ရှမ်းနီများပြောတဲ့ ရှမ်းနီလူမျိုးများ အကြောင်း

ရှမ်းနီများပြောတဲ့ ရှမ်းနီလူမျိုးများ အကြောင်း
ဓာတ်ပုံ- SNA ၏ လေ့ကျင့်ရေးကွင်းတစ်နေရာအားတွေ့ရစဉ်/အင်တာနက်
ဓာတ်ပုံ- SNA ၏ လေ့ကျင့်ရေးကွင်းတစ်နေရာအားတွေ့ရစဉ်/အင်တာနက်

မြန်မာနိုင်ငံတွင် မျိုးနွယ်စု ၁၃၅ မျိုးရှိကြောင်း အစိုးရက ပြောဆိုထားသည်။ထိုအထဲတွင် ရှမ်းမျိုးနွယ်စု အတွင်း ပါဝင်သော ရှမ်းနီလူမျိုးများလည်း ရှိသည်။

ထို ရှမ်းမျိုးနွယ်စုများတွင် တိုင်းနေ(အထက်ရှမ်း)၊ တိုင်းမောဝ် (မောဝ်ရှမ်း)၊ တိုင်းလုံ(ရှမ်းကြီး)၊ တိုင်းခမ်းတီး(ခမ်း တီးရှမ်း)၊ တိုင်းဆာ (မိုင်သားရှမ်း)၊ တိုင်းဂဒူး(ရှမ်းဂဒူး)၊ တိုင်းကနန်း(ရှမ်းကနန်း)၊ တိုင်းခွမ် (မိုင်းခွမ်ရှမ်း)၊ တိုင်းနိုင်း-တိုင်းလိုင်- တိုင်းလျဲန်(ရှမ်းနီ) ဆိုပြီး ရှိကြသည်။

ထိုမျိုးနွယ်စုများထဲက တချို့ကတော့ ၎င်းတို့ကို ၎င်းတို့ ရှမ်းနီဟု ပြောဆို သုံးနှုန်းခြင်းထက် မူလ( ဥပမာ- တိုင်လုံဆို တိုင်လုံဟုသာ ပြောရန်) အခေါ်အဝေါ်အတိုင်း ပြောဆိုကြသည်ကိုလည်း သိကြားရ မြင်ရသည်။

ဤမျိုးနွယ်စုများသည် အထက်မြန်မာပြည် အင်းတော်ကြီးဒေသ၊ မိုးညှင်းဒေသ၊ မိုးကောင်းဒေသ၊ မြစ်ကြီးနား ဒေသ၊ ပူတာအိုဒေသ၊ ဗန်းမော်ဒေသ၊ ကာမိုင်းဒေသ၊ ဝိုင်းမော်ဒေသ၊ ဖားကန့်ဒေသ၊ ဗန်မောက်ဒေသတို့မှာ နေထိုင်ကြသလို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ ကလေးခရိုင် အတွင်းမှာလည်း နေထိုင်ကြကြောင်း ရှမ်းနီများက ဆိုသည်။ထို့ပြင် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းမှာလည်း နေထိုင်လျက်ရှိကြကြောင်း သိရသည်။

ရှမ်းနီလူမျိုးများသည် ကိုယ့်စော်ဘွား ကိုယ့်အရိုက်အရာဖြင့် ကိုယ်ပိုင်ဒေသကို ပိုင်ဆိုင်၍ လွတ်လပ် သည့် လူမျိုးတမျိုး ဖြစ်ကြောင်း ရှမ်းနီများက ဆိုသည်။

အထင်ကရ ရှမ်းနီစော်ဘွားမှာ ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ်ပင် ဖြစ်သည်။ အလားတူ ခန္တီး စော်ဘွားများ ဖြစ်သော စဝ်ညီခေါင်၊ စဝ်လီ၊ စဝ်အိုက်၊ နောက်ဆုံး စော်ဘွား စဝ်မြစိန်ခွန်နွယ်တို့ အပါအဝင် သောင်သွပ် စော်ဘွားတို့သည်လည်း အထင်အရှား ဖြစ်ခဲ့သည်။

ရှမ်းနီလူမျိုးများ၏ လူထု ခေါင်းဆောင်များတွင်မူ ဖဆပလအဖွဲ့ဝင် ဗိုလ်ဘိုးစော(ရှမ်းနီပြည်နယ် ဘယ်သူနဲ့ ပူးပေါင်းမလဲ လူထုကိုယ်စားလှယ်အဖြစ် တင်ပြခဲ့သူ- ၁၉၄၇ က)နှင့် ရှမ်းနီပြည်နယ် သတ်မှတ်ပေးရေး တောင်းဆိုခဲ့သော ဦးထွန်းရင်တို့က စံပြများ ဖြစ်ကြောင်း ရှမ်းနီများက ဆိုသည်။

