သျှမ်းမြောက်တွင် ၂ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရ၊ တဦးသေ

သျှမ်းမြောက်တွင် ၂ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရ၊ တဦးသေ

သျှမ်းပြည်မြောက်ပိုင်း တွင် ၂ ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရပြီး၊ အမျိုးသားတဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ရက် ည ၇နာရီ ဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၇)၊နယ်မြေ (၅)တွင် နေထိုင်သည့် အမျိုးသားတဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်လာရောက်ပစ်သွားပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ မှ စိုင်းဝဿုန်ထွန်း က “ စက်တင်ဘာ (၅)ရက်နေ့က အမျိုးသားတဦး သေနတ်ပစ်ခံရပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့တယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသေနတ်ပစ်ခံရပြီး သေဆုံးသွားသူကို လားရှိုး ရွှေသံလွင် လူမှုကူညီရေးအသင်းမှ သွားရောက် သယ်ဆောင်ကာ လားရှိုး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

“ သေနတ်ဒဏ်ရာကတော့ ရင်ဘတ်တည့်တည့်ပါပဲ။ ဘယ်အဖွဲ့ကလာပစ်လဲ မသိဘူး” ဟု လားရှိုးမြို့တွင် နေထိုင်သည့် စိုင်းမင်း က ပြောသည်။

ထိုနည်းတူ စက်တင်ဘာ ၆ ရက် ည (၇နာရီခွဲ) အချိန်တွင် သီပေါမြို့ ရွှေကျောင်းရပ်ကွက်တွင် အမျိုးသမီး တဦး သေနတ်ပစ်ခံရပြီး ခြေထောက်တွင် ကျည်ထိမှန်ခဲ့ကြောင်း သီပေါမြို့နေထိုင်သူ အသိုင်းအဝန်းက သျှမ်းသံတော် ဆင့်ကို ပြောသည်။

“ မနေ့ညကတော့ အမျိုးသမီး သေနတ်ပစ်ခံရတာ ဟုတ်ပါတယ်။ ခြေထောက်ထိသွားတယ်။ အခြေအနေ က မစိုးရိမ်ရဘူး” ဟု ရွှေကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနီဝင်းဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မည်သည့် လက်နက်ကိုင် အဖွဲ့မှ လာရောက်ပစ်သည်ကို စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဦးနီဝင်းဦး က ပြောသည်။

“ ကျနော်တို့ ဒီအမှုကို စုံစမ်းနေဆဲပါ။ ကျနော်တို့ သေချာပြောလို့မရသေးဘူး။ လက်ရှိမှာတော့ ခြေထောက် ထိမှန်တဲ့သူကတော့ ဆေးရုံမှာပါပဲ” ဟု ဦးနီဝင်းဦး က ပြောသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး သီပေါမြို့မရဲစခန်းကို သျှမ်းသံတော်ဆင့် မှ ဖုန်းဆက်သွယ်မေးမြန်းသည့်အခါ စုံစမ်းနေဆဲကြောင်း သာ ဖြေဆိုခဲ့သည်။

သျှမ်းမြောက် လားရှိုးမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း သေနတ်ပစ်သတ်ခံရမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ တရားခံကိုတကြိမ်တခါမျှ မဖမ်းဆီးရမိကြောင်းလည်း ဒေသခံများက ပြောသည်။

“ သေနတ်ပစ်ခံရတယ်။ ပြီးရင် ဒီတိုင်းပဲ အမှုကပျောက်သွားတယ်။ တရားခံ တခါမှ မမိဘူး။ ကျနော်တို့က ဒီမှာနေတာနေနေရတာ စိတ်တော့မလုံခြုံဘူး” ဟု သီပေါ ဒေသခံအမျိုးသမီး တဦးကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့စစ်များနှင့် အစိုးရ တပ်မတော်တို့ လှုပ်ရှားသွားလာသည်ဖြစ်ရာ တိုက်ပွဲလည်းမကြာခဏ ဖြစ်ပွါးသည့်နေရာဖြစ်ပါသည်။

Most read this week

တရုတ်နိုင်ငံသို့ တင်သွင်းနေမည့် ကြံကားများ
December 18, 2024
တရုတ်အာဏာပိုင်များသည် စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီးနောက် ညီနောင်မဟာမိတ်တပ်...
December 17, 2024
သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် လူသုံးဆေးဝါးများ...
December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 16, 2024
မြန်မာပြည်တွင်း အင်တာနက်လိုင်း ဈေးအဆမတန်တက်သွားမှုကြောင့် အွန်လိုင်းကိုအသုံးပြုပြီး...