ပေ ၃၀×၁၂၀ ခန့်ရှိသော သံဆူးများကာရံထားသည့် အချုပ်ခန်းတွင်းသို့ ဝင်လိုက်သည်နှင့် သူခိုး၊ ဂျပိုးများကဲ့သို့ စတင်အော်ငေါက်ခံရတော့သည်" ဟေ့ကောင်တွေ အဲ့မှာထိုင်၊ ခါးဆန့်လက်ကိုဆန့်ထား၊ ငါ့စကားနားထောင်၊ ပြောတဲ့အတိုင်းလုပ်၊ မလုပ်လို့ကတော့ အရိုက်ခံရမယ်မှတ်လို့ဆိုသည်။
"လူသတ်မှု၊ ဆေးမှုတို့ဖြင့် ထောင်နန်းစံနေသူများက ၅၀၅-က ဆိုသူ နိုင်ငံရေးအမှုဖြင့် ရောက်လာသူများအား ပုံစံထိုင်ခိုင်းရန် တာဝန်များ ယူထားကြသည်။ နေရာကား အင်းစိန်ထောင် တရားစခန်းတွင်ဖြစ်သည်။
ထိုင်ထအပါအဝင် ပုံစံအမျိုးမျိုးပြ၍ ထောင်တွင်းနေထိုင်ရမည့်ပုံစံများကို ထိုလူမိုက်၊ သူခိုးမှုများက သင်ပေးကြသည်။ ထို့သို့ထိုင်ခိုင်းရင်း သူတို့စိတ်တိုင်းမကျလျှင် မထင်ရင်မထင်သလို ရိုက်တတ်သေးသည်။
ခိုင်းသလို မလုပ်ချင်လျှင်တော့ ၅၀၀၀ ကျပ်ပေးရသည်။ ငွေပေးလျှင် သူတို့ပုံစံပေးနေသည်ကို ထိုင်ကြည့်နေရုံသာဖြစ်သည်။ ထောင်ထဲမှာ ငွေဖြင့်ဖြေရှင်းခြင်းကို ထောင်အခေါ် ဘောင်ချာဖြတ်သည်ဟုခေါ်သည်။ ဘောင်ချာရှိသူများ နေချင်သလိုနေလို့ရသည်။
ပုံစံပေးပြီး ဘောင်ချာကိစ္စက မပြီးပြတ်သွားသေး၊ နေရာဘောင်ချာ ဆက်ဖြတ်ရသည်။ ထောင်ထဲက ကိုယ့်အိပ်ရမည့် ကိုယ့်နေရာကိုတောင် ငွေပေးပြီး ဝယ်နေရသည်။ အိပ်မည့်နေရာတစ်ခုလျှင် ၁၀၀၀၀ ကျပ်ပေးရသည်။ မပေးချင်လျှင် သူတို့အိပ်ခိုင်းသောနေရာတွင် ကျပ်ညှပ်သပ်စွာဖြင့် အိပ်ကြရသည်။ ဘေးစောင်းအိပ်ရသဖြင့် လှုပ်ရှားဖို့ပင် မလွယ်ကူပေ။
ည ၉ နာရီဆိုလျှင် စအိပ်ရသည်။ အိပ်ချိန်ရောက်သည်နှင့် သေးပေါက်၊ အိပ်သာတက်မည့်သူက ညစောင့် (ထောင်အခေါ် ဗာယာ) ထံ ခွင့်တောင်းရသည်။ ဗာယာခွင့်ပြုမှ အိမ်သာသွားရသည်။ လူအယောက်ရာကျော်ရှိသည့် ထောင်အခန်းတစ်ခန်းတွင် အိမ်သာက နှစ်ခု၊ သုံးခုသာရှိသည်။ လူလေးဦး၊ ငါးဦး အိမ်သာတွင်ရှိနေလျှင် အခြားအိမ်သာတက်ချင်သူက ခဏစောင့်နေရသည်။ ဤသို့ဖြင့် အောင့်အီးခံရင်း မနက် ၅ နာရီထိုးသွားတော့သည်။
