သမိုင်းဝင် ရှေးဟောင်းအမွေ အနှစ်တွေ လက်ရှိမှာအများအပြားကျန်ရှိနေသေးတဲ့ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ နယ်မှာ ပျောက်ကွယ်လုနီးပါးရှိနေတဲ့ ရှေးဟောင်းစေတီပုထိုးတွေကို ကျားဖြူပါတီပြည်နယ်လွတ်တော် ကိုယ်စား လှယ်ဟောင်း ရှေးဟောင်းအမွေအနှစ်မြတ်နိုးတန်ဖိုးထားတဲ့ မိုးနဲဒေသခံ စိုင်းမောင်ကြီးတို့အဖွဲ့ဟာ လက်ရှိမှာ ရှေးဟောင်းအမွေအနှစ်တွေကို ကိုယ်ထူကိုယ်ထ ပြန်လည်ရှာဖွေဖော်ထုတ် နေကြတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီ လ တွင် သျှမ်းစာပေ ယဉ်ကျေးမှု ပြန်လည် ဖွဲ့စည်းရေး အသင်း ပြန်လည် ဖွဲ့စည်းရေး ကိစ္စ နဲ့ ပတ်သတ်ပြီး ကျေးရွာ ဒေသတွေကို နယ်လှည့် စည်းရုံး ရာကနေ ထူးခြားတဲ့ ရှေးဟောင်း စေတီပုထိုးကို စတင် တွေ့ ရှိ လာသည့် အတွက် ရှေးဟောင်း အမွေအနှစ်ကို ပြန်လည်ရှာဖွေ ဖော်ထုတ်ဖို့စတင်လုပ်ဆောင်လာခဲ့တာလို့ သိရပါတယ်။ မိုးနဲ ရှေးဟောင်း စေတီ၊ ပုထိုးနဲ့ ဘုရားရှာဖွေ မှု နှင့် ပတ်သက်ပြီး အကြောင်းစုံသိရအောင်လို့ စိုင်းမောင်ကြီးကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်နွမ်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မိုးနဲ ရှေးဟောင်းအမွေအနှစ် နဲ့ ပတ်သတ်ပြီးတော့ ဘယ်ကနေ စပြီး ဖော်ထုတ် ရှာဖွေ ခဲ့ပါသလဲ။
ဖြေ။ ။ ကျနော်တို့ပထမဆုံးအနေနဲ့ တည်နေရာတွေကို လိုက်ပြီး ကောက်တယ်။ ဘယ်နေရာမှာ ရှိလဲ။ ဧရိယာ အကျယ်အဝန်း က ဘယ်လောက် ဆိုတာ စာရင်းကောက်နေတုန်းပါ။ တူးဖော်နေတဲ့ အဆင့် တော့ မရောက်သေးပါဘူး။ ကွင်းဆင်း ပြီး ကောက်ထားတဲ့ စေတီ စာရင်းကတော့ ၆၀၀ ကျော်ပါ။ အကောင်း ကတော့ ၂၀၀ ကျော်၊ ၃၀၀ နီးပါးတော့ ရှိပါတယ်။ကျနော်တို့ ဖိဖိစီးစီး လုပ်တာတော့ မရှိပါဘူး။ အလုပ်ပါးတဲ့ အချိန် မှာ ဝါသနာ တူတဲ့ သူငယ်ချင်း တွေစုပြီးတော့ စာရင်းကောက်တယ်။ ထိန်းသိမ်းသင့် တယ် ဆိုပြီး၊ ပြည်သူတွေ၊ မြို့နယ် သံဃာတွေ စိတ်ပါဝင်စားတဲ့သူတွေ သိအောင် ကျနော်တို့ တည်နေရာ ကို လိုက်ဖော်ပေးတဲ့ အဆင့် ပါပဲ။