ဦးထွန်းရင်သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ် ကာလက ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သလို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။

မိမိတို့သည် ထိုသို့ သမိုင်း အစဉ်အလာများဖြင့် ဖြစ်တည်လာခဲ့သော လူမျိုး တမျိုးဖြစ်သည်ဟု ရှမ်းနီ များက ဆိုသည်။ ၎င်းတို့တွင် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ့် စော်ဘွား၊ ကိုယ့်နယ်မြေ စသဖြင့် လူမျိုး တမျိုးတွင် ပိုင်ဆိုင်ထိုက် ပိုင်ဆိုင်အပ်သည့် အင်ကြင်လက္ခာများကို ပိုင်ဆိုင်ထားသော လူမျိုးဖြစ်ကြောင်း ရှမ်းနီလူမျိုးများက ဆိုကြသည်။

ဗြိတိန်သျှ လက်ထက်က ရှမ်းနီလူမျိုးများသည် ကိုယ့်ထီး ကိုယ့်နန်းဖြင့် ရှမ်းနီစော်ဘွား အုပ်ချုပ်မှု အောက်မှာ နေထိုင်ခဲ့ကြပြီး ကိုယ့်နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာ လွတ်လပ်သော လူမျိုး တမျိုးအဖြစ် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။

သို့သော် ရှမ်းနီလူမျိုးများသည် ၁၉၄၈ ခုနှစ်၊ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည် နှင့် တပြိုင်တည်းမှာပဲ ၎င်းတို့ ပိုင်ဆိုင်ခဲ့သော နယ်မြေများလည်း လက်လွတ်ဆုံးရှုံးသွားခဲ့ရပြီး ယနေ့ အချိန်ထိ နယ်မြေ ပိုင်ဆိုင်ခွင့်ရရှိရေးကို တောင်းဆိုနေကြရကြောင်း ရှမ်းနီတို့က ပြောသည်။

၂၁ ရာစု ခေတ်(လက်ရှိ)အရောက်မှာတော့ ရှမ်းနီလူမျိုးများသည် ရှမ်းနီပြည်နယ် ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြသကဲ့သို့ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးကိုလည်း တောင်းဆိုနေကြကြောင်း ရှမ်းနီတို့က ဆိုသည်။

ထိုသို့ ဆောင်ရွက်နေသည့်တိုင် ရှမ်းနီလူမျိုးများတွင် ဦးဆောင် ဦးရွက် ပြုမည့်သူ မရှိ ဖြစ်နေသကဲ့သို့ ဦးဆောင် သူကို ထောက်ပံ့၍ ပူးပေါင်း ဆောင်ရွက်ပေးလို သူများကို ကြည့်ရာမှာလည်း လွန်စွာ နည်းပါး လျက်ရှိနေခြင်း တို့ကြောင့် ရှမ်းနီပြည်နယ်ရရှိရေး တောင်းဆိုရာမှာ ထိထိရောက်ရောက် မသွားနိုင်ပဲ ဖြစ်နေသည်ဟု ရှမ်းနီများက ၎င်းတို့၏ အခြေအနေကို ရှင်းပြသည်။

ထို့ပြင် ရှမ်းနီလူငယ်များသည် အပျော်အပါး(ပွဲလမ်း သဘင်သွားရခြင်း၊အက ကပြရခြင်း၊ သီချင်းဆို ရခြင်း)မှာပဲ အာရုံ စူးစိုက် မှုရှိနေပြီး မူးယစ်ဆေးဝါး၏ သားကောင်များ ဘဝသို့ ရောက်ရှိသူက ရောက်ရှိသွားခြင်းကြောင့် မိမိလူမျိုး နစ်နာချက်များ ပြန်လည် ကုစားနိုင်ရေး ဆောင်ရွက်နေမှုများ အပေါ် အာရုံစူးစိုက်မှု မရှိဖြစ်နေသည်ဟုလည်း ရှမ်းနီများက ပြောသည်။

ကချင်ပြည်နယ်ဘက်မှ ရှမ်းနီ လူငယ်တဦးက “ ကျနော်တို့ နိုင်ငံရေးဆိုတာ ဘာလဲ မသိဘူး။ ကျနော် တို့ သိတာ မိသားစု စားဝတ်နေရေး အဆင်ပြေအောင် ဘယ်လို လုပ်ရမလဲနဲ့ ကျနော် ဘာအလုပ်ကို လုပ်ရမလဲဆိုတာပဲ စဉ်းစားမိတယ်။ကျနော်တို့ ရှမ်းနီတွေ သတ်ခံ နေရတာတွေ၊ မြေမြှုပ်မိုင်းထိလို့ ခြေပျက် လက်ပျက်ဖြစ်တာ တွေကိုလည်း ဘယ်သူမှ အကာအကွယ် မပေးနိုင်ဘူး”ဟု ပြောသည်။

