းဌာနေလူမျိုးများ အဖြစ်သို့ ရောက် ရှိသွား သည်။
လူမျိုးတစ်မျိုးသည် မူရင်းဌာနေလူမျိုးဘဝသို့ ကျရောက်သွားပါက ထိုလူမျိုး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ လူမျိုး စရိုက် စသည်တို့ အရှည်သဖြင့် တည်တံ့ခိုင်မြဲနေစေရန်အတွက် ထိန်းသိမ်းပေးရန် လိုအပ်လာသည်။ တစ်နည်း အားဖြင့် ထိုလူမျိုးများ၏ စီမံခန့်ခွဲ အုပ်ချုပ်ရေးများကို လူမျိုးခြားများမှ စီမံဆောင်ရွက်ပေးခြင်းထက် ၎င်းတို့ဖာသာ ၎င်းတို့ စီမံအုပ်ချုပ်ခွင့်ပေးရန် လိုအပ်လာသည်။ ထိုအချက်ကို ဖြည့်ဆည်းပေးရန် မူရင်းဌာနေလူမျိုး များအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မူရင်းဌာနေလူမျိုးများနှင့် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခြင်း၊ အသိ မှတ်ပြုခြင်းများ ရှိလာသည်။
ထို့ကြောင့် မူရင်းဌာနေလူမျိုးများအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအခွင့်အရေးထက် လူ့အခွင့်အရေး ကာကွယ်ရန်အတွက် ကျင့်သုံးခြင်းဖြစ်သည်ဟုဆိုလျှင် ပို၍လျော်ကန်သည်။ တဖန် ထိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် အင်ပါယာခေတ်၊ ကိုလိုနီခေတ်၊ ဆိုဗီယက်ပြည်ထောင်စုခေတ်များက ကျင့်သုံးခဲ့သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကဲ့သို့ တွဲဖက်ထားသော နိုင်ငံကြီးမှ ခွဲထွက်ခွင့်ကိုကား အသိအမှတ်မပြုကြပေ။ သြစတြေးလျနိုင်ငံရှိ မူရင်းဌာနေလူမျိုး များကို သက်ဆိုင်ရာ နယ်မြေများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးထားပြီး ခွဲထွက်ခွင့်ကို အသိအမှတ် မပြုထားဘဲ မိခင်နိုင်ငံကြီးနှင့် တွဲဖက်ထားသည်ကို သာဓက အားဖြင့် လေ့လာသိရှိနိုင်သည်။
မြန်မာနိုင်ငံနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက အတိအကျအဓိပ္ပါယ်ဖွင့်ဆိုမှု မပြုနိုင်သေးသော ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကို နိုင်ငံရေးလိုအပ်ချက် သို့မဟုတ် လူ့အခွင့်အရေးလိုအပ်ချက် တစ်မျိုးမျိုးဖြင့် ကျင့်သုံးနေကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ ခွဲထွက်ခွင့်ရှိ၊ မရှိ ဆိုသည်မှာ ထိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးရခြင်း အကြောင်းအရင်းပေါ် မူတည်၍ စဉ်းစားရသောကိစ္စ ဖြစ်လာသည်။ မြန်မာနိုင်ငံကဲ့သို့သော တိုင်းရင်းသား လူမျိုးစုံနေထိုင်သည့် နိုင်ငံတစ် ခုတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မည်သို့ကျင့်သုံးမည်နည်း မေးရန်ရှိလာပါသည်။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကျင့်သုံးရန်လိုအပ်ရခြင်း အကြောင်းအရင်းကို စဉ်းစားလျှင် အင်ပါယာခေတ်၊ ကိုလိုနီခေတ်၊ ဆိုဗီယက် ပြည်ထောင် စုခေတ်များက ရှိခဲ့သော အခြေအနေများနှင့် ခြားနားသော အခြေခံအကြောင်းရင်းများ ရှိနေသည်ကို ထည့်သွင်း စဉ်း စား ရပေမည်။
