ကိုဗစ်ကပ်ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာသကဲ့သို့ လူအသေအပျောက်လည်း ပိုမိုများပြားလာသည့်အတွက် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးကို ရွှေ့ဆိုင်းကျင်းပရန်လိုကြောင်း ပြောဆိုသံများမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလျက်ရှိသည်။
သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအခြေအနေအထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်မရှိကြောင်း ပြောကြားထားရာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်/မသင့်နှင့်ပတ်သက်၍ တိုင်းရင်းသားပါတီခေါင်းဆောင်များ၏ အမြင်သဘောထားများကို ဖော်ပြလိုက်ရပါသည်။
ဦးကွမ်ဂေါင်အောင်ခမ်း (ဒုတိယ ဥက္ကဋ္ဌ- ၂) ကချင်ပြည်နယ် ပြည်နယ်ပြည်သူ့ပါတီ (KSPP)
“ရွေးကောက်ပွဲ ရွှေ့မယ်/မရွှေ့ဘူးဆိုတာက အဓိကကတော့ ဒီ ၂၀၀၈ အခြေခံဥပဒေဟာ ဘယ်လိုမျိုးရှိသလဲ။ ဒီစစ်တပ်ကနေ အာဏာ သိမ်းလို့ရသလား ရွေးကောက်ပွဲ ရွှေ့လိုက်ရင် ဒါတွေက တရားဝင်မလား၊ မဝင်ဘူးလား၊ ဒါတွေကလည်း တစ်ဖက်ကနေ ဖြစ်တာပေါ့နော်။ တစ်ဖက်ကနေလည်း ပါတီတွေလည်း အကုန်လုံး အနည်းဆုံးဗျား အွန်လိုင်းအစည်းအဝေးတွေလုပ်ပြီးမှ သဘောထားတွေကြည့်ပြီးမှ အကုန်လုံးကို သဘောထားတွေဆွေးနွေးပြီးမှ လုပ်တာက အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ ဟာမျိုးတော့ ပြောလိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သဘောမတူပါဘူးဆိုလည်း ကျန်တဲ့ပါတီတွေက သဘောတူရင် အလကားပဲဖြစ်တယ်။ အကုန်လုံး ညှိညှိနှိုင်းနှိုင်းနဲ့ပဲ ရွေးကောက်ပွဲကို လုပ်မလား/မလုပ်ဘူးလား၊ ကျန်းမာရေးအခြေအနေ ဘယ်လိုဖြစ်သလဲဆိုတဲ့ အပိုင်းကိုတော့ ကျွတ်တော်တို့ ဒါကိုတော့ ပြောချင်ပါတယ်။ တကယ်လို့များ ကျန်းမာရေးရှု့ထောင်ကနေပဲကြည့်ကြည့် ဒီရောဂါအခြေအနေ ဆိုးဝါးပြီးမှ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း လူတွေကတော့ ရောဂါကူးတာများလာမယ်။ အသေအပျောက်တွေလည်း များလာမယ်။ ဒါကြောင့် အစိုးရ၊ အတိုက်အခံပါတီတွေနဲ့ NLD ပါတီတွေရော ကျန်တဲ့ပါတီတွေရော အကုန်လုံး ညှိညှိနှိုင်းနှိုင်းနဲ့လုပ်ပြီးမှ ဆွေးနွေးသင့်တယ်လို့ ပြောလိုပါတယ်”
စိုင်းလိတ် (အထွေထွေအတွင်းရေးမှူးချုပ် )ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)
“ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးရှိမှာမို့လို့ ပိုပြီးတော့ လုံခြုံစိတ်ချရမှာမို့လို့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းမယ်ဆိုရင်လည်း ကျွန်တော်တို့ဖက်ကတော့ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး။ တကယ်လို့ အဲလိုမဟုတ်ဘူး ရွေးကောက်ပွဲက အင်မတန်အရေးကြီးပါတယ်။ သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက် နေ့မှာပဲ လုပ်သွားမယ်ဆိုရင်လည်းပဲ ကျွန်တော်တို့က ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် လူထုရဲ့ ကျန်းမာရေးက မဲပေးတဲ့ကိစ္စထက်ကို ရွေးကောက်ပွဲကိစ္စထက်ကို ပိုပြီးအရေးကြီးတယ်ဆိုတာကိုတော့ ကျနော်တို့ လုံး၀ လက်သင့်ခံထားပါတယ်။ ကျနော်တို့ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ လွတ်လပ်စွာ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေချင်တာ။ အဲလိုမျိုးဖြစ်ဖို့ဆိုလို့ရှိရင် လူထုကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲအပေါ်မှာ စိတ်ပါဝင်စားစွာနဲ့ မဲလာပေးဖို့ လိုအပ်ပါတယ်။ အဲလိုစိတ်ပါဝင်စားလာနိုင်အောင်ဆိုတာကလည်း လူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လူထုရဲ့ ကျန်းမာရေးအာမခံနိုင်မှုက အပြည့်အ၀ ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲလိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပတာမျိုးထက်ကို ထူထုကျန်းမာရေးအတွက်ကို ပိုပြီးတော့မှ အာရုံစိုက်လုပ်ဆောင်ပေးသင့်တယ်ဆိုတာမျိုးပဲ ဖြည့်ပြောချင်ပါတယ်”
ဦးသဲရယ် (အတွင်းရေးမှူး) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)
“ဒီထက်ဆိုးလာမယ်ဆိုလို့ရှိရင်တော့ ရွှေ့သင့်တာပေါ့နော်။ ဒါပေမယ့် ရွှေ့သင့်တယ်ဆိုတဲ့နေရာမှာကလည်း ဘယ်လောက်အထိ ရွှေ့မလဲပေါ့။ နောက်တစ်ခုကရှိတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ ပေးထားချက်ကိုလည်း ကျနော်တို့ တစ်ချက်ပြန်ကြည့်ရမှာဖြစ်တယ်။ ဘာလို့လဲ ဆိုလို့ရှိရင် တစ်လ နှစ်လ အဲလိုရွှေ့ရင်တော့ ပြဿနာမရှိဘူးပေါ့။ နှစ်နှင့်ချီပြီးတော့ ကျနော်တို့ ရွေးကောက်ပွဲရွှေ့လိုက်မယ်ဆိုလို့ရှိရင် ဒီကြားထဲမှာ အရေးပေါ်အတွက်ဆိုပြီးတော့မှ ကျွန်တော်တို့ ဥပဒေတစ်ရပ် ပြဌာန်းဖို့လည်း လိုတာပေါ့။ ဘာလို့လဲဆိုရင် ၂၀၀၈ အခြေခံဥပဒေအရက တစ်ကယ်လို့ သတ်မှတ်တဲ့အချိန်မှာ ငါးနှစ်ပြည့်တာနဲ့ကို အစိုးရတစ်ရပ် အစားမထိုးနိုင်ဘူးဆိုလို့ရှိရင်တော့ တပ်မတော်ကနေပြီးတော့ အော်တိုမက်တစ် သူဝင်ပြီးတော့မှ အုပ်ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဟာမျိုးတွေလည်း ကျနော်တို့ စိုးရိမ်စရာတစ်ခုဖြစ်တာပေါ့လေ။ ဆိုတော့ ကျနော်တို့ ရွေ့မယ်ဆိုလို့ရှိရင်လည်း တစ်ပတ်နှစ်ပတ် တစ်လနှစ်လပဲ ရွေ့မယ်ဆိုလို့ရှိရင် ဒီရောဂါ အနေနဲ့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပါမလား ဆိုတဲ့ဟာလည်း စိုးရိမ်စရာဖြစ်တယ်။ နောက်တစ်ခုက ကျနော်တို့က နှစ်နဲ့ချီပြီးတော့ ရွှေ့မယ်ဆိုလို့ရှိရင်လည်း တစ်ဖက်က ဥပဒေအရ ဒါက အရပ်သားအစိုးရကနေ တပ်မတော်ကို ပြန်ပြီးမှ အာဏာလွှဲရမဲ့ဟာတွေလည်း ဖြစ်နေတဲ့အခါကျတော့ ဒီကြားထဲမှာ နည်းနည်းလေး ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေတော့ လုပ်ဖို့လိုလိမ့်မယ်လို့ ကျနော် ယူဆရတာပေါ့နော်”