မေး။ ။ လက်ရှိ မှာတော့ တည်နေရာတွေ လိုက်ဖော်တာပဲ ရှိသေးတယ်လို့ ပြောလို့ရပါသလား။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ ပေါင်းပင်တွေ ညောင်ပင်တွေ ပေါက်နေတာတွေ ကို တတ်နိုင်သလောက် ရှင်းလင်းတယ်။သန့်ရှင်းရေးလုပ်ပါတယ်။
မေး။ ။ မိုးနဲရှေးဟောင်း အမွေအနှစ် ဘုရား၊စေတီ နဲ့ ပုထိုးတွေကို ဘယ်ခုနစ်က စတင်ပြီး လုပ်ဆောင်ခဲ့ပါသလဲ။
ဖြေ။ ။ ဒီနှစ် ဖေဖော်ဝါရီ လ မှာ စလုပ်ပါတယ်။
မေး။ ။ မိုးနဲမှာ ရှေးဟောင်း စေတီ ပုထိုးတွေအပြင်တခြား စိတ်ဝင်စားစရာ ဘာတွေရှိသေးလဲ။
ဖြေ။ ။ ရှေးဟောင်း စေတီ ပုထိုးနဲ့ ဘုရား တည်ရှိတဲ့နေရာ တွေကတော့ မိုးနဲ မြို့ ကနေ အရှေ့မြောက် ၁၀မိုင်းခွဲ မွေတော်ကျောင်းကုန်း စေတီစု ၃၆ ဆူ၊ အရှေ့ မြောက် ၅ မိုင် စတုရန်း မြို့ဟောင်း၊ အရှေ့ ဖက် ၅မိုင် လွိုင်မဲန်းတျမ်၊ အရှေ့တောင် ၁၂ မိုင် ဝမ်ဖ မွေတော်စု စေတီ ၄ ဆူ နှင့် ရှေးရုပ်ပွားတော်၊ အနောက် ကြပ်ဂူခေါင်းတလားများ၊ မြောက်ဖက် ဆွမ်မရမ်း မွေတော်စု၊ နှင် အုဌ်ကျောင်း သိမ်တော်ရာ၊ လွိုင်လင်းရွှေဇဝါ ရုပ်စုံ ရှေးဘုန်းတော်ကြီး ကျောင်း၊ မြို့ အဝင် ကြာဖူး ၂ စုံ၊ မြို့ ရိုး မြို့တံခါး နဲ့ မြို့ ပေါ် ရှေးဟောင်း အဆောက်အဦး အများအပြားရှိပါတယ်။နောက် နွားကြေးရုပ်၊ မာလိန်တိုင် ဂျပန်စစ် သင်္ချိုင်းအထိမ်းအမှတ် ကျောက်စာတိုင်တို့ လည်းရှိပါတယ်
မေး။ ။ မိုးနဲကို သျှမ်းပြည်ပုဂံလို့တောင်တင်စားခေါ်ဝေါ်တာတွေ့ရပါတယ်။ စေတီပုထိုးတွေကတကယ်ဘဲ ပုဂံမှာလို နေရာအနှံ့အပြားရှိတာလား။ ရှေးအကျဆုံး စေတီပုထိုးတွေက ဘယ်နေရာတွေမှာ အများဆုံးကဘယ်မှာတွေ့ရလဲ။
ဖြေ။ ။ အရင်က နားလွယ်ကျေးရွာအုပ်စု ပေါ့။ အရင်ခေတ်တုန်းက ကျေးရွာပေါင်း ၁၆ရွာရှိတယ်။ အခုတော့ တရွာမှ မကျန်တော့ဘူး။ ရေကြည်ရာ မြက်နု ဆိုတဲ့အတိုင်း မြို့ထဲ ပြောင်းနေကြတယ်။ ဒါပေမယ့် သူတို့ ခြံတွေ မြေတွေ က ရှိသေးတယ်။ စိုက်ပျိုးစားသောက်တာတော့ မပြောင်းဘူး။ အဲ့ရွာမှာ စေတီပျက်တွေ၊ ပုထိုး အဟောင်းတွေ ရှိတယ်။ တချို့ ဒေသခံတွေ ဆို ဒါတွေ မသိတော့ဘူး။ ကျနော်တို့ က ကိုယ့် အဆက်နဲ့ မလို့ သာ သိရတာပါ။ မိဘတွေ ဘိုးဘွားတွေ ပြောတဲ့ နေရာ ကို ကျနော်တို့ စုံစမ်းပြီးသွားကြတယ်။ ဒေသခံတွေ တောင်မသိကြဘူး။ ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ်က အငြင်းပွားဖြစ်နေတဲ့ စေတီ နဲ့ တူတဲ့ တဆူ ကိုလည်း တွေ့ရတယ်။
