ကိုဗစ်ကာလ မဲပေးခြင်းဆိုင်ရာ စိုးရိမ်မှုများအပေါ် မွန်ဒေသခံလူငယ်များ၏ အသံများ

ကိုဗစ်ကာလ မဲပေးခြင်းဆိုင်ရာ စိုးရိမ်မှုများအပေါ် မွန်ဒေသခံလူငယ်များ၏ အသံများ
by -
ရန်လင်းအောင် (MNA)

၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။ သို့သော် လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးကူးစက်မှု မြင့်မားနေပြီး လက်ရှိ နိုဝင်ဘာ ၇ ရက်အထိတွင် ကူးစက်ခံရသူနှစ်သောင်းကျော်ရှိပြီး သေဆုံးသူ ၅၀၀ နီးပါးရှိနေပြီ ဖြစ်သည်။ ထိုသို့ အခုလို ကိုဗစ်ဖြစ်ပွားမှု မြင့်မားနေချိန်တွင် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည့်အတွက် စိုးရိမ်မှုများ၊ အကြံပြုချက်များနှင့်ပတ်သက်၍ မွန်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်များ၏ အမြင်များကို တင်ပြလိုက်ရပါသည်။

မင်းခန်တီ (သံဖြူဇရပ်မြို့ဒေသခံ)

“လက်ရှိ Covid ကာလမှာ ပိုးတွေ့ရှိသူ တစ်ဖြေးဖြေးနဲ့ များလာတယ်။ ဒီရွေးကောက်ပွဲနဲ့ဆိုတော့ တစ်နည်းတစ်ဖုံ ပြန်စဉ်းစားဖို့ လိုတယ်ပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိတိကျကျ သတင်းထုတ်ပြန်သင့်တယ်။ တကယ်လို့များ ရွေးကောက်ပွဲ မရွှေ့ဆိုင်းဘူးဆိုရင် ဥပမာ မဲရုံတွေခွဲရင်လည်း ခွဲပေါ့လေ။ အရေအတွက်များအောင် လုပ်ရမယ်။ လူတွေမစုဝေးအောင် Social Distancing ဖြစ်အောင် မဲရုံနှစ်ရုံရှိရင် လေးရုံ ငါးရုံ အများကြီးခွဲသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒါမှ လူတွေလာတဲ့နေရာမှာ မစုဝေးအောင် မဲရုံတွေ ခွဲသင့်တယ်လို့ ကျွန်တော်မြင်တယ်။ မဲဆွယ်စည်းရုံးရေး သွားတဲ့ အခါမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး ဆော်ဩပေးဖို့ Mask တွေတပ်ပေးဖို့ အခုက ပါတီတွေက ဂရုမစိုက်သလို ကျွန်တော်မြင်တယ် လူတွေများရင် များသလိုလုပ်ကြတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆော်ဩတာနည်းတယ်ပေါ့နော်။ လူစုလူဝေး မဖြစ်အောင် တားတာလည်း သိပ်မရှိဘူး။ ထိန်းချုပ်တာမရှိဘူး။ ဒီအတိုင်းပဲ လုပ်ကြတာများတယ်။ ဒီအတိုင်းဆိုရင်တော့ နည်းနည်းတော့ အန္တ္တရာယ်ရှိတာပေါ့နော်”

မမြတ်နိုးခင် (မော်လမြိုင်မြို့ဒေသခံ)

“လက်ရှိ သူတို့အနေနဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်လို့ မထင်ဘူးပေါ့နော်။ ရွေးကောက်ပွဲနေ့က နီးလည်းနီးပြီဆိုတော့ ရွှေ့ဆိုင်းပါလို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီးတော့မှ မဲရုံတွေ ရှိစေချင်တယ်။ ရွေးကောက်ပွဲက တစ်နေ့ပဲလုပ်မှာ။ တစ်ရပ်ကွက်မှာ မဲရုံ ငါးရုံ ပုံမှန်ဖွင့်ရင် အခုကာလမှာ နှစ်ဆလောက်တိုးပြီး ဖွင့်သင့်တာပေါ့နော်။ သူတို့ကတော့ တိုးချဲ့ဖွင့်လှစ်မယ်ပြောပေမဲ့ လက်ရှိအထိကို တိတိကျကျ မထုတ်ပြန်သေးဘူးထင်တယ်။ ဘယ်လိုမဲပေးရမလဲဆိုတာအစ သေသေချာချာမသိဘူး။ Online သုံးတဲ့သူတွေက သိပေ မယ့် တစ်ချို့ရွာကသူတွေက သိမနေဘူး။ အခုမွန်ပြည်နယ်မှာ Stay at Home ကို ဘီးလင်းနဲ့ မော်လမြိုင်ပဲ ထုတ်ထားတာပေါ့လေ။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးသွားတဲ့အခါမှာ လူအုပ်နဲ့သွားတာက အဆင်မပြေနေဘူး။ တစ်ဖက်ကလည်း ကိုဗစ်က ရှိနေတာဆိုတော့လေ ပြီးတော့ မဲဆွယ်ရာမှာ Online Media ကို ပိုပြီးသုံးစေချင်တာပေါ့”

ခွန်လခို (သထုံမြို့နယ်ဒေသခံ)

“ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်တယ်ပေါ့လေ။ ပြည်သူလူထုတွေ စိုးရိမ်စိတ်တအားများတယ်။ ရောဂါကူးစက်နှုန်းကလည်း များလာပြီး သေနှုန်းကလည်း တက်လာပြီဆိုတော့ မဲရုံကိုသွားပြီး မဲသွားပေးရင် လူစုလူဝေးက မဖြစ်မနေ ဖြစ်မှာပဲ။ UEC က တင်းတင်းကြပ်ကြပ်လေးလုပ်ရင်တော့ အဆင်ပြေမယ်ပေါ့လေ။ မဲရုံထပ်တိုးမယ် အဲလိုပုံစံတွေပေါ့လေ။ ဒါပေမဲ့ သူတို့ထုတ်ပြန်ချက် မြန်မြန်ထုတ်ပြန်မှ ရမယ်ပေါ့နော်။ ရွေးကောက်ပွဲကလည်း နီးနေပြီး ဒါပေမဲ့ သူတို့ ခုထိ ဘာမှမထုတ်ပြန်သေးဘူး။ ပြည်သူလူထုတွေစီကို သတင်းအချက်အလက်တွေရအောင် လုပ်သင့်တယ်ပေါ့”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...