ထို့အပြင် မြန်မာနိုင်ငံရှိ လူမျိုးစုံကို မူရင်းဌာနေလူမျိုးများအဖြစ် သတ်မှတ်ရန်လည်း မသင့်တော်ချေ။ မြန်မာ့အရေး ကျွမ်းကျင်သူ သမိုင်းသုတေသီ မာတင်-စမစ် နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံမှ လူမျိုးပေါင်းစုံကို တိုင်းရင်း သားလူမျိုးများ (Ethnic Nationalities) ဟူ၍ အသိအမှတ်ပြု၊ သတ်မှတ်သည်ကို တွေ့ရသည်။ ထို့ကြောင့် မြန် မာနိုင်ငံတွင် ရှိသော လူမျိုးစုံ အတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကျင့်သုံးရခြင်း၏ အကြောင်းအရင်းသည် မူရင်းဌာနေ လူမျိုးများ၏ အခွင့်အရေး ကာကွယ်ရန်ဟု အကြောင်းပြရန် မဆီလျှော်ချေ။
မြန်မာနိုင်ငံရှိ လူမျိုးစုံကို ကြည့်လျှင် ဗမာလူမျိုးများသည် လူများစု (majority) ဖြစ်ပြီး အခြား တိုင်းရင်းသား အားလုံးသည် လူနည်းစု (minority) ဖြစ်နေသည်ကို တွေ့ရသည်။ လူများစု၊ လူနည်းစု ပြဿနာများမှာလည်း မြန်မာနိင်ငံကဲ့သို့ပင် ကမ္ဘာနှင့်အဝန်း ရှိနေကြသည်။ လက်ရှိ မြန်မာပြည်တွင် ရှိနေသော လူများစု လူနည်းစု ပြဿနာကို နိုင်ငံရေးအရမှန်ကန်စွာ ဖြေရှင်းရန်လိုသည်။ လူများစု လူနည်းစု ပြဿနာနှင့် ပဋိပက္ခများ ပြေလည် စေရေးအတွက် လိုအပ်သော အခွင့်အရေးပေး ကုစားနိုင်မည့် နည်းလမ်းများကို ကုလသမဂ္ဂ အပါအဝင် လူ့အခွင့် အရေး အဖွဲ့အစည်းများက ကြိုးစားရှာဖွေလျက် ရှိသည်။ ကုလသမဂ္ဂ၏ လူနည်းစု ပြဿနာ လေ့လာရေးကို ထင်ဟပ်သော လူနည်းစု အခွင့်အရေး (Minority Rights) စာတမ်းမှ လူနည်းစု ပြဿနာ အပေါ် ရှုမြင်မှုများကို ကောက်နှုတ် တင်ပြလိုပါသည်။
နိုင်ငံတစ်ခု အတွင်း၌ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း ယုံကြည်မှုတို့တွင် တစ်ပြေးညီ တူညီသော လူတစ်မျိုးတည်း နေထိုင်ကြသည် မဟုတ်၊ နိုင်ငံအတော်များများတွင် လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း ယုံကြည်မှုတို့ အရ လူမျိုး တစ်မျိုးသည် လူများစု အဖြစ် နေနိုင်သော်လည်း ထိုနိုင်ငံတွင် လူနည်းစု အုပ်စုများ ရှိနေတတ်သည်။
လူနည်းစု အုပ်စုများ၏ အတူယှဉ်တွဲ နေထိုင်မှုသည် အစဉ်အမြဲ ငြိမ်းချမ်းနေသည်ဟုကား မဆိုနိုင်ပေ။ အကြမ်းဖက်မှုများ၊ ပဋိပက္ခများ ရှိနေနိုင်သည်။ ထိုပဋိပက္ခများသည် ဖိနှိပ်သော တန်ပြန် တုံ့ပြန်မှုများကို ဖြစ်စေနိုင်ခြင်း၊ ထိုပဋိပက္ခ ဖြစ်နေသော နိုင်ငံ၏ စည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်ခြင်း၊ ထို့ပြင် ဆက်စပ်နေသော အိမ်နီးချင်း နိုင်ငံများတွင် အန္တရာယ် ကျရောက်စေနိုင်ခြင်းများ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။