လက်ရှိတွင် ရှမ်းနီလူမျိုးများ၏ နစ်နာချက်များနှင့် နယ်မြေ ဆုံးရှုံးသွားမှုများ ပြန်လည် ရရှိရေးအတွက် ရှမ်းနီ အမျိုးသားများ တပ်မတော်(SNA)က ကြိုးပမ်း ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

သို့သော်လည်း ရှမ်းနီ လူမျိုးများသည် SNA ကို ဝိုင်းဝန်း ထောက်ပံ့ပေးရေးထက် သူတို့၏ လုပ်ငန်း စဉ်များအပေါ် မေးခွန်း ထုတ်မှုများက ပိုအားကောင်း နေသည်ဟုလည်း ရှမ်းနီများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သော ရှမ်းနီလူငယ် တဦးက “ ရှမ်းနီတပ် ရှိတယ်ဆိုတာ အခု ကြားလာရတယ်။ သူ့ရဲ့ လုပ်ငန်းစဉ်က ဘာလဲ ကျနော်တို့ မသိရဘူး။ သဲသဲကွဲကွဲလည်း ဘာမှ မသိ ရဘူး။ ဒီတော့ ကျနော်တို့က ဘယ်လို ပူးပေါင်း ကူညီပေးရမှာလဲ။ နောက်တခုက ကျနော်တို့ ဒေသက တည်ငြိမ်နေတာ သူတို့ကြောင့် မတည်မငြိမ်ဖြစ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာတော့ မလိုလားတာ အမှန် ပဲ ”ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ ရှမ်းနီလူမျိုးများကတော့ ၎င်းတို့အိမ်မက်သည် ရှမ်းနီပြည်နယ် ရရှိရေးပင် ဖြစ်ကြောင်း ဆိုသည်။ ရှမ်းနီပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်ရာမှာ ရှမ်းနီလူမျိုးတိုင်တွင် တာဝန်ရှိကြောင်း လည်း မှတ်ယူ ထားကြသည်ဟု ဆိုကြသည်။

ရှမ်းနီများသည် ၎င်းတို့ ဆုံးရှုံးသွားခဲ့ရ သည့် နယ်မြေများဖြစ်သော ခန္တီးခရိုင်၊ ကသာခရိုင်၊ ကလေး ခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင် (စစ်ကိုင်းတိုင်းထဲပါဝင်နေသော ဒေသများ)နှင့် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်(ကချင်ပြည်နယ်ထဲပါဝင်နေသော ဒေသများ)တို့ကို စုစည်း၍ ရှမ်းနီ ပြည် နယ် သို့မဟုတ် မြေလတ် ရှမ်းနီပြည်နယ် သတ်မှတ်ပေးရေး တောင်းဆိုနေကြသည်။

ရှမ်းနီပြည်နယ် သတ်မှတ်ပေးရေး ရှမ်းနီလူမျိုးများ တောင်းဆိုနေသော ဒေသများသည် တိုင်း ဒေသကြီး တခုနှင့် ပြည်နယ် တခုဆီမှာ ပါဝင်နေသည်။ထိုသို့ ဖြစ်တည် နေခြင်းကြောင့် ရှမ်းနီများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တခုကို ပထမဆုံး ရရှိအောင် ကြိုးပမ်းသင့်ကြောင်း နားလည် သဘောပေါက်စ ပြုလာခဲ့သည်ဟုလည်း ရှမ်းနီတို့က ဆိုသည်။

SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “ ကျနော်တို့ အခု SNA ကို ဖွဲ့စည်းတာက အရင်တုန်းက လူကြီးတွေ ဆောင်ရွက်ခဲ့တဲ့ တာဝန်တွေကို လက်ဆင့်ကမ်း ပြန်ယူဖို့ အတွက်ပါ။သူတို့ မပြီးမြောက်ခဲ့တဲ့ တာဝန်တွေကို ပြန်လည် ထမ်းဆောင်ဖို့ အတွက်ပါ။ ဒါကို ရှမ်းနီ လူမျိုးများ အားလုံး နားလည် သဘောပေါက်ပြီး အတူတကွ ပူးပေါင်း ဆောင် ရွက်ရင် ပန်းတိုင်ကို အရောက်သွား နိုင်မှာ ပါ”ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးက ရှမ်းနီလူမျိုးများ၏ စိတ်နေ သဘောထားနှင့် ခံစားချက်သည် အထက် မြန်မာပြည် (ကချင်ပြည်နယ်)ရှိ ရှမ်းနီ လူမျိုးများ၏ စိတ်နေ သဘောထားနှင့် ခံစားချက် မတူညီ ဖြစ်နေခြင်းကို တူညီအောင် စုစည်းရန် လိုအပ်ကြောင်း ရှမ်းနီအများစုက ခံယူထားကြသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေး ပါတီ (TNDP) ၏ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က “လွတ်လပ်ရေး ရပြီးတဲ့အခါမှာလည်း ကျနော်တို့လူမျိုးက စစ်ကိုင်းတိုင်းထဲမှာ တပိုင်း၊ ကချင်ပြည်နယ် က တပိုင်း ကျနော်တို့ နယ်မြေကို ၂ ပိုင်း ခွဲပြီးတော့မှ ဖြစ်သွားပါတယ်။ ရှမ်းနီတွေဟာ နယ်မြေ ခွဲခြား အုပ်ချုပ်ခြင်းခံရတဲ့ အခါကျတော့ စိတ် လေးတွေ ဝေးသွားကြတာပေါ့။ ခံစားချက်လည်း ကွာသွားကြ ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့တွေက နိုင်ငံရေး အသိစိတ်ဓာတ် နိုးကြားတဲ့အခါမှာ ငါတို့ ပါတီ ထောင်ပြီးလုပ်မှ ပြန်စုစည်းနိုင်မယ် ဆိုပြီးမှ ကျနော်တို့ နိုင်ငံရေးပါတီ တရပ်ကို တည်ထောင်ခဲ့ရတာပါ။ အဲဒီ နိုင်ငံရေး ပါတီ တည် ထောင်ပြီးမှ ကျနော်တို့ အလုပ်လုပ်ပါတယ်။ အခက် အခဲ မြောက်များစွာ ကျော်လွှားရပါတယ်”ဟု ၂၀၁၈ ခုနှစ်၊ဇူလိုင်လက ဧရာဝတီမှာ ပြောထားသည်။

ရှမ်းနီလူမျိုးများသည် နိုင်ငံသား မှတ်ပုံတင်များတွင် ဗမာ၊ ရှမ်း-ဗမာ၊ ရှမ်း စသဖြင့် ထည့်သွင်း ဖော်ပြ ခံနေရပြီး ရှမ်းနီဆိုသော အမည်နာမ်ကို ထည့်သွင်းဖော်ပြခွင့် မရခြင်း အပေါ်မှာလည်း အားမလို အား မရ ဖြစ်နေကြပြီး မိမိလူမျိုး အမည်ကိုသာ ထည့်သွင်းခွင့် ရရန်လိုလား လျက်ရှိနေကြသည်။

မည်သို့ပင် ဆိုစေ ရှမ်းနီလူမျိုးများသည် ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေရာ ရှမ်းနီ လူမျိုးများ အကြား ညီညွတ်မှု မရှိခြင်းကို သတိပြုရန် လိုအပ်ပြီး စည်းလုံး ညီညွတ်ရန် ကြိုးပမ်းသင့်ကြောင်း ပြောလာကြသည်။

ရှမ်းနီအရေး ဆောင်ရွက်နေသူ တဦးကတော့ ရှမ်းနီလူမျိုးများ မညီညွတ်ခြင်းကြောင့် မိမိတို့ ပိုင်ဆိုင် ခဲ့သော နယ်မြေကို လက်လွတ် ဆုံးရှုံးခဲ့ရခြင်းနှင့် မိမိတို့ ရိုးရာ ယဉ်ကျေးမှုအစား တခြားသူ၏ ရိုးရာ ယဉ်ကျေးမှုများ လွှမ်းမိုး ခံလာရခြင်းတို့ကို သင်ခန်းစာ ယူသင့်ကြောင်း ဆိုသည်။

ထို့ကြောင့် ပန်းတိုင်ကို အရောက် သွားနိုင်ရန်အတွက် ရှမ်းနီလူမျိုးများသည် “ ဝံပုလွေ များကဲ့သို့ စည်းလုံး ညီညွတ်ရန်” လိုပြီး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် “ဧကရာဇ် ခြင်္သေ့ မင်း ကဲ့သို့ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ရန်” လိုအပ်ကြောင်း ၎င်းက ဆိုသည်။

Most read this week

November 13, 2024
မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာမှာရှိတဲ့ VIP KTV မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀...
November 13, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA  နှင့် PDF တို့...
November 9, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်မှာ အိမ်ထောင်စု(၁)ထောင်ခန့် နေထိုင်နိုင်တဲ့...
November 8, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ...