“ကဗျာ...
လေမခတ်ဘဲ တံခါးချပ်လေး လှုပ်လို့
ကာရန် ပါပါ မပါပါ
အသံ သာသာ မသာသာ
မင်းလာသွားတယ် မဟုတ်လားကွာ....”
အထက်ပါ ကဗျာစာစုလေးကို ၂၀၁၅ နိုဝင်ဘာတွင် ကောက်သစ်ဦး စာပေအင်အားစုက ထုတ်ဝေသည့် ကရင်တွေရေးတဲ့ကဗျာများ (11×3) စာအုပ်တွင် ကဗျာဆရာဖြစ်သူ ဆရာမုန်းအောင်က ရိုးရိုးရှင်းရှင်း ရေးဖွဲ့ထားသည်။
ဆရာမုန်းအောင်၏ ကလောင်ကို ကရင်စာပေအသိုင်းအဝိုင်းတွင် ရင်းနှီးကျွမ်းဝင်သူများသော်လည်း အခြားတဖက်တွင်မူ သူကို ကဗျာဆရာတစ်ဦးထက် လွှတ်တော်အမတ်တဦးအဖြစ် လူသိများသည်။
သူသည်လက်ရှိ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ် အမှတ် ၂ လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား၊ လူမျိုးများ အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ၊ စောသူရအောင်အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။
ယခုလို အမတ်တစ်ဦးလည်းဖြစ်သလို ကဗျာဆရာတစ်ဦးလည်းဖြစ်ခြင်းသည် သူ့အတွက် ကွာခြားမှု ကြီးကြီးမားမားမရှိဟု ဆရာမုန်းအောင်ကပြောပြသည်။
အဘယ်ကြောင့်ဆိုသော် ကဗျာရေးရာတွင် နိုင်ငံရေးခံယူချက်ရှိရမည်ဟု သူက ဆိုသည်။ ဥပဒေပြုရေးအပိုင်း အဓိကလုပ်ဆောင်ရသည့်အတွက် ဥပဒေများသည် တိတိကျကျရေးရသည့်သဘောရှိကာ ကဗျာကမူ အနက်အမျိုးမျိုးထွက်သည့် သဘောဆောင်သည့်အတွက် ပိုလွတ်လပ်သည်ဟု သူကဆိုသည်။
“တခုတော့ ရှိတယ်ဗျာ၊ ကဗျာဆရာလောက်တော့ နိုင်ငံရေးသမားဘဝက မလွတ်လပ်ဘူးပေါ့ဗျာ” ဟု သူက ကေအိုင်စီသို့ ရင်ဖွင့် ပြောသည်။
အခြားတဖက်တွင်မူ ငယ်စဉ်အချိန်ကဖြစ်ခဲ့သည့် ပိုလီယိုရောဂါကြောင့် ခြေထောက်တစ်ဖက်မသန်စွမ်းဖြစ်ကာ ချိုင်းထောင့်အားကိုးဖြင့် သွားလာလှုပ်ရှားရပြီး မသန်စွမ်းလွတ်တော်အမတ်အဖြစ် လူသိများသလို မသန်စွမ်းအသိုင်းအဝိုင်းတွင် သူ့ကို စံနမူနာထားရသူအဖြစ် မြင်တွေ့ရသည်။
“ကျနော် ၁၁ လ လောက်ထိ လမ်းလျှောက်သေးတယ်လို့ မိဘတွေကပြောတယ်၊ နောက်ပိုင်း ပိုလီယိုဖြစ်တော့ ဆေးရုံနဲ့အိမ် သွားလိုက် ပြန်လိုက်ပဲ နောက်ဆုံးတော့ အခုလို ခြေထောက်တစ်ဖက်မသန်တော့ဘူး” ဟု ဆရာမုန်းအောင် ပြောသည်။
စောသူရအောင် (ခ) ဆရာမုန်းအောင်ကို ၁၉၇၅ ခုနှစ်တွင် ပဲခူးတိုင်း အနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ငရှည့်ရိုး ကျေးရွာအုပ်စု၊ ကျောင်းစုရွာ၌ မွေးဖွားခဲ့သည်။
သူ့ဖခင်သည် မူလတန်းကျောင်းအုပ်ဆရာတဦးဖြစ်ကာ မိခင်ဖြစ်သူသည် ကျေးရွာထွေအုပ်စာရေး ဖြစ်သည်။ သူသည် မွေးချင်းငါးယောက်တွင် အကြီးဆုံးဖြစ်သည်။
ငရှည့်ရိုးကျေးရွာ မူလတန်းကျောင်းတွင် ကျောင်းစတက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အထက အုပ်ဖိုမှ ဆယ်တန်းစာမေးပွဲ အောင်မြင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အဝေးသင်တက္ကသိုလ် ပြည်ဌာနခွဲမှ ရူပဗေဒအထူးပြုဘွဲ့ရခဲ့သည်။