နိုင်လယီတမ (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁) မွန်ညီညွှတ်ရေးပါတီ (MUP)
“ကျွန်တော်တို့ သဘောထားကတော့ ဒီကိုဗစ်ရောဂါ အနေအထားက နှစ်နဲ့ချီပြီးသွားမယ့် အနေအထားရှိတယ်။ အဲဒါကြောင့် ဒီအပေါ်မှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းမယ်ဆိုလို့ရှိရင် နိုင်ငံအတွက် မလိုလားအပ်တဲ့ နိုင်ငံရေးအကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ အပေါ် စိုးရိမ်တယ်။ အဲကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကတော့ ပုံမှန်အတိုင်းကျင်းပပေးရမယ်လို့ မြင်ပါတယ်။ အဲတော့ ဘယ်လိုပဲဖြစ်စေ ဒီကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းကို လိုက်နိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်ကြပ်ပြီးတော့ ရွေးကောက်ပွဲကိုတော့ ပုံမှန်ကျင်းပမယ့်နေ့ ကြေညာထားတဲ့နေ့အတိုင်းကို ကျင်းပဖို့သင့်တယ်”
မန်းအောင်ပြည်စိုး (ဥက္ကဋ္ဌ) ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)
“UEC ကပြောတာက တောင်ကိုရီးယားတို့လို စင်္ကာပူတို့ဆို ကိုဗစ်ရောဂါရှိရက်သားနဲ့ ကျင်းပဖြစ်တယ်ပေါ့၊ ကျင်းပနိုင်ခဲ့တယ်ပေါ့ ဆိုတော့ လုပ်မှာပဲဆိုတဲ့ သဘောမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက်တော့ ကြိုတင်ပြင်ဆင်ထားတယ်။ ကြိုတင်ပြင်ဆင်ထားပြီးတော့မှ ဗြုန်းကနဲ မကျင်းပဖြစ်ဘူးဆိုရင်လည်း ကျွန်တော်တို့က ဖတ်ဖတ်မောတဲ့ အနေအထားဖြစ်မယ်။ နောက်တစ်ဖက်ကကြည့်ရင် ရောဂါဘယရှိနေတာနဲ့ ရာထူးအာဏာရမယ့်ဟာနဲ့ ဘယ်ဟာအရေးကြီးသလဲ စဉ်းစား ဆုံးဖြတ်လိုက်တဲ့အခါမှာ ရောဂါဘယက ပိုအရေးကြီးတယ်။ အသက်သေရမယ့်ဟာက ပိုပြီးတော့ အရေးကြီးတယ်။ ဟိုဖက်အာဏာကမရရင်လည်း ကိစ္စမရှိဘူး။ အဲလိုအနေအထားမျိုး ရှိသည့်အတွက် မလိုအပ်ဘူးဆိုလို့ရှိရင် ရွှေ့သင့်ရင်လည်း ရွှေ့ဖို့ဖန်တီးလာတယ်ဆိုလို့ရှိရင်လည်း ရွေ့သင့်တယ်။ ဒါပေမဲ့ ဒီကရင်ပြည်နယ်မှာ ဆိုလို့ရှိရင်တော့ Lock Down တွေဘာတွေလည်း မရှိသေးဘူး။ ဥပမာ မွန်ပြည်နယ်ကနေ ဒီကိုလာတာကိုပဲ ပိတ်ထားတယ်။ အဲသလောက်ပဲ ရှိသေးတယ်။ ဒါကြောင့် အခုအနေအထားထိ ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲလုပ်လိုက်ရင်လည်း ကျွန်တော်တို့ အနေနဲ့ လုပ်ချင်တာပေါ့နော်။ ဒါပေမယ့် ဒါထက်ပိုပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်လာရင် အများကြီး ရောဂါတွေ ကူးစက်လာတယ်ဆိုရင်တော့ ရွှေ့လိုက်တာကောင်းမယ်လို့ပြောလိုတယ်”