မေး။ ။ ရှာဖွေ တွေ့ရှိတဲ့ ရှေးဟောင်း စေတီ၊ ပုထိုးတွေ နဲ့ ဘုရားတွေ က ဘယ်ရာစု နှစ်က လက်ရာတွေ လို့ပြော သတ်မှတ်နိုင်ပါလသဲ။
ဖြေ။ ။ ရာစုနှစ် က ၁၂၊ ၁၃ ရာစု ကလို့ခန့်မှန်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လန်းနား ယဉ်ကျေးမှု၊ ယွန်း ယဉ်ကျေးမှု ထွန်းကားတဲ့ ဒေသလို့ပြောလို့ရတယ်။ စေတီ ရဲ့ ပုံစံ၊ စေတီ ဒီဇိုင်းတွေ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ ကြည့်ချင်းအားဖြင့် ယွန်း ယဉ်ကျေးမှု လွှမ်းမိုးခဲ့တဲ့ ဒေသလို့ ထင်ရှားနေပါတယ်။
မေး။ ။ ဒီ ရှေးဟောင်း စေတီ၊ ပုထိုးတွေ နဲ့ဘုရားတွေကို ဘယ်လို ပြန်ပြီး ထိန်းသိမ်း စောင့်ရှောက် သွားမှာလဲ။
ဖြေ။ ။ လောဆယ် က မနိုင်၀န် ပုံစံမျိုးဖြစ်နေတယ်။ ဒေသခံတွေ ပြန်ပြီးထိန်းသိမ်း စောင့်ရှောက်နိုင်မယ့် အင်အားနဲ့ သျှမ်းပြည်နယ်က သျှမ်းတိုင်းရင်းသားတွေ စုပေါင်းပြီး စောင့်ရှောက်ဖို့တောင် အနိုင်နိုင်ပါပဲ။တမျိုးသား လုံး ပညာရှင်တွေ ဝိုင်းဝန်းမှ အဆင်ပြေမယ်လို့ ကျနော်ထင်တယ်။ ဒေသခံ အနေနဲ့ ခြုံနွယ်တွေ ကို တနှစ် တကြိမ်၊ ၂ကြိမ်ပဲ ရှင်းနိုင်ပါတယ်။ နည်းပညာနဲ့ ထိန်းသိမ်းဖို့ က မလွယ်သေးဘူး။ ဥပမာ သစ်ပင်တွေ ခြုံနွယ် ပြန်မပေါက်အောင်၊ ငှက်တွေ အသိုက်လာဆောက်ပြီး မပျက်စီးနိုင်အောင်၊ ကမ္ဘာ အဆင့်မီ ထိန်းသိမ်း နည်းတွေ ကို ကျနော်တို့ဒေသခံတွေ လက်လမ်းမမှီနိုင်ဘူးထင်ပါတယ်။
မေး။ ။ ရှေးဟောင်း အမွေအနှစ်တွေ ရှာဖွေ တူးဖော် ဖို့ အတွက် ဘယ်အရာ က တွန်းအားပေးနေပါသလဲ။
