တရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း

တရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း

တရုတ်၏ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည်မြန်မာနှင့်ကမ္ဘာအတွက်စိုးရိမ်မကင်းဖြစ်စေသည်။ တရုတ်သမ္မတရှီကျင့်ဖျင်၏BRI(ရပ်ဝန်းနှင့်လမ်းမစီမံကိန်း)သည်တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို နယ်နိမိတ်ကျော်လွန်ကာ လုပ်ဆောင်ခဲ့ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးဖွံ့ဖြိုးမှုဆိုင်ရာ မဟာစီမံကိန်းများစွာကို အကောင်အထည်ဖော်ခဲ့သည်။  သုတေသနစစ်တမ်းအရ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံအတော်များများသည် ပေကျင်းကမ်းလှမ်းချက်ကို လမ်းဖွင့်ပေးခဲ့ကြသည်။

၂၁ ရာစု ပိုးလမ်းမသစ်စီမံကိန်း၏နောက်ကွယ်ကအရာကို မြန်မာနှင့် တခြားလက်ခံခဲ့သည့်နိုင်ငံများသည် စိုးရိမ် သင့်ပါသလား။ BRI ၏ အတိုင်းအတာနှင့် သက်ရောက်နိုင်စွမ်းကိုနားလည်ရန် အစီအစဉ်ပုံဖော်သူ၊ မြှင့်တင် လုပ်ဆောင်သူတို့၏ စကားသံများကိုနားထောင်ပြီး သူတို့လုပ်ရပ်များကို စောင့်ကြည့်ရမည်။

အသက် ၆၆ နှစ်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လွန်ခဲ့သည့် ၄ နှစ်က ပိုးလမ်းမသစ်အစီအစဉ်ကို ကြေညာ မိတ်ဆက်ခဲ့ပြီး  ၂၀၁၇ ခုနှစ်က Davos မှာပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာလည်း ထပ်မံပြောဆိုခဲ့သည်။  

ဂရိနိုင်ငံ၏ Piraeus ဆိပ်ကမ်းကို မြေထဲပင်လယ်ဒေသ၏နဂါးခေါင်းဟု  သမ္မတရှီက တင်စားပြောဆိုခဲ့သည်။ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် EIB နှင့် ထုတ်ကုန်သွင်းကုန်ဘဏ်တို့သည် Piraeus ဆိပ်ကမ်းအတွက် Cosco ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ယူရို သန်း ၁၄၀ ထည့်ဝင်ရန် သဘောတူခဲ့သည်။ သမ္မတရှီသည် ဂရိ၊ အီတလီနဲ့ ဥရောပနိုင်ငံများကို တရုတ်၏ ဥရောပဝင်ပေါက်အဖြစ် မြင်နေပြီး တရုတ်ကမ်းရိုးတန်းအရှေ့ပိုင်းမှ ဥရောပနှင့် အာရှကိုဖြတ်လျက် အတ္တလန္တိတ်ဒေသထိ ဖြန့်ကြက်မည်ဖြစ်သည်။ ၎င်းသည် တရုတ်နှင့် အာရှ၊ ဥရောပ၊ အာဖရိကနိုင်ငံများကို ချိတ်ဆက်မည့် ကြီးမားသောဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးကွန်ယက်၏ တစ်စိတ် တစ်ပိုင်းမျှသာ ရှိသေးသည်။  

တရုတ်နိုင်ငံတွင် ကမ္ဘာ့အမြန်ဆုံးရထားများ၊ မိုးမျှော်တိုက်များနှင့် လင်းလက်တောက်ပနေသည့်မြို့များအပါအဝင်  ခေတ်မီပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများဖြင့် နှစ်ပေါင်း ၃၀ အတွင်း တိုးတက် လာခဲ့ပြီး အနေစုတ်သည့်နေရာ ရှာမတွေ့သလောက်ဖြစ်သည်။ သို့သော် တရုတ်စီးပွားရေးသည် တုံ့ဆိုင်းနေခဲ့ပြီး နယ်စပ် အလွန် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများက အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ကာ ပြည်သူများကို ရောင့်ရဲ ကျေနပ်စေခဲ့သည်။ ယခုအခါ ကွန်မြူနစ်ပါတီ၏ နိုင်ငံအပေါ်တင်းကြပ်စွာအုပ်စိုးမှုအပေါ် ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုများမရှိသော်လည်း အကျင့်ပျက်ခြစားမှုကစ၍ လေထုညစ်ညမ်းမှုအထိ ပြည်သူများ၏ မကျေ နပ်ချက်များကြောင့် ဆန္ဒပြမှုအများအပြားရှိသည်။

BRI စီမံကိန်းနှင့်ပတ်သက်ပြီး မေးမြန်းရေးသားထားသည့် ဂရိသတင်းစာတွင် အခွင့်အလမ်းရှိကြောင်း ဓာတ်ပုံများ နှင့်တကွ ဝေဝေဆာဆာဖော်ပြထားပါသည်။  ၎င်းစီမံကိန်း၏အစိတ်အပိုင်းများ အကောင်အထည် ဖော်ပြီး လျှင် ဖိအားပေးမှုများ၊ အကြွေးဝန်ထုပ်ဝန်ပိုးများကို လျစ်လျူရှုနိုင်မှာ မဟုတ်ဘဲ တရုတ်တို့သည် ၎င်းတို့၏ စီးပွားရေး နှင့်ဈေးကွက်ကို ကာကွယ်ရန် မောက်မာမှုများပြသလာပြီး ကမ္ဘာကို လက်ဝါးကြီးအုပ်ရန် ကြိုးစား လာကြမည် သာဖြစ်သည်။

သမ္မတရှီ အာဏာရကတည်းက တရုတ်၏ဖွံ့ဖြိုးမှုအစီအစဉ်များ ကြီးများကျယ်ပြန့်လာပြီး ကမ္ဘာပေါ် မည်မျှအထိ လွှမ်းမိုးမှုရှိလာပြီဆိုသည်ကို  စောင့်ကြည့်မှုအရ သိနိုင်သည်။ BRI ကို ၂၀၁၃ ခုနှစ်က သမ္မတရှီ အာဏာ ရလာပြီး သိပ်မကြာခင်မှာ မိတ်ဆက်ခဲ့သည်။ ကျယ်ပြန့်သည့် လှုပ်ရှားမှုမူဘောင်တစ်ခုဖြစ်ပြီး တရုတ်ပြည်နယ်အစိုးရများ နှင့် နိုင်ငံပိုင်လုပ်ငန်း (SOEs) အများစုတို့က ဦးဆောင်ခဲ့ကြသည်။  ၂၀၁၃ ခုနှစ်ကစ၍ အာရှနှင့် ဥ ရောပကို ဆက်သွယ်မည်ဟု မူလက မှန်းဆထားသည့် ဤစီမံကိန်းသည် သမုဒ္ဒရာများအားလုံးနှင့် တိုက်ကြီးများ ကိုဖြတ်ကာ ခြေဆန့်ခဲ့သည်။ အာဂျင်တီးနား၊ ဖီဂျီနဲ့ မက်ဒါဂါစကာ ကဲ့သို့ ဝေးလံသည့်နိုင်ငံများပင် BRI အစီ အစဉ်တွင် ပါဝင်နေကြသည်။ ရေခဲပြင်ပိုးလမ်းမအစီအစဉ်သည် သင်္ဘောဖြင့်သယ်ယူပို့ဆောင်ရေးလုပ်ကာ အာတိတ်လမ်းကြောင်းကို ဖွင့်ပေးမှာဖြစ်ပြီး အန္တာတိကအတွက်လည်း လေဆိပ်ဆောက်ရန် စီစဉ်ထားသည်။

တရုတ်အစိုးရသည် ၎င်းတို့၏လုပ်ငန်းနယ်ပယ်များကို တားမြစ်မှုမရှိစေရန် BRI ၏ မြေပုံများကို မထုတ်ပြန်ပေ။

တရုတ်ပြည်မကြီးတွင် ကမ္ဘာ့အရည်အသွေးအကောင်းဆုံးရထားစနစ်များရှိသည့် ခေတ်မီတောက်ပသည့် မြို့ကြီး များလည်းပေါ်ပေါက်လာပြီး ပြည်သူသန်းပေါင်းများစွာကို ဆင်းရဲတွင်းမှ ကယ်တင်နိုင်ခဲ့သည်။ ပြည်တွင်း ပြည်ပ တရုတ်ထောက်ခံသူများကတော့ တရုတ်ပြည်၏ဖွံ့ဖြိုးတိုးတက်မှုများကို ဝါကြွားပြောဆိုကြသည်။ ရုပ်ပိုင်းဆိုင်ရာ ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုကိုတော့ မငြင်းနိုင်ပေ။