သူသည် ၁၉၈၇ ခုနှစ် ငွေစက္ကူ အရေးအခင်းဖြစ်ပြီးနောက် ကျောင်းများပိတ်ထားစဉ် ဆရာကြီးမင်းသုဝဏ်၏ “ကဗျာရေးချင် စာဆက်သင်” စာအုပ်ကို ဖတ်မိရာမှတစ်ဆင့် ကဗျာစရေးဖြစ်သွားသည်။
၁၉၉၁ ခုနှစ် မတ်လတွင် ပညာတန်ဆောင်မဂ္ဂဇင်း၌ ဖော်ပြခံရသည့် “ရွှေတနေ့ ငွေတနေ့” ကဗျာသည် သူ၏ ပထမဦးဆုံးသော ပုံနှိပ်စာမူဖြစ်ခဲ့သည်။
ဘွဲ့ရပြီးနောက် ကျူရှင်ဆရာအဖြစ်ရပ်တည်ခဲ့သလို တွဲဖက်အထက်တန်းကျောင်းနှင့် ပညာဒါနကျောင်းများတွင် သင်ကြားခဲ့ကာ ကျူရှင် ဆရာဘဝကို နိုင်ငံရေးလောကသို့ မဝင်ရောက်မီ ၁၃ နှစ်ခန့် လုပ်ကိုင်ခဲ့သေးသည်။
“အဓိကသင်တာက ရူပဗေဒပါ။ ဒါပေမဲ့ ကျွန်တော်က တစ်ဦးချင်း ဂိုက်လည်းသင်တယ်ဆိုတော့ ဘာသာစုံသင်ပေးခဲ့ရတာပါပဲ” ဟု ကျူရှင်ဆရာဘဝ ဖြတ်သန်းပုံကို ပြန်လည်ပြောပြသည်။
ထိုသို့ ကျူရှင်သင်ရင်း အခြားတဖက်တွင် ကဗျာရေးကာ ကဗျာရွပ်ဖတ်ရန်အတွက် သံစဉ်ရှာရင်း ဂီတပိုင်းကို ၁၀ နှစ်လောက် လေ့လာခဲ့ပြီး ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ဖျော်ဖြေပွဲများတွင် စင်ပေါ် တက်တီးခဲ့ဖူးသော် လည်း မထွန်းပေါက်ခဲ့ဟု သူက ဆိုသည်။
ယခုလို ဘဝဖြတ်သန်းနေရင်း ၂၀၁၂ ခုနှစ်တွင် NLD ပါတီ တရားဝင်ပြန်မှတ်ပုံတင်သောအခါ ပါတီတွင်းသို့ ဝင်ရောက်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီက ကိုယ်စားလှယ်လောင်းလျှောက်လွှာခေါ်သောအခါ လျှောက်လွှာတင်ခဲ့ပြီး သူအရွေးခံရပြီးနောက် လွှတ်တော်အမတ်တဦး ဖြစ်လာခဲ့သည်။
ထိုနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား၊ လူမျိုးများ အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ပညာရေး ကျမ်းမာရေး လူမှုရေးနဲ့ အလုပ်သမားရေးရာကော်မတီမှာ အဖွဲ့ဝင်အနေနဲ့ တစ်နှစ်ခွဲလောက် တာဝန်ယူခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးများဆိုင်ရာ ကော်မတီဥက္ကဌ အဖြစ်တာဝန်ပေးခြင်းခံရသည်ဟု သူကရှင်းပြသည်။
“နိုင်ငံရေးလောကမှာ ဘယ်လောက်ကြားဦးမလဲဆိုတာတော့ မပြောတက်သေးဘူးဗျာ၊ နေ့စဉ် ဖိအားက ရှိနေတယ်။ စိတ်ဖိအားရှိတယ်။ ကျွန်တော် ဒီတခါ နိုင်ငံရေးလောကမှာ ပြန်မလျှောက်တော့ဘူးလို့စဉ်စားထားတာ။ ဒါပေမဲ့ ငါးနှစ်လောက်လုပ်ရတာ အားမရသေးဘူး၊ ဘာလို့လည်းဆိုတော့ လွှတ်တော်လုပ်ငန်းနားလည်ဖို့ အသားကျဖို့က အနည်းဆုံး နှစ်နှစ်လောက် ရုန်းကန်ခဲ့ရတယ်” ဟု သူကဖွင့်ဟသည်။