မနက် ၅ နာရီမထိုးခင် ဗာယာက အိမ်သာကိစ္စအပြီးလုပ်ကြဖို့ သတိပေးသည်။ ၅ နာရီတီးသည်နှင့် ဘုရားရှိခိုးခိုင်းတော့သည်။ ပြီးလျှင် ထိုင်လျက် တန်းစီနေရာချထားပြီး ထောင်ဝန်ထမ်းလာရောက်စစ်ဆေးမှုကို ထိုင်စောင့်နေရသည်။ မနက် ၆ နာရီထိုး လာရောက်စစ်ဆေးချိန်မှာတော့ ပုံစံထိုင်ရကာ စစ်ဆေးခံရသည်။ သူတို့ထုတ်ထားသည့် စည်းကမ်းချက်များအား ကလေးလေးတစ်ယောက်လို လိုက်ဆိုရသည်။ မဆိုလျှင် အပြစ်ပေးသည်။ ပြီးလျှင် ထောင်မှခန့်ထားသော အခန်းသူကြီး ရာဇဝတ်ပြစ်မှုဖြင့် ထောင်ကျသူများက အမှာစကားများ မိန့်ကြားကြသည်။ ထောင်ဝန်ထမ်းများက ၁၀ ဖိုးလုပ်ခိုင်းသည်ကို သူတို့က ၂၀ ဖိုး လုပ်ခိုင်းတော့သည်။ ထိုသို့ခိုင်းသည်ကို ထောင်ဝန်ထမ်းများက မတားဆီးကြပေ။ ပိုသဘောကျကြသည်။ တန်းစီအပြီး လာပို့ထားသော မနက်စာ ထမင်းကြော် (သို့မဟုတ်) ဆန်ပြုတ်ကို စားကြပြီး အခန်းသူကြီးများခိုင်းသည့် အလုပ်များကို လုပ်ကြရသည်။ ထိုအစားအစာများက ဆားမပါ၊ ဆီမပါ။ ကံကောင်းသည်မှာ အိမ်ကပို့ထားသော ပါဆယ်အကြော်အလှော်များကြောင့်သာ မနက်စာပြီးစီးရခြင်းဖြစ်သည်။ စားပြီးလျှင် အချို့က ဆန်အိပ်ထမ်း၊ အချို့က ရေခပ်၊ အချို့က အိမ်သာဆေး၊ အချို့က အမှိုက်ပစ်၊ အချို့က သစ်ပင်စိုက်၊ အချို့က မိလ္လာခပ် စသည့်အလုပ်များအား လုပ်ကြရသည်။
အလုပ်များပြီးမှ အခန်းလိုက် အလှည့်ကြ ရေးချိုးရသည်။ လူသတ်မှုဖြင့် အမှုရင်ဆိုင်နေရသူတစ်ဦးကို ရေတာဝန်ခံရာထူးပေးထားသည်။ ထိုသူက ရေကန်ဘောင်ပေါ်မှရပ်ကာ ရေးချိုးဖို့အမိန့်ပေးသည်။ "ဟေ့ယောင်တွေ ချိုးတော့၊ ရပ်တော့ ဆပ်ပြာတိုက်၊ ချိုး" သူပြောသည့်အတိုင်း ရေချိုးရသည်။ ရပ်ဆိုသည်နှင် ဆက်မချိုးရတော့။ ဆက်ချိုးလျှင် အဆဲခံရသည်။ ရေချိုးတာ ဝ၊ မဝက သူကိစ္စမဟုတ်။ ဆပ်ပြာရေများရောကာ ရေညှိရောင်သန်းနေသောရေအား မဝ၊ တဝချိုးအပြီး ထမင်းစားတန်းစီဖို့ ပြင်ရတော့သည်။ "ထမင်းစား တန်းစီမယ်" အသံကအခန်းတစ်ခုလုံး ဟိန်းထွက်သွားသည်။ နေ့လည်စာ ပဲဟင်းစားရသည်။ ညနေကိုတော့ တစ်ခါတလေ အသားကျွေးသည်၊ တစ်ခါတလေ ကြက်ဥကျွေးသည်။ အင်းစိန်ထောင်မှ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ တရားဝင်တစ်နေ့တာ စားစာရိတ်က အသားကျွေးသည့်နေ့အတွက် ၁၀၀၀ ကျပ်ဝန်းကျင်ဖြစ်၍ ဟင်းဖြင့်ကျွေးသည့်နေ့ ကုန်ကြငွေမှာ ၇၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
