အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်နှင့် မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးလှဆောင်တို့ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၂၅ ရက်အကြာ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီ အချိန်ခန့်တွင် ၎င်းတို့ကို ထိန်းသိမ်းထားသည့် ၆၀၃ အမြောက်တပ်မှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ပြန်လွှတ်ပေးခဲ့သဖြင့် စိတ်အေးချမ်းရာရပြီဖြစ်ကြောင်း ဦးမျိုးမျိုးကျော်၏ ဇနီးဖြစ်သူက ပြောသည်။
တပ်မတော် အာဏာသိမ်းသည့်နေ့မှစတင်ပြီး မိုးညှင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဝန်းရံသူစုစုပေါင်း ၁၉ ယောက်ကိုထိန်းသိမ်းခဲ့ပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးမျိုးမျိုးကျော်နှင့် ဦးလှဆောင်တို့ကို ရက်ရှည်ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။