သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့တွင် သျှမ်းစာပါသော ဈေးနှင့်လမ်းဆိုင်းဘုတ်များကို ဒေသခံများစုပေါင်းစိုက်ထူခဲ့ကြကြောင်းသိရသည်။
နိုဝင်ဘာလ ၁၀ ရက်က ကျေးသီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့်စည်ပင်သာယာရေးတို့မှဦးဆောင်ကာ ကျေးသီးမြို့ မြို့မဈေးကြီး အား သျှမ်းဘာသာဖြင့် “ၵၢတ်ႇလူင်ဝဵင်းၵေးသီး ” မြန်မာဘာသာဖြင့် “ ကျေးသီးမြို့နယ် စည်ပင်သာယာရေးဌာနဈေး ”ဟုရေးသားထားသော ဆိုင်းဘုတ် တင်ခဲ့ကြောင်းသိရသည်။
ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်းက – “ကျနော်တို့ နိုဝင်ဘာ ၁၀ ရက်နေ့တုန်းက ဆိုင်းဘုတ်တင်လိုက်တယ်။ အခမ်းအနားနဲ့တော့မလုပ်ခဲ့ပါဘူး။ ဒီတိုင်းဘဲတင်သွားတာပါ။ အရင်တုန်းကတော့ မြန်မာစာနဲ့ရေးသားထားပါတယ်။ ကျနော်တို့ သျှမ်းစာလေးနဲ့ထပ်ရေးထည့်ချင်လို့ဆိုပြီး ဈေးသူဈေးသားတွေဆီကနေ အလှူငွေကောက်ခံပါတယ်။ နောက်ပြီးတော့ စေတနာရှင်အလှူရှင်တချို့ကလည်း သဒ္ဓါတတ်အားသရွေ့ပါဝင်ကူညီထားပါတယ်။” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
ကျေးသီးမြို့မဈေး ဆိုင်းဘုတ်အား သျှမ်း- မြန်မာ ၂ ဘာသာရေးသားပြီးစိုက်ထူမှုမှာ ကုန်ကျစရိတ်ကျပ် ၁၀ သိန်းခန့်ရှိကြောင်း သိရသည်။
၎င်းအပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မတည်ငွေတဝက်နှင့် မြို့သူမြို့သားများထံမှ ကောက်ခံရရှိသော အလှူငွေ တဝက်တို့အသုံးပြုကာ ကျေးသီးမြို့တွင်း ရပ်ကွက်တွင်းတွင်လည်း သျှမ်း- မြန်မာ ၂ ဘာသာပါသော လမ်းအမည်ဆိုင်းဘုတ်များစိုက်ထူနေကြကြောင်း စိုင်းစံမိန်းက ဆက်လက်ရှင်းပြသည်။
“ကျေးသီးမြို့မဈေးဆိုင်းဘုတ်သာမက ကျေးသီးမြို့နယ်ထဲက လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြားတွေမှာလည်း သျှမ်း-မြန်မာ ၂ ဘာသာပါတဲ့ ဆိုင်းဘုတ်ကို ကျနော်တို့ စိုက်ထူနေတာ ၁ လ လောက်ရှိပါပြီ။ ရှိထားတဲ့ရံပုံငွေအပေါ်မူတည်ပြီးတော့ ကျနော်တို့ကြိုးစားလုပ်ဆောင်နေပါတယ်။ လောလောဆယ်လုပ်နေတဲ့ဟာကတော့ လာမယ့်လထဲမှာ အကုန်ပြီးအောင်လုပ်မယ်လို့ စီစဉ်ထားပါတယ်။ ကျနော်တို့အားလုံး အောင်မြင်အောင် ဆိုင်းဘုတ်တွေစိုက်ထူနိုင်ရေးအတွက် အားလုံးတညီတညွတ် လက်တွဲပူးပေါင်းကူညီပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ” – ဟု စိုင်းစံမိန်း က သျှမ်းသံတော်ဆင့်အားဆက်ပြောပြသည်။
၂၀၁၆ ဇွန်လကစပြီး သျှမ်းပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီးက သျှမ်းပြည်တွင်းရှိမြို့ရွာများ၏ မြို့အဝင်အထွက်၊ လမ်း၊ဈေးများ၏အမည်အား မြန်မာဘာသာအပြင် သက်ဆိုင်ရာဒေသခံတိုင်းရင်းသားဘာသာစာပေပါ ထည့်သွင်းရေးသားနိုင်ကြောင်း တရားဝင်ကြေငြာခဲ့ပြီးနောက်ပိုင်း သျှမ်း- မြန်မာ ၂ ဘာသာပါ မြို့အဝင်အထွက် ဆိုင်းဘုတ်၊ ဈေး ၊လမ်း ဆိုင်းဘုတ်များကို ကျိုင်းတုံ၊နမ့်ခမ်း၊ တန့်ယန်း၊ နမ့်လန်၊ လဲချား၊ မိုင်းကိုင် အပါအဝင်မြို့နယ်တော်တော်များများတွင် စိုက်ထူလာခဲ့ကြသည်။