ထမင်းစားပြီး အခန်းသန့်ရှင်းမှုလုပ်ရကာ ၁၀ နာရီခွဲ လာစစ်ဆေးမည့်ချိန်အတွက် ထိုင်ကာတန်းစီစောင့်နေရသည်။ လာစစ်ဆေးပြီးမှ အိပ်သူကအိပ်၊ TV ကြည့်သူကကြည့်နှင့် ယာယီနားကြရသည်။ ယာယီနားချိန်ဆိုလျှင် အချုပ်ခန်းအား ပိတ်ထားသည်။ TV မှာ ထောင်မှပေးထားသော ပစ္စည်းမဟုတ်ပဲ ခွင့်ပြုချက်ဖြင့် ၅၀၅ များမှ ဝိုင်းလှူဝယ်ထားသော အများပိုင်ပစ္စည်းသာဖြစ်သည်။ MRTV ရုပ်သံသတင်းပင် မကြည့်ရပေ။ အပြင်မှာမဖတ်ချင်ကြသည့် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာကို ကံကောင်း၍ ဖတ်ကြရသည်လို့ဆိုရမလို။ နေ့လည် ၂ နာရီခွဲ အချုပ်ခန်းပြန်ဖွင့်ပေးပြီး အလှည့်ကျ အလုပ်ခဏလုပ်ကြပြီး ရေချိုးဖို့တန်းစီ စောင့်နေကြရသည်။ ထုံးစံအတိုင်း အမိန့်ပေးသံဖြင့် ရေကိုချိုးရကာ တစ်ခန်းပြီးတစ်ခန်း ရေချိုးရသည်။ ရေချိုးပြီး ညနေစာအတွက် တန်းစီးကြပြီး ထမင်းနှင့်ဟင်းကို ယူကြရသည်။ ထမင်းစားပြီး သန့်ရှင်းရေးလုပ်ကာ ၄ နာရီခွဲ စစ်ဆေးချိန်ကို တန်းစီစောင့်နေရသည်။ တန်းစီးပြီး ဘုရားရှေ့ခိုးကြသည်။ ခဏမျှအနားယူကြပြီး ညနေ ၆ နာရီအပြီး တန်းပိတ်ချိန်အတွက် ၅ နာရီခွဲလောက်ကစ၍ ထိုင်တန်းစီ စောင့်နေရသည်။ စစ်ဆေးပြီးမှသာ အနားယူကြရသည်။ အနားယူချိန်တွင်လည်း အပြည့်အဝမနားကြရ၊ ပြဿနာပေါ်ရင် ပေါ်သလို လုပ်ကြရသည်။ အရေးပေါ် ကျန်းမာရေးမကောင်းသူဆိုလျှင် ဆေးရုံသို့ ပို့ရသည်၊ မီးပျက်သွားလျှင် "အိပ်ဆောင်ကောင်းပါတယ်ဆရာ" ဟု အသံကျယ်အော်ကာ တစ်မိနစ်တစ်ကြိမ် အော်နေရသည်။ ဒီကြားထဲ စကားသံကျယ်ကျယ်ပြောမိလျှင် အခန်းသူကြီး၊ စည်းကမ်းထိန်း၊ ထောင်ဝန်ထမ်းတို့၏ ဆဲဆိုကြိမ်းမောင်းမှုကို ခံကြရသေးသည်။
ပေ ၃၀×၁၂၀ ခန့်ရှိသော သံဆူးများကာရံထားသည့် အချုပ်ခန်းတွင်းသို့ ဝင်လိုက်သည်နှင့် သူခိုး၊ ကြမ်းပိုးများကဲ့သို့ စတင်အော်ငေါက်ခံရတော့သည်။ "ဟေ့ကောင်တွေ အဲ့မှာထိုင်၊ ခါးဆန့်လက်ကိုဆန့်ထား၊ ငါ့စကားနားထောင်၊ ပြောတဲ့အတိုင်းလုပ်၊ မလုပ်လို့ကတော့ အရိုက်ခံရမယ်မှတ်" လို့ဆိုသည်။
