မြန်မာ- တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးသည် ယနေ့ထိ အေးနေသေးကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus (နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောဂါ ဖြစ်ပွားမှုကြောင့် ယနေ့ထိ ကုန်သွယ်ရေး အဆင်မပြေသေးကြောင်း၊ အရောင်းအဝယ်ခက်လာကြောင်း သစ်သီးဝလံရောင်းဝယ်ရေးကုန်စည်ဒိုင်မှ ဥက္ကဌ စိုင်းခမ်းမောင် က ပြောသည်။
“ အခုထိ အရောင်းအဝယ်အရမ်းခက်တယ်။ ပိုဆိုးလာတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းကောင်းမယ်လို့ ထင်တာ မကောင်းလာဘူး” ဟု စိုင်းခင်မောင်က ဆိုသည်။
တရုတ်နိုင်ငံသားများသည် မူဆယ်မြို့သို့ လာရောက်ပြီး အရည်အသွေးကောင်းမွန်သည့် အသီးကို ဝယ်ယူသော်လည်း ဈေးမပေးကြကြောင်း စိုင်းခင်မောင်က ပြောသည်။
“ အရည်အသွေးကောင်းတာ ရွေးသွားတယ်။ အကောင်းတော့လိုချင်တယ်။ ဈေးနှုန်းကျတော့ နှိမ်ထားတယ် ။ ကျနော်တို့ အသီးသမားတွ အရမ်းရှုံးတယ်” ဟု စိုင်းခင်မောင်က ဆက်လက်ပြောသည်။
တရုတ်ပြည်တွင် ယနေ့တိုင် စက်ရုံများ၊ ဈေးများ မရှိသေးသော်လည်း မြန်မာပြည်မှ ရွှေ့ပြောင်းအလုပ်သမားများသည် တရုတ်ပြည်သို့ နေ့စဉ်ဝင်ရောက်ပြီး အလုပ်အကိုင် သွားရောက်ရှာဖွေနေကြကြောင်း၊ တရုတ်တွင် ပြန့်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ်ကိုကြောက်စိတ်မရှိဘဲ သွားရောက်အလုပ်လုပ်နေကြကြောင်းလည်း မူဆယ်ဒေသခံများ က ပြောသည်။
“တရုတ်ပြည်ကို လူတွေကတော့ နေ့တိုင်းဝင်၊ ထွက်နေကြတာပဲ။ တရက်ကို လူ ၈ ထောင်ကနေ ၁ သောင်းထိ ရှိတယ်” ဟု မူဆယ်မြို့ ပြည်နယ်လွှတ်တော် အမှတ်(၁) စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
တရုတ်ပြည်ဘက် စက်ရုံများသည် ဖေဖော်ဝါရီ (၉ ) ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဟုပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ မဖွင့်သေးကြောင်း စိုင်းကျော်သိန်း က ပြောသည်။
“ ကျနော်တို့ပြည်သူတွေက ကြောက်စိတ်ထက် ဗိုက်က ပိုအရေးကြီးနေတယ်။ သတင်းတွေ နားမထောင်ဘဲ ဝင်ကြတယ်။ ဟိုဘက်မှာ အလုပ်မရှိတော့ မောင်းထုတ်ခံရပြီး ပြန်လာတဲ့သူတွေလည်းရှိတယ်” ဟု စိုင်းခင်မောင် က ထပ်လောင်းဖြည့်စွတ်ပြောသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း ၂၈ နိုင်ငံ ကူးစက်ခံရသူ ၄၅၁၇၂ဦး ရှိပြီး၊ သေဆုံးသူ ၁၁၁၅ဦး ရှိလာကာ ပြန်လည်နေကောင်းလာသူ ၄၇၇၄ ဦးရှိကြောင်း သိရသည်။