လူနည်းစုများ၏ အခွင့်အရေးကို ငြင်းပယ်ခြင်း ခံရပါက အပြည်ပြည်ဆိုင်ရာ အတိုင်းအတာ အရ အသိမှတ်ပြုထားသော လူ့အခွင့်အရေးများ ချိုးဖောက်ခံရတတ်သည်။ အပြည်ပြည်ဆိုင်ရာတွင် လူသား တစ်ဦးချင်းစီကို လွှမ်းခြုံမှုရှိသော လူ့အခွင့်အရေး စံချိန် စံညွှန်းများကို ဖော်ဆောင်ထားပြီး ဖြစ်သည်။ လူသား တစ်ဦးချင်းစီကို လွှမ်းခြုံမှု ရှိသကဲ့သို့ လူနည်းစု အုပ်စု၏ အဖွဲ့ဝင်များကိုလည်း လွှမ်းခြုံမှု ရှိရပေမည်။ ထိုလူနည်းစုများ၏ လူ့အခွင့်အရေးများကို အကာအကွယ်ပြုနိုင်ရန် ကုလသမဂ္ဂ အနေဖြင့် အကြိမ်ကြိမ် ထုတ်ဖော် ကြိုးစားခဲ့ပြီး ဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက လက်ခံ အတည်ပြုခဲ့သော နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီမှု (International Covenant on Civil and Political Rights) ပုဒ်မ (၂၇) တွင် လူနည်းစုများနှင့် ပတ်သက်၍ အောက်ပါ ပြဋ္ဌာန်းချက် ပါရှိသည်ကို တွေ့ရသည်။
"ဘာသာရေး (Religious) နှင့် ဘာသာစကား (Linguistic) လူနည်းစုများ တည်ရှိသော နိုင်ငံများတွင် ထိုလူနည်းစု အုပ်စုဝင် ပုဂ္ဂိုလ်များသည် လူ့အဖွဲ့အစည်းအတွင်း အခြားသော အဖွဲ့ဝင်များနည်းတူ ကိုယ်ပိုင်ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်ခွင့်၊ ကိုယ်ပိုင် ဘာသာတရားကို ဆည်းကပ် ပူဇော်ခွင့်၊ ကိုယ်ပိုင် ဘာသာစကားကို ပြောဆို သုံးစွဲပိုင်ခွင့်တို့ ငြင်းပယ်ခြင်း မခံထိုက်စေရ။"
သို့သော် ယနေ့ အချိန်အထိ ကုလသမဂ္ဂမှ လူနည်းစု၏ အခွင့်အရေး ကာကွယ်မှုနှင့် ပတ်သက်သော ပြဋ္ဌာန်း ချက်နှင့် အရေးယူ ဆောင်ရွက်မှုအရာတွင် ထိရောက်လှသည်တော့ မဟုတ်ပေ။ ကုလသမဂ္ဂ၏ ဦးဆောင်မှုအောက်၌ အလုပ်အဖွဲ့များ၊ ပဏာမ လေ့လာရေးအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီး လူနည်းစုအခွင့်အရေး ကာကွယ်မှု အတွက် တစ်ဆင့်စီ တိုးမြှင့် ဆောင်ရွက်လျက်ရှိသော အနေအထားသာ ဖြစ်သည်။ ကုလသမဂ္ဂနှင့် ယှဉ်ပြိုင်ပြီး လူနည်းစုများ၏ အခွင့်အရေး ကာကွယ်မှု အတွက် တစ်သီးပုဂ္ဂလ ပညာရှင်များနှင့် အဖွဲ့အစည်းများက အရှိန် အဟုန်ဖြင့် လူနည်းစု အခွင့်အရေးအတွက် လေ့လာ၊ တင်ပြမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ထိုတစ်သီး ပုဂ္ဂလ ပညာရှင်များနှင့် အဖွဲ့အစည်းများ၏ သုတေသနပြု လေ့လာ၊ တင်ပြမှုများအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးကို လူနည်းစုများ ကျင့်သုံးခွင့်ရှိကြောင်း တွေ့ရှိရသည်။ ၎င်းတို့၏ သုတေသန ပြုမှုသည် ကုလသမဂ္ဂ၏ လေ့လာမှုများ အပေါ်တွင် များစွာ အခြေခံထားသည်ကိုလည်း တွေ့ရသည်။ ၎င်းတို့၏ တင်ပြမှုသည် ကုလသမဂ္ဂမှ လက်ခံ အသိအမှတ် ပြုလာနိုင်သည့် အခွင့်အရေး တစ်ရပ်ကို ရှေ့ပြေး တင်ပြထား သကဲ့သို့ ဖြစ်နေသည်။
တိုင်းရင်းသား လူမျိုးအရ လူနည်းစုများ၏ အခွင့်အရေးနှင့် ပတ်သက်၍ အဓိက ဦးစားပေး လေ့လာထားသော သုတေသီ ဟာ့-ဖိ(သ) (Herb Feith) နှင် အလမ်-စမစ် (Alan Smith) တို့ ပူးတွဲ တင်ပြထားသော Self- determination In the 1990s: the Need for UN Guideline and Machinery to Resolve Ethno-Nationalists စာတမ်းတွင် ပါရှိသော အချက်များကို ကောက်နှုတ် ဖော်ပြလိုပါသည်။
“တတိယ ကမ္ဘာ့နိုင်ငံများတွင် အစိုးရကို ဆန့်ကျင်လျက် ရှိသော တိုင်းရင်းသား အမျိုးသားဝါဒီ (Ethno Nationalists) များက ၎င်းတို့တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိကြောင်း ပြောကြသည်။ ထိုတတိယ ကမ္ဘာ့နိုင်ငံ အများစုသည် ကိုလိုနီခေတ် အတွင်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အကျိုးကျေးဇူး အနေဖြင့် လွတ်လပ်ရေး ရလာသော နိုင်ငံများလည်း ဖြစ်ကြသည်။ ထိုနိုင်ငံများတွင် အစိုးရများကပြောလေ့ရှိသည်မှာ ထိုတိုင်း ရင်းသား အမျိုးသား ဝါဒီများနှင့် ဖြစ်ပွားသော ပဋိပက္ခသည် ပြည်တွင်းရေး သက်သက်သာ ဖြစ်၍ အခြား ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုနှင့် ပယောဂကို လက်ခံမည် မဟုတ်ဆိုသည့်အချက်ပင် ဖြစ်သည်။”
တိုင်းရင်းသား အမျိုးသား ဝါဒီများ၏ လွတ်မြောက်ရေး (Ethnic Liberation Movement) နှင့် ခွဲထွက်ရေး လှုပ်ရှား မှုများ ဖြစ်ပေါ် နေသော နိုင်ငံများတွင် တိုင်းပြည်၏ တည်ငြိမ်မှုကို ထိခိုက်လျက်ရှိသည်။ ထိုအတွက်ပြင်ပ လေ့လာ သူများ အနေဖြင့် အကြံပြုလေ့ရှိသည်မှာ အစိုးရနှင့် ထိုတိုင်းရင်းသား အမျိုးသား ဝါဒီများအကြား ပြန်လည် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရန် အကြံပေးလေ့ ရှိခြင်းပင်ဖြစ်သည်။
စာတမ်းကို ပြုစုသော သုတေသီများက ကိုလိုနီ နယ်ချဲ့ ဆန့်ကျင်ရေး လွတ်မြောက်မှုခေတ်တွင် ကိုလိုနီဘဝ ကျ ရောက်ခဲ့ရသော နိုင်ငံများတွင် ကျင့်သုံးခဲ့သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်သည် ပထမမျိုးဆက် (first generation) ဟု သတ်မှတ်လျှင် ထိုအခွင့်အရေး ကျင့်သုံးခဲ့ဖူးသော နိုင်ငံများ အတွင်းရှိ လူနည်းစုများ၏ ပြဿနာ ပြေလည်စေရေး အတွက်မူ ဒုတိယမျိုးဆက် (second generation) အဖြစ် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကျင့်သုံးသင့်ကြောင်း တင်ပြကြသည်။