ဖြေ။ ။ ပထမ အဆင့် က မြို့ ဆင်ခြေဖုံးနားမှာ ရှိတဲ့ စေတီ ပုထိုး ကို သွားရောက်လေ့လာတယ်။ အဲ့မှာ ယဉ်ကျေးမှု လက်ရာ မြင့်နေတာ တွေ့ရတယ်။ဒါက အံ့သြဖွယ်ရာပဲ အသုံးပြုတဲ့ ပစ္စည်းတွေ၊ လက်ရာတွေ ကို ကြည့်ပြီး ပုဂံ နဲ့ ခေတ်ပြိုင် ဖြစ်နေတာကို တွေ့ရတယ်။ ပြည်ပ အဖွဲ့အစည်းတွေ၊ တခြား ပြည်တွင်း အဖွဲ့အစည်းတွေ တွန်းအားပေးလို့ လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ ရှေးဟောင်း အမွေအနှစ်ကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ စုမိပြီး လုပ်မိသွားတာပါ။
မေး။ ။ ဒီတွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေ ကို မပျက်စီးဖို့ အတွက် ဘယ်လို လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ လောဆယ် တွေ့ထားတဲ့ ရှေးဟောင်း စေတီ၊ပုထိုးနဲ့ ဘုရားတွေကို အနီးမှာနေထိုင်တဲ့ဒေသခံတွေ၊ လုပ်ကိုင် စားသောက်နေတဲ့ လယ်ပိုင်ရှင်တွေ ခေါ်ပြီး အသိပဲ ပေးပါတယ်။ ဒီ ရှေးဟောင်း အမွေ အနှစ်က တန်ဖိုးရှိကြောင်း၊ တချို့ကို သွပ်မိုးနဲ့ ကာပေးတယ်။ ဆေးပန်းချီတွေကို တော့ ကျနော်တို့သွပ်တွေနဲ့ မိုးထားတယ်။
လိုအပ်တဲ့ နည်းပညာတွေ၊ ဘတ်ဂျက်တွေ အများကြီးလိုအပ်နေတာက ကျနော်တို့ အတွက် စိန်ခေါ်မှု တရပ်ဖြစ်နေတယ်။တခါတလေမှာ မမျှော်လင့်ဘဲ အရမ်းကို အဆင့်မြင့်တဲ့ ရှေးဟောင်းလက်ရာကို တွေ့တဲ့အခါမှာ ဒေသခံတွေကို မြတ်နိုးတဲ့စိတ်၊ တန်ဖိုးထားတက်တဲ့စိတ်ဖြစ်ပေါ်လာအောင် ၊ထိန်းသိမ်းတက်လာအောင်၊ ခြံတွေ မခုတ်ဖို့။ ဆေးပန်းချီတွေကို မဖျက်ဆီးဖို့ အတွက် ကျနော်တို့ပညာပေးတာတွေ စည်းရုံးတာတွေ ပြုလုပ်ပါတယ်။
မေး။ ။ ဒီလို လုပ်ဆောင်နေတဲ့ အပေါ် အစိုးရ အနေနဲ့ ဘာတွေ တုန့်ပြန်မှုတွေ ရှိပါသလား။
ဖြေ။ ။ နိုင်ငံတော် အစိုးရ ကတော့ ပထမ ဦးသိန်းစိန် လက်ထက်က ကျနော်တို့ ဝန်ကြီးချုပ် ကနေ တဆင့်တင်ပြပါတယ်။ ရှေးဟောင်း အမွေအနှစ် ဇုံ ခရီးသွားလာရေး၊ လုပ်ဖို့ တင်ပြတယ်။အရပ်သား အစိုးရ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တက်လာတော့လည်း ကြိုးစားပါတယ်။ သို့ပေမယ့် လည်း နယ်မြေ က လုံခြုံရေး အရ အဖြူရောင်နယ်မြေဖြစ်မှ သာလျှင် နောက် လိုအပ်တဲ့ ဧည့်သည်တွေ လာရင် တည်းခိုဖို့ အတွက် ဟိုတယ်တွေ ကလည်းမရှိနေဘူး။ ခရီးသွားလာရေး ကို သတ်မှတ်ပေးဖို့ နိုင်ငံခြား ခရီးသည်တွေ ဝင်ဖို့ ဆိုတာ အခက်အခဲရှိနေသေးတယ်။
