စောရှား — ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်သော ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ မဲပေးပိုင်ခွင့် ရက်ပေါင်း ၉၀ သတ်မှတ်ချက်ကို ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီများက လက်မခံကြောင်း မတ်လ ၁၁ ရက်တွင် ထပ်လောင်း ပြောဆိုလိုက်သည်။
UEC မှ ပဥ္စမအကြိမ် ပြင်ဆင်သော ရွေးကောက်ပွဲနည်းဥပဒေတွင် ရွှေ့ပြောင်းနေထိုင်သူများ၏ မဲပေးပိုင်ခွင့် ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ ဟူ၍ ပြည်သူ့လွှတ်တော်မှ ဖေဖော်ဝါရီ ၂၀ ရက်က အတည်ပြုအပြီး ကရင်ပါတီ များက ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စောခင်မောင်မြင့်က “ဒီကိစ္စက နည်းနည်း လုပ်ကြံဖန်တီးတဲ့ အကွက်မျိုး ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ ၂ လကတည်းက မောင်ကျော်(ဦး)တို့ ပါတီအပါအဝင် ညီနောင်တိုင်းရင်းသား ၂၄ ပါတီစုပေါင်းပြီး လုံးဝသဘောမတူကြောင်း လက်မှတ်ရေးထိုးထုတ်ပြန်ထားပြီးသားပါ” ဟု မတ် ၁၁ ရက်တွင် ကေအိုင်စီသို့ပြောသည်။
ယခင် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ဧည့်စာရင်းစနစ်ရှိသော်လည်း လက်ရှိ ၂၀၂၀ ရွေး ကောက်ပွဲတွင် ဧည့်စာရင်းစနစ်မရှိတော့ခြင်းကြောင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရွှေ့ပြောင်းများ မည်မျှကြာကြာ နေခဲ့သည်ကို မည်သို့ တိုင်းတာမည်နည်းဟူ၍ စောခင်မောင်မြင့်က မေးခွန်းထုတ်လိုက်သည်။
တိုင်းရင်းသားဒေသတခုခု၌ ရန်ပုံငွေအင်အား တောင့်တင်းသော ပါတီအကူအညီဖြင့် အလုပ်ပိုင်ရှင်မှ ရက်ပေါင်း ၉၀ နေထိုင်ကြောင်း ထောက်ခံလိုက်သည်နှင့် ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့် ရခဲ့ပါက တိုင်းရင်းသား ပါတီများ အနိုင်ရရန် အခက်အခဲ ကြီးမားစွာ ဖြစ်ပေါ်နိုင်ကြောင်းလည်း ကရင်ပါတီများက ထောက်ပြပြောဆို လျက်ရှိသည်။
အဆိုပါကိစ္စရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် UEC ကို တိုင်းရင်းသားပါတီများဖက်မှ တင်ပြအပြီးတွင် UEC က စဉ်းစားသုံးသပ်ပေးမည်ဟု ဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားပေးခြင်း မရှိသေးကြောင်း ဥက္ကဋ္ဌ စောခင်မောင်မြင့်ထံမှ သိရသည်။
ရက်ပေါင်း ၁၈၀ ဟု သတ်မှတ်ခဲ့သော ယခင် ရွေးကောက်ပွဲများတွင် လက်ခံနိုင်သေးသော်လည်း လက်ရှိ ရွေးကောက်ပွဲ၌ ယခုမှ ရောက်လာသော လူတစ်ယောက် ၃ လနေရုံဖြင့် မဲပေးခွင့်ရခဲ့မည်ဆိုပါက တိုင်းရင်းသားဒေသများတွင် အနှောင့်အယှက် ဖြစ်ရကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကလည်း ကေအိုင်စီသို့ ပြောသည်။
မန်းအောင်ပြည်စိုးက “ဆိုကြပါစို့။ ချင်းအများစုရှိပြီး လူဦးရေ ရာဂဏန်းလောက်ပဲရှိတဲ့ ချင်းပြည်နယ်က မြို့ နယ်တစ်ခုမှာ ရွေးကောက်ပွဲသုံးလအလို မဲပေးမယ့်အဖွဲ့အစည်းတွေကို အစုလိုက်အပြုံလိုက်ပြောင်းရွှေ့ပေး လိုက်ပြီး မဲပေးခွင့်ရပြီဆို အလိုအလျောက်မဲက ရသွားမယ်။ ဆိုတဲ့ခါကျတော့ အဲဒါကို တို့ပါတီအနေနဲ့ လက်မခံတာ” ဟုပြောသည်။
ရက် ၉၀ သတ်မှတ်ချက်နှင့်ပတ်သက်၍ ကရင်တိုင်းရင်းသားပါတီများ စိုးရိမ်မှုရှိနေခြင်းအပေါ် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဦးက “ကျနော်တို့ ကော်မရှင်ကတော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအတိုင်း ရက် ၉၀ ဆို ၉၀အတိုင်းပဲ လုပ်ရတာကိုး။ ဥပဒေ ပြင်ဆင်တဲ့အပိုင်းကျတော့ လွှတ်တော်အပိုင်း ဖြစ်သွားတာပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။
ရက် ၉၀ သတ်မှတ်ချက်ကို လက်မခံကြောင်း ဖလုံ-စဝေါ်ပါတီ အပါအဝင် ညီနောင်တိုင်းရင်းသားများမဟာမိတ်(National Brotherhood Federation-NBF) ၂၄ ပါတီတို့ ထုတ်ပြန်ကြေညာခဲ့သလို ကရင်အမျိုးသားပါတီ-KNP အပါအဝင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(United Nationalities Alliance-UNA) ၁၄ ပါတီတို့ကလည်း လက်မခံကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ကြသည်ဟု သိရသည်။
ကရင်ပါတီများအနေဖြင့် လက်ရှိတွင် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP ) နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသား ပါတီ (KNP)ဟူ၍ ၄ ပါတီ ကျန်ရှိနေသည်။