လန်ဒန်တွင် အခြေစိုက်သော လူနည်းစု အခွင့်အရေး အဖွဲ့ (The Minority Rights Group) ၏ ၁၉၉၁ ထုတ်အစီရင် ခံစာ တစ်စောင်တွင် "လူနည်းစုများအပေါ် ဥပဒေက ရှုမြင် သုံးသပ်မှုမှာ ကျဉ်းမြောင်းလှပေသည်။ အကယ်၍သာ လူနည်းစုများက ခွဲထွက်ခွင့် အခွင့်အရေးကို ကျင့်သုံးမည် ဆိုပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးသည် လူနည်း စုများတွင် ကျင့်သုံးပိုင်ခွင့် မရှိဟု ဥပဒေက ဖော်ပြကြသည်ဟု" ဖော်ပြထားသည်။ စင်စစ်တွင် ထိုအစီရင် ခံစာသည် လူနည်းစုများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကြိုးပမ်း ဆောင်ရွက်သင့် ကြောင်း အချက်အလက်များဖြင့် တင်ပြထားသည်။ အချို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပညာရှင်များ သည် လူနည်းစုများအတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေး ကျင့်သုံးပိုင်ခွင့် ရှိကြောင်း အကျိုးအကြောင်း ခိုင်မာစွာဖြင့် လျှောက်လဲထားကြပြီး ဖြစ်သည်။
"ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်သည် ဥပဒေရေးရာ သဘောတရားထက် နိုင်ငံရေး သဘောတရား အဖြစ်သာ ရှုမြင်ရန် ပို၍ သင့်တော်သည်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို ဥပဒေရှုထောင့်မှ သုံးသပ်၍ လွယ်လွယ်နှင့် လက်ခံထားခြင်း မပြုဘဲ ပယ်ချတတ်သော်လည်း ယနေ့ အချိန်အထိ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပတ်သက်၍ ဥပဒေက အတိအကျ သတ်မှတ် ထားသော စံချိန်စံညွှန်းများ မရှိသေးပေ" ဟု ရီဂို-ဆူရီဒါ (A. Rego Sureda) က Evolution of the Right of Self-determination (1973) စာအုပ်တွင် ထောက်ပြထားသည်။
တစ်ဖန် "အခွင့်အရေး ကျင့်သုံးမှု၏ အကျိုးသက်ရောက်မှုနှင့် နှိုင်းယှဉ် စဉ်းစားလျှင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ပတ် သက်သော အဓိပ္ပါယ် ဖွင့်ဆိုချက်မှ အငြင်းပွားစရာ သက်သက် ဖြစ်သည်။ သို့သော် ဖြစ်လေ့ ဖြစ်ထ ရှိသည့်အတိုင်း နိုင်ငံရေးသည် ပထမအဆင့် နေရာတွင်လည်းရှိ၊ ထိန်းချုပ်နိုင်စွမ်း အားလည်းရှိပြီး လွတ်လပ်သည်၊ ဥပဒေသည် နိုင်ငံရေးကို မှီတည်၍သာ ဖြစ်ပေါ်ရသော ဒုတိယ အဆင့် နေရာတွင် သာရှိသည်" ဟု (Human Rights and Development, 1989) စာအုပ်တွင် ဒေးဗစ်ဖေါ်စတီ (Divid P. Forsythe) က ရေးသား ဖော်ပြထားသည်။
တစ်သီးပုဂ္ဂလ ပညာရှင်များနှင့် အဖွဲ့အစည်းများ၏ ကုလသမဂ္ဂ လေ့လာမှု အပေါ် အခြေခံ၍ တင်ပြမှုများ အရ လူနည်းစုများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးခွင့်ရှိကြောင်း ပေါ်လွင်နေပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူနည်းစုများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးခွင့် ရသင့်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသား လူမျိုးစုံ နိုင်ငံတစ်ခုအဖို့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းမှုအောက်တွင် မည်သည့်လူမျိုးကမျှ အခွင့်ထူးခံ မဖြစ်စေရေးနှင့် အခွင့်အရေး ညီမျှမှုရှိစေရန် လူမျိုးအသီးသီး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြင့် အာမခံချက် ပေးထားသင့် သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်ပြဿနာ
ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်သည် ကျင့်သုံးသူများ အပေါ် မူတည်၍ အဓိပ္ပါယ် ပြောင်းလဲမှု ရှိကြောင်း တင်ပြခဲ့ရပြီး ဖြစ် သည်။ ထိုအဓိပ္ပါယ် ပြောင်းလဲမှုများ အနက် အငြင်းပွားဖွယ် အဖြစ်ဆုံးမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွင် ခွဲထွက်ခွင့် ပါ/မပါ ဆိုသော အချက် ဖြစ်သည်။ အချို့က ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွင် ခွဲထွက်ခွင့် မပါဝင်ကြောင်း ဆိုကြသည်။ အချို့က ခွဲထွက်ခွင့်သည် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကျင့်သုံးမှု၏ အမြင့်ဆုံး အခွင့်အရေး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ခွဲထွက်ခွင့်သည် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကျင့်သုံးသော လူမျိုးအပေါ် မူတည်၍ ဆုံးဖြတ်ရသော အခွင့်အရေး ဖြစ်ကြောင်း ဆိုကြသည်။ သို့ဖြစ် မည်သို့သော ပြည်သူများသည် ခွဲထွက်ခွင့်ကို ကျင့်သုံးသင့်ကြောင်း သို့မဟုတ် ကျင့်သုံးခွင့် မရှိကြောင်း ငြင်းခုံခြင်းမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးခွင့်မရှိဆိုသည့် ငြင်းခုံပွဲဆီသို့ ဦးတည် သွားတတ်သည်။
ယနေ့ ကမ္ဘာနိုင်ငံ အတော်များများတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တောင်းဆိုမှုနှင့် ပတ်သက်၍ ကြုံတွေ့ရသော ပြဿ နာများကို ကြည့်လျှင် အဓိကအားဖြင့် နှစ်မျိုး တွေ့ရသည်။ ၎င်းတို့မှာ မူရင်းဌာနေ လူမျိုးများ အတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပြဿနာနှင့် လူမျိုးရေးအရ လူနည်းစု ဖြစ်နေသူများ အတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပြဿနာတို့ ဖြစ် သည်။ မူရင်းဌာနေ လူမျိုးများ အတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မှာ ခွဲထွက်ခွင့် မပါကြောင်းကို ယေဘုယျ အားဖြင့် လက်ခံကြသော်လည်း လူမျိုးရေး လူနည်းစုများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွင် ခွဲထွက်ခွင့် ပါ/မပါ ဆိုသည့် အချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်လျက် ရှိနေကြသည်။ ယခုအချိန်တွင် လူနည်းစုများ အတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို တသီး ပုဂ္ဂလ ပညာရှင် အချို့နှင့် အဖွဲ့အစည်းများက အခိုင်အမာ ပြောဆို လျှောက်လဲ နေကြသော်လည်း အပြည်ပြည်ဆိုင် ရာ ဥပဒေနှင့် ကမ္ဘာ့ ကုလသမဂ္ဂတို့တွင်မူ ထိုမျှအထိ လက်ခံထားခြင်း မရှိသေးပေ။ ထို အခြေနေမျိုးတွင် ထိုကိုယ် ပိုင် ပြဋ္ဌာန်းခွင့်တွင် ခွဲထွက်ခွင့် ပါ/မပါ ဆိုသည်မှာ မည်သို့မျှ အဖြေမပေးနိုင်သော ကိစ္စ ဖြစ်သည်။ အခြား တစ်ဖက် တွင်လည်း လူမျိုးရေး လူနည်းစုများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို ခွဲထွက်ခွင့် အပါအဝင် ကျင့်သုံးနိုင်ကြောင်း အာမခံထားသော အနေထားမျိုးကိုလည်း ဆိုဗီယက် ပြည်ထောင်စုတွင် တွေ့ရှိခဲ့ရသည်။ ဆိုဗီယက် ကွန်မြူနစ် ခေါင်းဆောင်များသည် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မည်သို့သော ရှုထောင့်မှ ချဉ်းကပ်သည် ဖြစ်စေ၊ ခွဲထွက်ခွင့် အခွင့်အရေးကို အသိမှတ်ပြုခဲ့ခြင်းမှာ အထင်အရှား ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် လူမျိုးရေး လူနည်းစုများ အတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကျင့်သုံးသော နိုင်ငံတစ်ခု အဖို့ ခွဲထွက်ခွင့်ကို အသိမှတ် ပြု/မပြု ဆိုသည်မှာ သက်ဆိုင်ရာ နိုင်ငံ၏ ပြဿနာ ဖြစ်လာ သည်။ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံရေး ကျောထောက်နောက်ခံ သမိုင်း ကြောင်းနှင့် ယှဉ်တွဲ စဉ်းစားရန် ဖြစ်သည်။
ဓါးလက်နက်နှင့် အကာအကွယ်ဒိုင်း
အင်ပါယာခေတ်နှင့် ကိုလိုနီခေတ်များက ကျင့်သုံးခဲ့သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များတွင် ခွဲထွက်ခွင့် ရှိခြင်းသည် ထိုခွဲထွက်ခွင့်ကို သက်ဆိုင်ရာ လူမျိုးများက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မဖြစ်မနေ ကျင့်သုံးပြီး လွတ်လပ်သော နိုင်ငံရေးအရ ဓား (knife) သဖွယ် တိုက်ခိုက်နိုင်သော လက်နက် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုတိုက်ခိုက် နိုင်သော ဓားလက်နက်ကို အသုံးပြု၍ လွတ်လပ်သော နိုင်ငံအဖြစ် တည်ထောင်နိုင်သော အခွင့်အရေးကို ရယူနိုင် ခြင်းကြောင့် ဖြစ်သည်။
ဆိုဗီယက် ပြည်ထောင်စုတွင် ခွဲထွက်ခွင့်ကို အသိမှတ်ပြုခြင်းသည် ကွန်မြူနစ် ခေါင်းဆောင်များ၏ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေး အမြင် သဘောထားဖြစ်သည့် (National in from, socialist in content) မူ မအောင်မြင် ပါက သက်ဆိုင်ရာ လူမျိုးများ ခွဲထွက်နိုင်ကြောင်း အာမခံ ထားပေးခြင်းကြောင့် ဖြစ်ပေါ်လာ ရသည်။ လီနင်၊ စတာလင် အပါအဝင် ဆိုဗီယက် ကွန်မြူနစ် ခေါင်းဆောင်များက