TNI (Transnational Institute) ၏ အဆိုအရ တရုတ်သည် အဆိုပါစီမံကိန်းဗျူဟာအတွက် ချဉ်းကပ်သည့် နည်းလမ်းသည် အခြေခံအားဖြင့် တရုတ်အတွေးအခေါ်ပညာရှင် Sun Tzu’s ရဲ့ စစ်အနုပညာ (Art of War) လမ်းညွှန်ချက်ထဲကအတိုင်းဖြစ်နေသည်ကို အတော်များများက သတိမမူမိကြဘူးဟု BRI အစီအစဉ်ကို သေချာ လေ့လာထားသည့် အနောက်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုထားသည်။ BRI သည် ယခင်က သီးခြား ဖြစ်နေသည့် ဈေးကွက်များကို လမ်းဖွင့်ပေးနိုင်ပြီး ကုန်သွယ်ရေးကို လွယ်ကူစေသော အခြေခံအဆောက် အအုံဆိုင်ရာဖွံ့ဖြိုးမှုကို လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ BRI ၏ အဓိကဗဟိုချက်မှာ ပင်လယ်ရေကြောင်း ပိုးလမ်းမနှင့် ကုန်းတွင်းပိုင်း ရပ်ဝန်းကုန်သွယ်ရေးတို့ကို ချိတ်ဆက်မိစေလျက် ဆိပ်ကမ်းနှင့် ရထားလမ်းများကို အတူယှဉ်တွဲ လုပ်ဆောင်ခြင်းဖြစ်သည်။

အစိုးရပိုင်ဖြစ်စေ ပုဂ္ဂလိကပိုင်ဖြစ်စေ တရုတ်၏နိုင်ငံရပ်ခြားဖွံ့ဖြိုးမှုစီမံကိန်းများသည် အကြွေးတင်ခြင်း၊ ဒေသခံများကိုမောင်းထုတ်ခြင်း၊ ပတ်ဝန်းကျင်ကို ပျက်စီးစေခြင်း၊ တရုတ်အလုပ်သမားများခေါ်လာခြင်း၊ လက်ခံသည့် နိုင်ငံကို ဖိအားဖြစ်စေမည့်အရာများလုပ်ဆောင်ခြင်း စသည့် ထိန်းချုပ်နိုင်သည့် စွမ်းအင်များရှိသည်။

မြန်မာသည် အကူအညီအထောက်အပံ့အတွက် အိမ်နီးချင်းနိုင်ငံများကိုအားကိုးရသည့် အကြောင်းများစွာ ရှိသော်လည်း အစိုးရနှင့်ပြည်သူနှစ်ရပ်လုံးအတွက် သတိချပ်ရမည်ဖြစ်သည်။ BRI စီမံကိန်းမတိုင်ခင်က မြစ်ဆုံဆည် စီမံကိန်းနှင့် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းများအပါအဝင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများ အနှောင့်အယှက်ဖြစ်ခဲ့ရသည်။  

တရုတ်အစိုးရသည် ပုဂ္ဂလိကပိုင်ဆိုင်သည့် အခြားလုပ်ငန်းများကို ထိန်းချုပ်မှုသိပ်မရှိဘဲ ဒေသတွင်း နာမည် တပ်ထားသည့် BRI စီမံကိန်းများလည်းရှိကြောင်း TNI ၏ သုတေသနအရ သိရသည် ။ ဥပမာ ကရင်ပြည်နယ် နယ်စပ်စောင့်တပ်ဧရိယာရှိ Shwe Kokko အထူးစီးပွားရေးဇုန်သည် ၎င်းတို့ကိုယ်တိုင်နာမည် ပေးထားသည့် BRI အစီအစဉ်တစ်ခုပင်ဖြစ်သည်။ ဟောင်ကောင်အခြေစိုက် ပုဂ္ဂလိကပိုင် ကုမ္ပဏီဖြစ်သည့် Myanmar Yatai International Holding Group က ပိုင်ဆိုင်သည်။ ၎င်းကုမ္ပဏီသည် တရုတ်အလုပ်သမားများကို တရားမဝင် ခန့်ခြင်း၊ တရားမဝင်လောင်းကစားလုပ်ငန်းနှင့် တခြားသံသယဖြစ်ဖွယ်ရာ လှုပ်ရှားမှုများလည်း လုပ်ဆောင်သော ကြောင့် အကြီးအကျယ် ဝေဖန်ခံနေရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က တပ်မတော်၏ ရှင်းလင်းရေး စီမံကိန်းကြောင့် ဘင်္ဂါလီမွတ်စလင် ၇၀၀ ၀၀၀ ခန့် နေရပ်စွန့်ခွါ သွားရသည့် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာနှင့်မြန်မာ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေမှု သည် တရုတ်အစိုးရ အတွက် BRI  ၏ အဓိကစီမံကိန်းတစ်ခုဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်မှာ စီမံကိန်းအ သွင်သစ်များ လုပ်ဆောင်ရန်နှင့်  မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို ပြန်လည်အာရုံ စိုက်လာ ရန် အခွင့်အရေး ဖြစ်လာခဲ့ သည်။