ကျနော်တို့ စဉ်းစားကြည့်တော့ အချိန် က သိပ်မတန်သေးဘူး။ အညိုရောင်နယ်မြေကို အဖြူရောင် အတင်း အဓမ္မ လုပ်မယ်ဆိုရင် အစိုးရ က လုံခြံုရေး အဖွဲ့တွေ ထပ်မှန်ဖွဲ့ရမယ် နောက် မြေယာ ပြဿနာတွေကို ကျနော်တို့သိပ်မလိုလာဘူး။ ဘာလို့ လဲဆိုတော့ လက်ရှိ လုပ်ကိုင် စားသောက် နေတဲ့နေရာက ဘာမှ အာမခံမရှိသေးဘူး။
တကယ်လို့ဇုံ အဖြစ် သတ်မှတ်လိုက်ရင် ဒေသခံတွေ လုပ်ကိုင်စားသောက် နေတဲ့နေရာတွေကို စီးပွားရေး သမားက ဟိုတယ်တွေ ဆောက်ပြီး မလိုလားအပ်တာတွေ ဖြစ်လာမှာတော့ စိုးရိမ်မိပါတယ်။
ဒေသခံ တွေ လိုအပ်တာတွေ ဖြည့်ပြီးမှ သာ ခရီးသွားလာမှု ဖွင့်ပါမယ်။
မေး။ ။ အစိုးရ အနေနဲ့ ရော မိုးနဲ ရှေးဟောင်း စေတီ၊ ပုထိုးနဲ့ ဘုရား ရှာဖွေ ဖို့ ဘတ်ဂျက် ချ လာပေးဖို့အတွက် ဘာပြောပေးချင်လဲ။
ဖြေ။ ။ ရှေးဟောင်း သုတေတန ကို ကျနော် တခါက အရေးဆိုခဲ့ဖူးတယ်။ ကျနော်တို့ မိုးနဲ က ရှေးဟောင်း ယာဉ်ကျေးမှု အမွေအနှစ် အရမ်းများတဲ့ ဒေသ ဖြစ်တယ်။ ရှေးဟောင်း သုတေသန ဦးစီးဌာန အနေနဲ့ ဌာန ခွဲ လာဖွင့်ပေးဖို့ ကမ်းလှမ်းဖူးပါတယ်။ သျှမ်းပြည်နယ်မှာ ရှေးဟောင်း သုတေသန ဌာန ၂ခုပဲ ရှိတယ်လို့ပြောပါတယ်။
တခြားနေရာတွေ ဖွင့်ဖို့ မလွယ်ကူဘူး။ လိုအပ်တဲ့ အကူအညီ ကတော့ တောင်းပါ အချိန်မရွေးပေးနိုင်ပါတယ်လို့ပြောပါတယ်။ နည်းပညာပါပဲ။ အစိုးရ အနေနဲ့ ကျနော်တို့ကို ဘတ်ဂျက် ရှာပေးဖို့ ပြည်ပ အလှူရှင်တွေ ရှာပေးဖို့ က မလွယ်လောက်ဘူးထင်ပါတယ်။ ကျနော်တို့သိပ်မမျှော်လင့်ပါဘူး။
မေး။ ။ မိုးနဲ ရှေးဟောင်းအမွေအနှစ်ကို သျှမ်းလူမျိုးသာမက တခြားလူမျိုးတွေ နိုင်ငံတကာ က သိလာပြီး ထိန်းသိမ်းချင်လာအောင် ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ သျှမ်းလူမျိုး တွေထဲက ရှေးဟောင်း ယဉ်ကျေးမှု နဲ့ ပတ်သတ်၍ သော်လည်းကောင်း သမိုင်းနဲ့ ပတ်သတ်ပြီး၍သော်လည်းကောင်း ကျွမ်းကျင်တွေ ပညာရှင်တွေ စိတ်ဝင်စားဖို့ပါပဲ။
နိုင်ငံတကာကတော့ ကျနော်တို့မိုးနဲ က လာချင်ကြတယ်။ နယ်မြေ လုံခြုံရေးမကောင်းလို့ ကျနော်တို့အကြောင်းပြထားရတယ်။
