နိုင်ငံတကာ မှာ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အသီးသီးက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြုလုပ်နေကြပါတယ်။
ထိုထဲမှာ အာရှ တဝန်း ချီးကျူးဂုဏ်ယူခံရတဲ့ လုပ်ဆောင်ချက်တခုကတော့ သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီး ဒေါ်ပြုံးကေသီနိုင် ရဲ့လုပ်ဆောင်ချက်ပါပဲ။
သူမရဲ့ လုပ်ဆောင်ချက်ဟာ လူမှုကွန်ရက်တွေ၊ ပြည်ပ ရုပ်သံမီဒီယာတွေမှာ အသီးသီးက ချီးမွမ်းခန်းဖွင့်ကြပါတယ်။
လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကာလ မှာ အိမ်တွင်းအောင်းပြီးနေလို့ရပေမယ့် လူတိုင်းက စားသောက်ဖို့ အတွက် ဈေးဝယ်ခြင်း၊ ရောင်းချခြင်းကိုတော့ ဆက်လက်လုပ်ဆောင်ရဦးမှာပါ။
ဒါကြောင့် သူမဟာ ဈေးသည် တဦးနဲ့ တဦး ကပ်ပြီး ဈေးမရောင်းရန် ကိုယ်တိုင် ဦးဆောင်ပြီး ဈေးသည်အတွက် နေရာချထားပေးမှုဟာ အာရှမှာ နာမည်ကြီးသွားပါတယ်။
“ ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ဈေးတန်း ခင်းကျင်ထားမှုဟာ အတုယူရမယ့် စနစ်ကျသော နမူနာ ကောင်းတခုလို့ ဖြစ်တယ်” လို့ ထိုင်း ရုပ်သံတွေမှာ ပြောဆိုနေကြတာ တွေ့ရပါတယ်။
ကိုဗစ်-၁၉ ကြားက နာမည်ကျော်တဲ့ ကလော ပျံကျဈေးဟာ ဧပြီ ၁၈ရက် မှစတင်ဖွင့်လှစ်ခဲ့ပြီး မနက်၆နာရီ မှ မနက်၁၀နာရီထိ ဈေးသည် တဦးနှင့် တဦး ၆ပေ ခြားပြီးယာယီရောင်းချခွင့်ပေးခဲ့ပါတယ်။
Photo by Pyonekathy Naing/ Facebook
ဒါ့အပြင် ကလောမြို့မဈေး အတွင်းကိုတော့ မနက် ၈နာရီမှ ညနေ ၃နာရီထိ ဖွင့်ခွင့်ပေးထားကြောင်းသိရပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ဖို့ကြိုးစားနေချိန်မှာ ရောဂါပြန့်ပွားနိုင်ခြေရှိတဲ့ နေရာကို စဉ်းစားကြည့်တော့ ပွဲလမ်းသဘင်၊ လူစုလူဝေးရှိတဲ့နေရာကို ပိတ်လို့ရပေမယ့် နိစ္စဒူဝ စားရေးသောက်ရေး အတွက်ရောင်းချနေတဲ့ ဈေးကို ပိတ်ရန် မဖြစ်နိုင်ကြောင်း ကလောပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ဆိုပါတယ်။
ဈေးတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲမှု မရှိပါက ရောဂါပြန့်ပွားနိုင်တဲ့ နေရာတခု ဖြစ်သွားနိုင်ကြောင်း၊ အိမ်ရှေ့ တိုင်းကို ကိုဗစ်-၁၉ ကို သယ်ဆောင် သွားနိုင်တဲ့ အခွင့်အလမ်း တရပ် ဖြစ်သွားနိုင်ကြောင်း ဒေါ်ပြုံးကေသီနိုင်က ရှင်းပြပါတယ်။
“ ဈေးကနေပြီးရပ်ကွက်စေ့ပေါက်အောင် အိမ်ရှေ့ရောက်အောင် ရောဂါ သယ်ဆောင်သွားနိုင်တဲ့ အခွင့်အလမ်းကရှိတယ်လေ။” လို့ ဒေါ်ပြုံးကေသီနိုင်က ပြောပါတယ်။
ဈေးထဲမှာတော့ အမြဲ စိစစ်ပြီး ပညာပေးမှုတွေဖြစ်တဲ့ လက်ဆေးရန်၊ တဦးနဲ့တဦး လုံလောက်တဲ့အကွာအဝေးတွင်နေထိုင်ရန် နဲ့ Mask (ပါးစပ်၊ နှာခေါင်းအုပ်)ရန် ကိုတော့ အဓိက ပညာပေးမှုပြုလုပ်တာကို တွေ့မြင်ရပါတယ်။