ယူနန်ပြည်နယ်နှင့် တရုတ်ပြည်မကြီးတို့မှ ရင်းနှီးမြှုပ်နှံသူများသည် ယခင်အတွေ့အကြုံများမှ သင်ခန်းစာများ ယူလျက် BRI ၏ ကောင်းကျိုးသက်ရောက်မှုများကိုသာ လူအများသိရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ သို့ရာတွင် CMEC စီမံကိန်းများသည် မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏စိန်ခေါ်မှုများကို မရှောင်ရှားနိုင်ဘဲ တိုးတက်မှုနှေးကွေးလျက်ရှိကြောင်း TNI ၏ သုတေသနစစ်တမ်းများအရသိရသည်။

ကျောက်ဖြူရေနက်စီမံကိန်းနှင့်ဆက်စပ်သောအထူးစီးပွားရေးဇုန်၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် စီစဉ်ထားပြီးဖြစ်သော ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများ၊ မြန်နှုန်းမြင့်ရထား၊ တိုးချဲ့လာသော တ ရုတ်၏စီးပွားရေးနှင့်လွှမ်းမိုးမှုများကို အနီးကပ် စေ့စေ့စပ်စပ် အကဲဖြတ်သင့်သည်။

မြန်မာသည် တရုတ်နိုင်ငံအတွက် အရေးပါလှပေသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံန်ပြီးလျှင် ဒုတိယမြောက်နိုင်ငံကျော်ဖြတ် BRI စီမံကိန်းဖြစ်သည့် တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံန်၏ သရဖူရတနာအဖြစ် တွေ့မြင်နိုင်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် အကြိတ်အနယ်ဆွေးနွေးရသော လုပ်ငန်းဖြစ်သည်။ နိုင်ငံအတွင်း လုပ်နေသည့် အခြားတရုတ်စီမံကိန်းများကဲ့သို့ မူဘောင်သဘောတူညီချက်အသေးစိတ်ကို အများပြည်သူ သိအောင် မချပြသော်လည်း ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၇ ဒဿမ ၂ ဘီလီယံမှ ၁ ဒဿမ ၃ ဘီလီယံ အထိ လျှော့ချရာမှာ အောင်မြင်ခဲ့သည်။ တရုတ်သည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားပြီး ရှယ်ယာ အများစုကိုပိုင်ဆိုင်ထားကာ မြန်မာ့နိုင်ငံတကာအကြွေး၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်။

မြန်မာ့ဆိပ်ကမ်း ကမ်းလွန်ရေနံစင်များမှ ဓာတ်ငွေ့ကုဗမီတာပေါင်းများစွာနှင့် ရေနံစည် သန်းပေါင်းများစွာကို နှစ်စဉ် တရုတ်တောင်ပိုင်းသို့ ပို့ဆောင်လျက်ရှိသည်။ ဘေကျင်းသည် ယခုအခါ ၂၀၁၈ ခုနှစ် နိုဝင်ဘာက သဘော တူလက်မှတ်ရေးထိုးခဲ့သည့် ပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာကို ခြေကုပ်ယူထားကာ အထည်ချုပ်စက်ရုံနှင့် အစားအသောက်ထုတ်လုပ်သည့်စက်ရုံများပါဝင်သည့် အထူးစီးပွားရေးဇုန်ကိုပါ တွဲဖက် လုပ်ဆောင်နေ ပြီဖြစ်သည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံန် (CMEC) အောက်တွင်  တရုတ်အစိုးရက အဆိုပြုထားသော စီမံကိန်း ၄၀ အထိ ရှိပြီး ၉ ခုသာ မြန်မာအစိုးရဘက်နှင့် သဘောတူညီချက်ရပြီးသားဖြစ်ကြောင်း TNI သုတေသနစစ်တမ်းက ဆိုသည်။  ၎င်းတို့အနက် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ နယ်စပ်စီးပွားရေး ဇုန်နှင့် မူဆယ်-မန္တလေးရထားလမ်း စသည့် စီမံကိန်းသုံးခုကိုသာ လူသိရှင်ကြား အတည်ပြုခဲ့သည်။ အခြား စီမံကိန်း ၆ ခု၏အသေးစိတ်အချက်အလက်များကို မသိရဘဲ CMEC ၏ အကျိုးသက်ရောက်မှုနှင့် အတိုင်းအတာကို အကဲဖြတ်ရန် ခက်ခဲလှသည်ဟု TNI က ဖော်ပြထားသည်။

