ကိုဗစ်ကာလ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်အပေါ် ကယားပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၏အမြင်များ

ကိုဗစ်ကာလ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်အပေါ် ကယားပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၏အမြင်များ
by -
နော်ဒွေးအယ်ခူ (KT)

မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှု မြင့်မားလာခြင်းနှင့်အတူ အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် ပါတီများက ကျယ်ကျယ်လောင်လောင် တောင်းဆိုလျက်ရှိသည်။

သို့သော် တိုင်းရင်းသားပါတီတချို့ကမူ ရွေးကောက်ပွဲရွှေ့ဆိုင်းပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာမည်စိုးရိမ်ကာ ရွေးကောက်ပွဲကို ယခင်ကြေညာထားသည့်အတိုင်း နိုဝင်ဘာ ၈ ရက်တွင်ကျင်းပရန် လိုလားလျက်ရှိသည်။ ထို့ကြောင့် ကိုဗစ်ကာလ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် ကယားပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တချို့၏ သဘောထားများ၊ အမြင်များကို ဖော်ပြလိုက်ရပါသည်။

ကိုကျော်ထင်အောင် (LAIN နည်းပညာပြုအထောက်အကူအဖွဲ့)

“၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၂၀ ထဲမှာပဲ မဖြစ်မနေ လုပ်ရမယ့်အခြေအနေလည်းရှိသလို တိုင်းပြည်အာဏာကို ဥပဒေနဲ့အညီ ရယူသွားတယ်ဆိုပြီးတော့မှ လုပ်မယ့်အန္တရာယ်ကလည်း ကျွန်တော်တို့မှာ ရှိတဲ့အတွက်ကြောင့် အလွန်ဆုံး နောက်ဆုတ်နိုင်ရင်လည်း တစ်လခွဲလောက်ပဲ နောက်ဆုတ်နိုင်မယ့် အခြေအနေရှိတယ်။ အဲဒီ တစ်လခွဲလိုဟာမျိုးကို နောက်ဆုတ်ပြီးတော့မှ ကျင်းပသင့်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ တကယ်တမ်း လူ့အသက်ထက် ကျန်တာတွေက အရေးမကြီးပါဘူး။ ကျန်တာတွေက ပြန်တည်ဆောက်လို့ရပေမယ့် လူ့အသက်ကိုရင်းပြီးတော့ မဖြစ်မနေ ကျင်းပရမယ်ဆိုတဲ့ ပုံစံမျိုးအထိ အခြေအနေဆိုးလာမယ်ဆိုရင်တော ရွှေ့ကိုရွှေ့ဆိုင်းသင့်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ပြည်နယ်မှာတော့ လက်ရှိအခြေအနေနဲ့ဆိုရင်တော့ မရွှေ့ဆိုင်းလည်းရတဲ့ အခြေအနေရှိတယ်။ သို့သော် ပါတီအလိုက် ပြန်ပြီးကြည့်မယ်ဆိုရင်တော့ လက်ရှိ အနိုင်ရပါတီနဲ့ ငွေကြေးချမ်းသာတဲ့ ပါတီတွေကတော့ ပိုပြီးတော့ အားသာတဲ့အခြေအနေကို ဖြစ်စေပါတယ်။ ဒီကိုဗစ်ကြောင့်မို့လို့ မဲဆွယ်စည်းရုံးဖို့ တီဗီတွေ ရေဒီယိုထဲကနေ တိုင်းရင်းသားပါတီငယ်လေးက မပြောဆိုနိုင်သော်လည်း ပါတီကြီးတွေက ပြောဆိုနိုင်မှုတွေ ဆိုရှယ်မီဒီယာတွေမှာ ငွေအားတွေကော လက်ရှိ လုပ်ပိုင်ခွင့်အခြေအနေကြောင့်မို့လို့ကို နိုင်ငံပိုင်မီဒီယာကနေ သုံးခွင့်ရှိနေတဲ့ အခြေအနေအရကြောင့်မို့လို့ ပါတီကြီးတွေရဲ့ မဲဆွယ်စည်းရုံးမှုနဲ့ ပုံရိပ်တည်ဆောက်မှုကတော့ ကျန်တဲ့တိုင်းရင်းသားပါတီငယ်ထက် သာတဲ့အခြေအနေ ရှိနေတာကြောင့်မို့လို့ ဒီကိုဗစ်ကာလမှာ ကျင်းပမယ်ဆိုရင်ေတာ့ Free and Fair Election ဆိုတဲ့ အခြေအနေထဲမှာဆိုရင်တော့ ကျတော်တို့ကတော့ Fair တော့ သိပ်မဖြစ်ဘူးလို့ပဲ သုံးသပ်ပါတယ်”

ဦးဗညား (ကရင်နီလူ့အခွင့်အရေးအဖွဲ့)

“တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲလို့ ပြောလို့ရတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် စိုးရိမ်စရာဖြစ်နေပါတယ်။ ကျွန်တော်ထင်တာက ဖြစ်နိုင်ရင်တော့ စနစ်တကျပေါ့နော်။ ကိုဗစ်ကိုလည်း တွန်းလှန်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့ UEC က ခုကတည်းက အစီအစဉ်ချဖို့လိုတယ်။ ကျွန်တော်ထင်တယ် သူတို့ချည်းပဲ ချလို့မရဘူး။ နိုင်ငံတော်အစိုးရဌာနတွေရယ်၊ ဥပမာ - ကျန်းမာရေးဆိုင်ရာဌာနတွေပါမယ်။ တစ်ဖက်မှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေ၊ပါတီတွေ၊ အကုန်လုံးညှိနှိုင်းပြီးတော့မှ ဒေသတစ်ခုချင်းစီအလိုက် မြို့နယ်အလိုက် ပြည်နယ်အလိုက် ခရိုင်အလိုက် မူဘောင်သတ်မှတ်ပြီး လုပ်ဆောင်ရင် အောင်မြင်မှာပါ။ ဒါမှမဟုတ် သူတို့စိတ်တိုင်းကျ ညွှန်ကြားမှုအတိုင်း တစ်သွေမတိမ်း လုပ်မယ်ဆိုရင်တော့ အခက်အခဲတွေရှိမယ်။ မသာမာမှုတွေရှိမယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာလည်း ဗန်းပြရုံပဲဖြစ်ပြီးတော့ အနှစ်သာရ ကင်းမဲ့တယ်သွားမယ်လို့မြင်တယ်”

စောအယ်ကလူး (ကရင်နီပြည်လူမျိုးစုလူငယ်ဦးဆောင်ကော်မတီအဖွဲ့ဝင်)

“၂၀၂၀ရွေးကောက်ပွဲမှာ ကိုဗစ်ကာလနဲ့ကြည့်မယ်ဆိုရင် စိုးရိမ်တာက ရိုးသားမှုမရှိတာကိုစိုးရိမ်ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုဗစ်ကိုအကြောင်းပြပြီး ကြားထဲမှာ မဲမသာမှုရှိမှာစိုးရိမ်ရတယ်။ နောက်ပြီးတော့ မဲဆန္ဒရှင်တွေရဲ့အမည်တွေဆိုရင် မှားယွင်းမှုတွေအများကြီးရှိတယ်။ တစ်ချို့က မထည့်ချင်တော့တဲ့ ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ မသမာမှုရှိမှာကို စိုးရိမ်တယ်”

မအယ်ဒီးနာ (ပြည်နယ်ငြိမ်းချမ်းရေးကူညီပံ့ပိုးသူ)

“ရွေးကောက်ပွဲမှာ လူထုအနေနဲ့ အကောင်းဆုံးပါတီပဲ ရွေးချယ်ဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက ကျွန်မတို့ ရွေးချယ်ခဲ့တဲ့ခေါင်းဆောင်က လူထုအတွက် အဆင်ပြေရဲ့လား ဆိုတဲ့အပေါ်မှာ ပြန်ကြည့်ပြီးတော့ ဒီ ၂၀၂၀ မှာ အကောင်းဆုံးရွေးချယ်ဖို့လိုတယ်။ ဒါပေမဲ့ တစ်ခုစိုးရိမ်ရတာ ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့  ကိုယ့်အခွင့်အရေးအတွက် ရွေးကောက်ပွဲသွားပြီး မဲထည့်ရမဲ့အချိန် တစ်ဖက်ကလည်း ကပ်ဘေးကြောင့် ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်”

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...