ကျနော် ကတော့ သျှမ်း အချင်းချင်း၊သျှမ်း ပညာရှင်တွေကို တက်ကြွစွာ ပူးပေါင်းပြီး မိုးနဲ ရှေးဟောင်း အမွေအနှစ်ကို ဖော်ထုတ်ကြဖို့ မျှော်လင့်ပါတယ်။
မေး။ ။ မိုးနဲ ရှေးဟောင်း အမွေ အနှစ် ကို ထိန်းသိမ်းဖို့ အတွက် ဒေသခံ တွေရော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ တကယ် ဆိုရင် ရှေးဟောင်း အမွေ အနှစ်တွေက နိုင်ငံရေး ရှုတောင့် ကနေ ပဲ ကြည့်ကြည့် လူမျိုးရေး ကမ္ဘာ မှာ သက်တမ်းရှည်ကြာစွာ တည်မြဲဖို့ အသက်သွေးကြောဖြစ်တယ်။
သျှမ်းတောင်တန်းပေါ် မှာ ကျနော်တို့ သျှမ်းတွေ က နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ လူမျိုးစု ဖြစ်တယ်ဆိုတာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် က သက်သေ သာဓက ပါပဲ။
လူငယ်တွေ နားလည် သဘောပေါက်ပြီး ဝိုင်းဝန်ကာကွယ်ဖို့ တခုပဲ မဟုတ်ဘူး။ အားလုံးကို ဖော်ထုတ်ပြီး သျှမ်းလူမျိုး ရဲ့ ရှေးဟောင်း ယဉ်ကျေးမှုကို ပြန်လည် အသက်ဝင်အောင် အသက်သွင်းပေးဖို့ ဝိုင်းဝန်း လုပ်ဆောင်သင့်ပါတယ်။
မေး။ ။ မိုးနဲ ရှေးဟောင်းအမွေ အနှစ် နဲ့ ပတ်သတ်ပြီးတော့ ဘာများ ထပ်ပြီး ဖြည့်စွတ် ပြောချင်ပါသလဲ။
ဖြေ၊ ။ ကျနော်တို့ မိုးနဲ က ခေတ်ကာလ အဆက်ဆက် သက်မဲ့ အမွေအနှစ် က ရှိနေပါတယ်။ ဖော်ထုတ် ဖို့ကျနော်တို့လူမျိုး၊ ကျနော်တို့ပညာရှင်တွေ ဟာနေတဲ့ ကွက်လပ်ဖြစ်ပါတယ်။
ရှေးဟောင်းစေတီပုထိုးနဲ့ လေ့လာစရာ စိတ်ဝင်စားစရာတွေအများအပြားရှိတဲ့ မိုးနဲမြို့ကို ခရီးသွားဒေသတခုအဖြစ်သတ်မှတ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုးစားတောင်းဆိုခဲ့ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနကတော့ ခရီးသွားဒေသအဖြစ်သတ်မှတ်ဖို့ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုပြီး သတ်မှတ်ပေးခြင်းမရှိသေးပါဘူး။ သို့ပေမယ့် သမိုင်းဝင်အမွေအနှစ်မြတ်နိုးသူလူငယ်တွေကတော့ အမွေအနှစ်မပျောက်ပျက်အောင်ထိန်းသိမ်းဖို့ ကြိုးစားရှာဖွေတူးဖော်နေကြဆဲဖြစ်ပါတယ်။