တရုတ်တို့သည် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်စာစဉ်းစားပြီး လုပ်နေသလား၊ စီမံကိန်းများသည် ရေရှည်တွင် မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်မည်နည်း စသည့်အချက်များကို စိစစ်အကဲဖြတ်ရန်လိုသည်ဟု မြန်မာ့ဝေဖန်ရေးသမားများက ဆိုသည်။

တရုတ်နိုင်ငံ၏ အကူအညီကိုရယူနေသည့် အခြားနိုင်ငံများကိုလည်း မြန်မာတို့အနေနှင့် မျက်စိဒေါက်ထောက် ကြည့်သင့်သည်။ သီရိလင်္ကာကျွန်းသည်လည်း BRI စီမံကိန်းထဲတွင် တဝဲလည်လည်ဖြစ်နေပြီး ပြဿနာကြားထဲ ပိတ်မိနေသည်။ ၂၀၁၇ ခုနှစ်က သီရိလင်္ကာကျွန်းရှိ ဟမ်ဘန်တိုတာဆိပ်ကမ်းကို China Merchant Port Holding Limited (CM Port ) ထံ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁၂ ဘီလီယံဖြင့် ၉၉ နှစ်စာငှားရမ်းခဲ့သည်။

အဆိုပါစီမံကိန်းအရ သီရိလင်္ကာနိုင်ငံသည် တရုတ်၏ကြွေးမြီအောက်ရောက်နေပြီဟူသော ရှင်းလင်းသည့် သာဓကပင်ဖြစ်သည်။ သီရိလင်္ကာနိုင်ငံဿည် တရုတ်အပေါ် အကြွေးဝန်ထုပ်ဝန်ပိုးတင်နေသည်မှာ ယခုအကြိမ် သည် ပထမဆုံးအကြိမ်မဟုတ်ဘဲ စီးပွားရေးအခက်အခဲဖြစ်နေပြီး တိုင်းပြည်အကြွေး၏ ၁၀ ရာခိုင်နှုန်းခန့် တရုတ်ကိုပေးရန်ရှိသေးသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့သည် အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးရန် အပြိုင် ကြိုးစားနေစဉ်မှာ သီရိလင်္ကာဆိပ်ကမ်းသည် ပစ်မှတ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သီရိလင်္ကာအပေါ် တရုတ်၏ စီးပွားရေးထိုးနှက်ချက်သည် ဝါရှင်တန်၊ နယူးဒေလီနှင့်တိုကျိုတို့ကို တုန်လှုပ်စေခဲ့သည်။ ဟမ်ဘန်တိုတာ ဆိပ် ကမ်းကို လွှဲပြောင်းပြီးနောက် အမေရိကန်သံတမန်များသည် မကျေမနပ်ဖြစ်ကာ ဆိပ်ကမ်းစီမံကိန်းကို စောင့်ကြည့်နေခဲ့ကြသည်။

ဟမ်ဘန်တိုတာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ တရုတ်လူမျိုး Ray Ren က ဆိပ်ကမ်းသည် တရုတ်လူမျိုးများကိုသာမကဘဲ ရင်းနှီးမြှုပ်နှံသူအားလုံးကို ကြိုဆိုပါကြောင်း၊ သီရိလင်္ကာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်ချင်ပါကြောင်း၊ ထို့ကြောင့် အမေရိကန် ဒေါ်လာ ဘီလီယံပေါင်းများစွာ မြှုပ်နှံထားပြီး ရေတိုအတွက်မကြည့်ပါကြောင်း Asia Nikkei နှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။

တရုတ်၏ BRI စီမံကိန်းသည် ကြီးမားလှသည့် အာဖရိကတိုက်၏ သဘာဝသယံဇာတ၊ လူသားအရင်းအမြစ်နှင့် ဈေးကွက်တို့ကိုလည်း အမြတ်ထုတ်ရန် ခြေဆန့်ခဲ့ကြသည်။ The New York Times ၏အဆိုအရ နိုင်ရိုဘီနှင့် မွန်ဘာဆာကြား တရုတ်တို့တည်ဆောက်ထားသည် မိုင် ၃၀၀ ရှည်လျားသည့် ရထားလမ်းစီမံကိန်းတွင် လူမျိုးရေး ခွဲခြားဆက်ဆံသည်ဆိုသည့် စွပ်စွဲချက်များပေါ်ပေါက်ခဲ့သေးသည်။ တရုတ်နိုင်ငံသားများ၏ စီမံခန့် ခွဲမှု အောက်တွင် ကင်ညာနိုင်ငံသား ရထားလမ်းအလုပ်သမားများ လုပ်နေရသောကြောင့် ခေတ်သစ်ကိုလိုနီလက်သစ်ဟု ကင်ညာသတင်းစာ The Standard တွင် ရေးသားဖော်ပြခဲ့သည်။ အလုပ်သမားတချို့သည် အရှက်ရ စေ မည့် ပြစ်ဒဏ်ပေးမှုများကို ခံစားခဲ့ရပြီး  သတင်းထောက်များရှိနေချိန်မှလွဲ၍ ကင်ညာလူမျိုးအင်ဂျင်နီယာများကို ရထား မောင်းခွင့်မပေးဟု ဆိုသည်။ အာဖရိလူမျိုးများ၏ သဘောထားနှင့် အပြုအမူများကလည်း အရေး ပါသည့် သက်ရောက်မှုရှိသည်။ ကင်ညာရှိ တရုတ်ကုမ္ပဏီတစ်ခုမှ ဥက္ကဋ္ဌသည် ကင်ညာလူမျိုးများနှင့် သမ္မတကို “မျောက်များ” ဟုပြောဆိုထားသည့်ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာပေါ် ပျံ့နှံသွားပြီးနောက် အဆိုပါအလုပ်ရှင်ကို ပြည် နှင်ဒဏ်ပေးလိုက်သည့်ဖြစ်ရပ်လည်း ရှိခဲ့သည်။  

မြန်မာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ပြဿနာများနှင့် တင်းမာနေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် တရုတ်ကို အားကိုးနေရသည်။ ထိုသို့ဖြစ်ရသည်မှာ မြန်မာနိုင်ငံသည် ရခိုင်ပြဿနာနှင့် ပတ် သက်ပြီး အဆိုးမြင်ခံနေရသည့်အပြင် သမ္မတဒေါ်နယ်ထရမ့်လက်ထက်ဖြစ်နေခြင်းများကြောင့်လည်း ဝါရှင်တန်၏  လျစ်လျူရှုမှုခံနေရသည်။ မြန်မာခေါင်းဆောင်များသည် နိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်ရန် တရုတ်နှင့် ပတ်သက်သည့် စိန်ခေါ်မှုများကို အတန်အသင့် သတိပြုမိကောင်းပြုမိနိုင်သည်။ နေပြည်တော်သည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်သွယ်ရေး စီမံကိန်းများနှင့်စပ်လျဉ်းပြီး အိန္ဒိယ၊ ထိုင်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

BRI နှင့် CMEC တို့သည် မြန်မာနိုင်ငံအတွက် ဆယ်စုနှစ်စာလား ရာစုနှစ်စာလားဆိုသည်ကို ချင့်ချိန်လျက် ကိုယ့်နိုင်ငံကိုယ် ဆန်းစစ်ရန်လိုအပ်သည်။ တရုတ်သည် တိုက်ကြီးများကို ဖြတ်လျက် ၎င်းတို့၏ ရည်မှန်းချက် အိပ်မက်နဂါးကို ခြေဆန့်ရန် စိတ်အား ထက်သန်နေချိန်မှာ နိုင်ငံများသည် အခွင့်အရေးကော ခြိမ်းခြောက်မှုကိုပါ သတိပြုမိလာကြသည်။

Sources include: Mizzima, Trans National Institute, Politico, BBC, New York Times, Global Times, Seatrade-Maritime.com, AFP

Ref : MIzzima Weekly Issue 49, Vol. 8, December 5, 2019

Most read this week

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...