ယုံကြည်သည်မှာ ပုံသဏ္ဍာန်အားဖြင့် လူမျိုးစုံကို အခြေခံထားရသော်လည်း နိုင်ငံရေး အနှစ်သာရ အားဖြင့် ဆိုရှယ်လစ် လူ့ဘောင်ကို တည်ဆောက်နိုင် သော အခါ လူမျိုးရေး ပြဿနာများသည် ကွယ်ပျောက်သွားပြီး ခွဲထွက်ခွင့် ပြဿနာသည်လည်း အလိုလို ဖြေရှင်းပြီးသား ဖြစ်လိမ့်မည် ဟူ၍ ဖြစ်သည်။ အထက်ပါမူ အရ ဆိုဗီယက် ပြည်ထောင်စု အတွင်း ဆိုရှယ်လစ် လူ့ဘောင် တည် ဆောက်မှုကို လူမျိုရေး လူနည်းစု အသီးသီးက အချိန်ပေး စောင့်ကြည့်ရန် ဖြစ်ပြီး အကယ်၍ မအောင်မြင်ပါက လူနည်းစုများ ခွဲထွက်နိုင်ကြောင်း အာမခံချက် ပေးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဆိုဗီယက် ပြည်ထောင်စု၏ လူနည်းစုများ ကျင့်သုံးနိုင်သော ခွဲထွက်ခွင့် အခွင့်အရေးသည် နိုင်ငံရေး အာမခံချက် ဖြစ်ပြီး ထိုအာမခံချက် အရ လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်ရန် ဖြစ်သဖြင့် ထိုသို့သော ခွဲထွက်ခွင့်သည် အကာအကွယ်ဒိုင်း (shield) သာ ဖြစ်သည်။ အင်ပါယာခေတ်၊ ကိုလိုနီခေတ်များက ကျင့်သုံးခဲ့သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ပါ ခွဲထွက်ခွင့်ကဲ့သို့ တိုက်ခိုက်နိုင်သော အာဏာရှိသည့် ဓားလက်နက်သဖွယ် မဟုတ်ချေ။
မြန်မာနိုင်ငံအတွက် ဒိုင်း
လွတ်လပ်ရေးကို ဗမာလူမျိုး တစ်မျိုးတည်း မဟုတ်ဘဲ အခြားသော တိုင်းရင်းသား လူမျိုးများနှင့် တွဲဖက်၍ ယူနိုင်ရန် လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား လူနည်းစုများကို နိုင်ငံရေး အာမခံချက် တစ်ချို့ ပေးခဲ့ရသည်။ ပင်လုံစာချုပ်သည် တိုင်းရင်း သားလူနည်းစုများ၏ အခွင့်အရေးကို အာမခံချက်ပေးသော အထင်ကရ စာချုပ်ကြီးပင် ဖြစ်သည်။ ထိုစာချုပ်ကို အခြေခံ ရေးဆွဲသော ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေတွင် တိုင်းရင်းသား လူနည်းစုများ၏ ခွဲထွက်ခွင့်ကို အသိမှတ်ပြုခြင်းသည် နိုင်ငံရေး အာမခံချက် ဖြစ်သည်။ ၁၉၄၇ အခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ ၂၀၁ မှ ၂၀၆ အထိ ပြဌာန်းများမှာ တိုင်းရင်းသားပြည်နယ်များ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ခွဲထွက်လိုက ဥပဒေပြဌာန်းချက်များနှင့်အညီ ခွဲထွက်နိုင်ကြောင်း ပြဌာန်း ထားသည်။ ပြည်နယ်များ ခွဲထွက်ခွင့်ကို အခြေခံ ဥပဒေတွင် ထည့်သွင်းပြဌာန်းခြင်းမှာ ကမ္ဘာတွင် ဆိုဗီယက် ပြည် ထောင်စုနှင့် မြန်မာ နှစ်နိုင်ငံသာရှိသည်။
မြန်မာနိုင်ငံ တိုင်းရင်းသား လူနည်းစုများ၏ ကိုယ်ပိုင်ပြဌားန်ခွင့်တွင် ခွဲထွက်ခွင့်ရှိသည်ဆိုပါက ၎င်းသည် တိုက်ခိုက်နိုင်သော ဓါးသဖွယ် လက်နက်မဟုတ်ပဲ၊ အာမခံချက်သုံးနိုင်သည့် ဒိုင်းသာဖြစ်သည်။