ကလောမြို့ ဟာ စိုက်ပျိုးရေး ထွက်ကုန် ထွက်ရှိတဲ့ ဒေသဖြစ်ကာ တနိုင်ငံလုံးကို ဖြန့်ဖြူးနေတဲ့ဒေသ၊ ကုန်စည် စီးဆင်းပြီး အချက်အခြာ ကျတဲ့မြို့လည်း ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကို စိုးရိမ်ပြီး ပိတ်ဆို့ထားလိုက်မယ်ဆိုပါက တနိုင်ငံလုံးရဲ့ အသီးအနှံကုန်စည်ကို သွားပြီး ပိတ်ဆို့ သလိုဖြစ်ပြီး တနိုင်ငံလုံးဖြန့်ဖြူးနေတဲ့ စားနပ်ရိက္ခာ ပြတ်တောက်သွားနိုင်ကြောင်း သိရပါတယ်။
“ လက်ရှိ အခြေအနေက ကိုဗစ်-၁၉ ကြောင့် တမြို့နဲ့ တမြို့ ၊ တရွာနဲ့ တရွာ ကုန်စည်စီးဆင်းရန် ပိတ်ဆို့ချိန် မရောက်သေးဘူး။ မရောက်တဲ့အချိန်ကြား အဓိက ဆောင်ရွက်သင့်တဲ့ ကိစ္စကို ဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ နောက် တရက်လုပ်တရက်စားဈေးသည် အတွက် စားဝတ်နေရေး ဖြေရှင်းတဲ့နည်းလမ်းတခုလည်းဖြစ်တယ်” လို့ ဒေါ်ပြုံးကေသီနိုင် ကဆိုပါတယ်။
ကလောမြို့ပျံကျဈေး ကို စနစ်တကျ ဈေးရောင်းဈေးဝယ်ရန်အတွက် အကွာအဝေး တိုင်းတာပြီး သပ်ရပ်လှပအောင် နှင့် ကိုဗစ်-၁၉ ပြန်ပွားမှု နည်းအောင် စီမံဆောင်ရွက်ထားတဲ့ အတွက် ယခုနောက်ပိုင်း ကလောဈေးတန်း နည်းတူ တခြား ဒေသများတွင် လိုက်လံ ဆောင်ရွက်လာကြတာကို တွေ့မြင်ရပါတယ်။
Photo by Pyonekathy Naing/ Facebook
“ကိုယ်မြို့ လေးမှာ စည်းကမ်းတကျ သပ်သပ်ရပ်ရပ်နဲ့ လုပ်ဆောင်နေတာမြင်တော့ ဝမ်းသာမိပါတယ်။ အခုဆိုရင်မြို့တိုင်းနယ်တိုင်းမှာလုပ်နေကြတော့ဝမ်းသာတယ်” ဟု ကလော ဒေသခံ ကိုထွန်းမြတ်လင်းက ပြောပါတယ်။
လက်ရှိ ဦးဆောင်သည့် သူများလုပ်ဆောင်ချက်ကို ကြည့်ချင်းအားဖြင့် အားရကျေနပ်ကြောင်း၊ ကလောမြို့ ရဲ့ ၅ရက်တဈေးလည်း နောင်ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားဧည့်သည်များ အတွက် စွဲဆောင်နိုင်မည့် အခွင့်အလမ်းတခုဖြစ်ကြောင်းလည်း ကိုထွန်းမြတ်လင်း က ပြောပြသည်။
ကလောမြို့ ပြင် ကျေးရွာအနီး တဝိုက်နေထိုင်သူတွေက ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်မှု မရှိတဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက် ပညာပေးမှုတွေ ပြုလုပ်နေတာကို တွေ့မြင်ရကြောင်း ကိုထွန်းမြတ်လင်း က ပြောပါတယ်။
“ အခု ရက်ပိုင်း ဖေ့ဘွတ် (လူမှုကွန်ရက်)တွေ၊ ဗီယက်နမ်၊ ထိုင်းက သတင်းတွေမြင်တော့ တော်တော်လေး ဝမ်းသာမိတယ်။ မြန်မာပြည် က ကလောကို အတုယူပါလို့ပြောတော့ ပိုတောင်ဝမ်းသာမိတယ်” ဟု ကလော ဒေသခံ အမျိုးသမီး မဇာခြည် က ပြောပါတယ်။
ကလော ဒေသခံလည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒါ်ပြုံးကေသီနိုင် က နေ့စဉ်နဲ့ အမျှ ဦးဆောင်ပြီး ကလောပျံကျဈေးတန်းသို့ လှည့်လည်ကြည့်ရှု၊ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ပညာပေးကို ပြုလုပ်နေကြောင်း မဇာခြည် က ဆိုပါတယ်။
ယခုလို ကိုဗစ်-၁၉ ကာလမှာ ရောဂါမပြန့်ပွားအောင်၊ ပညာပေးမှုတွေ ကိုယ်တိုင် ဦးဆောင်လုပ်တဲ့အတွက် လည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်၊ အတုယူသင့်တဲ့အရာ၊ ကလောဒေသခံတွေ အနေနဲ့ဂုဏ်ယူ ကြကြောင်းလည်း သိရပါတယ်။
ကလောမြို့ဟာ ခရီးသွားလုပ်ငန်းကို အဓိက မှီခိုရတဲ့ မြို့ဖြစ်ပြီး ကိုဗစ်-၁၉ ပြီးနောက် ခရီးသွားလုပ်ငန်း နလံထူရန် ခက်ခဲဦးမည်။
ဒါ့ကြောင့် “ ကိုဗစ်-၁၉ ပြီးရင်တောင် ကလောမြို့ က ခရီးသွားလုပ်ငန်း တော်တော်ကို ပြန်ပြီး ထူထောင်ရမယ့် လုပ်ငန်း ဖြစ်တယ်။ ဒါကြောင့် ကိုဗစ်-၁၉ ပြီးသွားရင် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ ဈေးတန်းလေးလို့ မျှော်မှန်းပြီး စဉ်းစားဖြစ်တာပါ” ဟု ဒေါ်ပြုံးကေသီနိုင်က ဆိုသည်။
သျှမ်းပြညနေထိုင်တဲ့ တိုင်းရင်းသားတွေဟာ မိမိကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်တဲ့ ဒေသထုတ်ကုန်ကို ရောင်းချတဲ့ဓလေ့ ဖြစ်တဲ့ ၅ရက် တဈေး ဟာ အခုနောက်ပိုင်း ဈေးသည်ကြီးတွေရဲ့ လွှမ်းမိုးမှုကြောင့် ထို ဓလေ့ က ပျောက်ပြယ်လုနီးပါးဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် နောင်တချိန် ကိုဗစ်-၁၉ အလွန်မှာ သျှမ်းပြည်ရဲ့ ချစ်စရာဓလေ့ ဖြစ်တဲ့ ၅ရက်တဈေး ဓလေ့လည်း ပြန်လည် အသက်ဝင်လာအောင် မျှော်လင့်ချက် တခုအနေနဲ့ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်လို့ဒေါ်ပြုံးကေသီနိုင်က သူမရဲ့မျှော်လင့်ချက်ကို ပြောပြပါတယ်။
ကလောပျံကျဈေးဟာ လူမှုကွန်ရက်စာမျက်နှာပေါ် အောင်မြင်မှုရရှိပေမယ့် နောက်ဆက်တွဲအနေဖြင့် သက်ဆိုင်ရာက အမြဲစောင့်ကြည့်ကာဈေးသည်တွေကို ချမှတ်ထားတဲ့စည်းကမ်း လိုက်နာမှု ရှိ၊မရှိ ကို သေချာကြည့်ရကြောင်းလည်း သိရပါတယ်။
“ ကိုးဗစ်-၁၉ ပြီးသွားရင် နောက် ခရီးသွားလုပ်ငန်းတွေ ကောင်းလာရင်တော့ အဲ့နေရာ ညဈေးတန်းပါလုပ်ဖို့ စိတ်ကူးထားပါတယ်” လို့ဒေါ်ပြုံးကေသီနိုင်က ပြောပါတယ်။
ဒေါ်ပြုံးကေသီနိုင်ရဲ့ ပျံကျဈေးပုံဖော်မှု လုပ်ဆောင်မှုကို ကမ္ဘာတင်မက မြန်မာပြည်တဝှမ်းကလည်း ချီးကျူးကာ ယခုနောက်ပိုင်း ဈေးဆိုင်းတန်းတွေပါ ကလောဈေးပုံစံအတိုင်း မြန်မာပြည်နေရာအနှံ့ လုပ်ဆောင်လာတာကိုလည်း မြင်တွေ့လာရပါတယ်။
ယခုနောက်ပိုင်းမှာတော့ သျှမ်းပြည်နယ် တဝှမ်း ကိုဗစ်-၁၉ ကာလ ယာယီဈေးခင်းတွေမှာ လိမ္မော်ရောင် Mytel ထီးတွေ က နေရာယူ လွှမ်းမိုးလာပါတော့တယ်။