ယခုအဖြစ်အပျက်မှာ အင်းစိန်ထောင်မကြီးထဲက ၅၀၅ များအား ထားရှိထားသော တရားစခန်းနေရာပင်ဖြစ်သည်။ ထိုနေရာတွင် အခန်း လေးခန်းရှိသည်။ အခန်း (၁) တွင် အကျ (ထောင်ဒဏ်ချမှတ်ပြီးသူ) များထား၍ အခန်း (၂) အား ပုံစံခန်းပြုလုပ်ထားသည်။ အကျခန်းတွင် မာရှယ်လောထုတ်ထားသောမြို့နယ်များမှ အမိန့်ချပြီးသော ၅၀၅ များနှင့် လက်နက်အမှုများကို ထားသည်။ သေမိန့်နှင့် နှစ်ကြီးအမိန့်ချလိုက်သူများအား နှစ်ရှည်ခန်းနှင့် အထွေထွေအမှု အကျများရှိသော ထောင်မကြီးရှိအဆောင်များတွင် ထားထားသည်။ ပုံစံခန်းတွင် အချုပ်နှင့် အကျရောထားထားသည်။ အခန်း (၃) နှင့် (၄) တွင် ၅၀၅ အချုပ်များအားထားသည်။ လက်ရှိ ဤလေးခန်းလုံးတွင် ဖမ်းစီးခံ ၇၀၀ ခန့် ကျန်သေးသည်။
ဤနေရာနှင့် ၅၀၅ များကို သီးသန့်ထိန်းသိမ်းထားသော သီးတွင်းဟုခေါ်သော ထောင်အငယ်တွင် ယခုလို တင်းကြပ်သော စည်းကမ်းများ ချမှတ်ထားမှု မရှိသလို ပုံစံခန်းလည်း ရှိမနေပေ။ ထို့ကြောင့် ယခုထက်ပိုလွတ်လပ်သည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အကျုဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်ဇော် (ယခင်အင်းစိန် ထောင်ပိုင်) လာရောက်စစ်ဆေးခဲ့သော မတ်လပိုင်းခန့်က ၅၀၅ များအား အထွေထွေအကျဉ်းသားများနှင့် မတူညီသော ထိန်းသိမ်းမှုများဖြင့် ဆက်ဆံကြရန် မှားထားကြောင်း ပြောဆိုခဲ့ပေမယ့် အောက်ခြေဝန်ထမ်းများ၏ လုပ်ဆောင်ချက်မှာ တခြားစီးဖြစ်နေပြီး လက်ရှိ ကျန်ရှိနေသေးသော ၅၀၅ များမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများစွာဖြင့် နေထိုင်နေရသည်။
နောက်အခွင့်အရေးချိုးဖောက်ခံရမှု့တစ်ခုမှာ အခန်းပြင်တွင် စကားပြောနေချိန်၊ အလုပ်အား၍ ခြင်းခတ်နေချိန်များတွင် နှစ်ပွင့်၊ သုံးပွင့်ရာထူးရှိ ထောင်ဝန်ထမ်းများဝင်လာလျှင် "ရှေ့ကြည့်" ဆိုသည့် အသံကျယ်ကြီးက အချုပ်ခန်းပြင်ရောက်နေကြသော ၅၀၅ များအားလုံးအား ထိုင်ချလိုက်ဟု သတိပေးလိုက်ခြင်းပေ။ ထိုအသံကြားသည်နှင့် ရပ်နေသူအားလုံး ထိုင်ကြရသည်။ လွတ်လပ်ရေးမရခင်ကာလက ဗြိတိသျှတို့ကျင့်သုံးခဲ့သော အကျဉ်းထောင်ဥပေဒ၏ ဆိုးမွေတစ်ခုပင်။ ဤဥပဒေအား ယခုထိ ကျင့်သုံးနေသေးသည်။ အရှင်သခင် ဗြိတိသျှများဝင်လာလျှင် ကျွန်အဖြစ်သတ်မှတ်ခံထားရသော ဗမာများ ထိုင်ခဲ့ကြရသည်မဟုတ်ပါလား။ ယခုအခြေအနေများကို အမြန်ဆုံးကူညီပေးဖို့ လိုအပ်နေပါသည်။