မသန်စွမ်း အမတ်တစ်ဦးဖြစ်သည်နှင့်အညီ မသန်စွမ်းအခွင့်အရေးများကို ဟောပြောခြင်း၊ လူမှုဝန်ထမ်းကပေးအပ်သည့် မသန်စွမ်းထောက်ပံ့ကြေးများရအောင် စီစဉ်ပေးခြင်း၊ မသန်စွမ်း အဖွဲ့အစည်းအသီးသီးက ပြုလုပ်သည့် အခမ်းအနားများ၊ စင်မီနာများ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်းများကို အခါအားလျော်စွာ ပြုလုပ်ခဲ့သည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းအရေးလုပ်ဆောင်နေသူများက ပဲခူးတိုင်းအရှေ့ခြမ်းရှိ မိုင်းဒဏ်ခံရသည့် ရွှေကျင်၊ ကျောက်ကြီးဘက်ကိုသာ အားပြုလုပ်ဆောင်လေ့ရှိကာ သူ့အနေဖြင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ မသန်စွမ်းများ အခွင့်အရေးရရှိအောင် တက်နိုင်သည့်ဘက်က လုပ်ဆောင်ပေးရသည်များရှိသည်ဟု သူကဆိုသည်။
တိုင်းရင်းသား၊ လူမျိုးရေးရာကော်မတီ ဥက္ကဌတဦးဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီးရှိ တိုင်းရင်းသားအားလုံးနှင့်ဆိုင်သည့် ကိစ္စရပ်များကို လုပ်ဆောင်ပေးရကာ အများစုသည် ဖွံ့ဖြိုးရေးအပိုင်း နောက်ကျသည့်အခြေအနေကို တွေ့ရသည်ဟု သူကဆိုသည်။
ထို့အပြင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကရင်များအနေဖြင့် ကရင်စာ၊ ကရင်စကားကို အလွယ်တကူ ပြောတက်နေသော်လည်း ပဲခူးတိုင်းအနောက်ခြမ်းရှိ ကရင်များကမူ စာ၊ စကားပိုင်း အားနည်းသွားသည်များရှိကြောင်း ထို့အတွက် သူတို့ကို ပစ်ပယ်သည့်ပုံစံမျိုး သဘောမထားရန် ကဗျာတစ်ပုဒ်ရေးကာ ရင်ဖွင့်ပြသည်။
တို့တတွေ
တို့အရပ်က လူတွေဟာ
တို့ဇာတ်ကို မနိုင့်တနိုင် ကနေရတာ ကြာြပီပဲ။
ဗမာထဲသွားရင်
မြင်ရုံနဲ့ ကရင်မှန်းသိ
ဥပဓိရှိကြသူတွေပေါ့။
ကရင်ထဲသွားရင်
လျှာြဖတ်ခံထားရတဲ့အလား
အပါး အမိုးကလွဲ
ကိုယ့်ဆဲလို့ အဆဲခံရမှန်းမသိအောင်
အောက်ကျ နောက်ကျ။
တို့တစ်တွေဟာ
ရိုးရာဓလေ့တွေ မြတ်နိုး
သစ်သူခိုးတွေ မဟုတ်ကြဘူးကွယ်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အုတ်ဖိုမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးမဲဆန္ဒနယ်တွင် ပြန်အရွေးခံရန် NLD က သူ့ကို ရွေးချယ်ထားပြီးဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင်အနိုင်ရပါက တက်စွမ်းသလောက် ဒေသဖွံ့ဖြိုးရေး၊ မသန်စွမ်းအရေးတို့ကို ဆက်လုပ်သွားရန် အားခဲထားသည်။
လွှတ်တော်အမတ်တစ်ဦးအနေဖြင့် တချိန်ချိန်တွင် အနားယူရန်ရှိသော်လည်း နိုင်ငံရေးကိုမူ လူသားတဦးအနေဖြင့် ပြီးဆုံးသည့်သဘောမရှိဟု သူကပြောသည်။
“လူတယောက်အနေနဲ့တော့ နိုင်ငံရေးက ပြီးသွားတယ်မရှိဘူး၊ လွှတ်တော်နိုင်ငံရေးအနေနဲ့ကတော့ အချိန်တန်ရင် ကိုယ်လည်း အလှည့်ပေးရမှာပဲလေ” ဟု သူကရှင်းပြသည်။
အခြားတဖက်တွင်မူ အမတ်အဖြစ်မှ အနားယူပြီးနောက် ကဗျာဆရာဘဝဖြင့် အေးအေးလူလူ ဖြတ်သန်းသွားရန်ဆန္ဒရှိပြီး၊ ကဗျာနှင့်ပတ်သက်၍ တစ်ဦးတည်း ကဗျာစာအုပ်ထုတ်ခြင်း၊ ဘာသာပြန် ကဗျာလေးများရေးခြင်းနှင့် စာအုပ်ထုတ်ခြင်းများပြုလုပ်သွားရန် စဉ်စားထားသည်ဟု ဆရာမုန်းအောင်ကဆိုသည်။
ကဗျာသည် “လေမခတ်ဘဲ တံခါးချပ်လေးလှုပ်လို့၊ ကာရန် ပါပါ မပါပါ၊ အသံ သာသာ မသာသာ၊ မင်းလာသွားတယ်မဟုတ်လားကွာ....” ဆိုသည်အတိုင်း သူ့ထံအမြဲ လာနေမည်သာဖြစ်သည်။