၂၀၁၉ မင်္ဂလာနှစ်သစ် ဖြစ်ပါစေ

၂၀၁၉ မင်္ဂလာနှစ်သစ် ဖြစ်ပါစေ

အအေးပေါ့ ဆောင်းရာသီသည် ဒီဇင်ဘာနှောင်းပိုင်းရက်များတွင်မှု ပိုကဲ အေးစိမ့်လာပြီး မြောက်ပြန်လေ ရံဖန်ရံခါ တိုက်ခတ်လာ သည်။ အရပ်လေးမျက်နှာတခွင် ကောင်းကင်ပြင်ကြည်လင်လျက် ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေစပြုခြင်းက ဒီဇင်ဘာကို လွမ်း မောစွာ နှုတ်ဆက်နေသည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးခဲ့သလို သက္ကရာဇ်တို့လည်း တခုပြီးတစ်ခု ကျန်ခဲ့မြဲနည်းတူ ၂၀၁၈ခုနှစ် သည် ကုန်လွန်လာခဲ့ပေပြီ။ ကုန်ဆုံးခဲ့သည့် ရာသီစက်ဝန်းကို ပြန်ကြည့်လျှင် လူတဦးချင်းစီအတွက် ဝမ်းမြောက်ဖွယ်ရာ အမှတ် တရများ၊ ယင်းနှင့်ဆန့်ကျင်သည့် ဝမ်းနည်းဖွယ်ရာများကိုလည်း လောကနိယာမအရ ကြုံဆုံခဲ့ရသည်။ တစ်ဦးချင်းစီ၏ ရင်ဆိုင် ဖြတ်သန်းမှုများမှတဆင့် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံအတွက် အမျိုးမျိုးအဖုံဖုံသော ဖြစ်ရပ်များလည်း ရှိခဲ့သည်။

၂၀၁၈ခုနှစ်အတွင်း ကရင်တိုင်းရင်းသား အရေးအရာများကို ပြန်ကြည့်မည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး၌ ရိုးရာဓလေ့ ဒုံးအက ပြိုင်ပွဲ၊ လက်ချည်ပွဲများ တခမ်းတနား ကျင်းပခဲ့ခြင်း၊ မြို့နယ်အချို့ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများ ကိုယ်ပိုင် မြေ၊ ရုံး နေရာများ တည်ထောင်နိုင်ခဲ့ခြင်းကြောင့် စာပေနှင့် ယဉ်ကျေးမှုများ ပိုမို တက်လှမ်းလာသည်ဟု ဆိုရပေမည်။ ထို့အပြင် အမြင် ကွဲပြားခဲ့ကြသည့် ဧရာဝတီတိုင်းဒေသကြီး၌ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲနှင့် ကရင်နှစ်သစ်ကူးနေ့ ဆက် စပ်ကျင်းပမှုကိုလည်း သက်ဆိုင်သူများက အပြန်အလှန် ထိန်းညှိနိုင်ခဲ့သည်။

၂၀၁၈ခုနှစ်အတွင်း အမေရိကန် ဒေါ်လာဈေး မြင့်တက်မှု၊ အထွေထွေ ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကို ပြည်သူတို့ ခါးစီးခံခဲ့ရသည်။ တစ်ပူပေါ် နှစ်ပူဆင့် သဘာဝဘေးရေကြီးမှုဒဏ်ကို ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဆိုးဆိုးရွားရွား ကြုံခဲ့ရပြီး လူထောင်ချီ ဒုက္ခ ရောက်သလို သေဆုံးမှုလည်း ရှိခဲ့သည်။ ယင်းဖြစ်ရပ်ကို သင်ခန်းစာယူလျက် အစိုးရအနေဖြင့် ၂၀၁၉ခုနှစ်တွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး စနစ်တကျ စီမံထားရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရန် စီမံဆောင်ရွက်စေလိုသည်။

၂၀၁၈၊ မတ်နှင့် ဧပြီလအတွင်း ကေအဲန်ယူ၊ တပ်မဟာ ၅နယ်မြေတွင် တိုက်ပွဲများ ပြန်ဖြစ်ခဲ့ပြီး စစ်ဘေးရှောင်များ တိုးများလာခဲ့ သည်။ ပြည်တွင်းဒေသအချို့တွင် ကရင့်အာဇာနည်နေ့ အခမ်းအနားများကို ယခင်နှစ်ကဲ့သို့မဟုတ်ဘဲ အတားအဆီးများနှင့် ခက် ခဲစွာ ကျင်းပခဲ့ရသည်။ တဖန် ဇွန်လ ၁၁ရက်နေ့ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ပင်လုံ)၌ ဖက်ဒရယ် ဆိုင်ရာ အခြေခံမူများ မချမှတ်နိုင်ခဲ့ဘဲ အောက်တိုဘာ ၁၆ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ၊ အစိုးရနှင့် တပ်မတော်တို့၏ နေပြည်တော် ဆွေးနွေးပွဲသည်လည်း အားရစရာမရှိခဲ့ဘဲ ကေအဲန်ယူက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်မှုကို ယာယီ ရပ်ဆိုင်းခဲ့ရသည်။

သို့သော် အရေးကြီးဆုံးသော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အရေးအရာမှာမူ ဝေဝါးနေဆဲ ဖြစ်သည်။ တိုးတက် မှုထက် ထူးခြားမှုအဖြစ်မူ မြောက်ပိုင်း မဟာမိတ်တပ် ၃ဖွဲ့၏ နိုင်ငံရေးဆွေးနွေးလိုမှု သဘောထားကို ငြိမ်းချမ်းရေးကေ်ာမရှင်က တုန့်ပြန်ကြိုဆိုခြင်းများနှင့်တဆက်တည်း တပ်မတော်ကာချုပ်က သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံခဲ့ခြင်း၊ ဒီဇင်ဘာ၂၁ရက်နေ့ မြန်မာပြည်မြောက်ပိုင်း၌ လေးလကြာ အပစ်ရပ်ကိုထုတ်ပြန်ကာ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော်လည်း ၂၀၁၉ခု နှစ်ဦး တွင် ရပ်တန့်၊ တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်ဦးမော့ကာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ထုတ်ပြန်ရန်ကို လည်း မျှော်လင့်မိသည်။

ယင်းသို့ ၂၀၁၈ခုနှစ်တွင် ကြုံတွေ့ခဲ့ရသည့် အကောင်းအဆိုး ဖြစ်ရပ်များကို သင်ခန်းစာယူကာ ၂၀၁၉ခုနှစ်တွင် နိုင်ငံ့အရေး၊ ငြိမ်း ချမ်းရေးကို ပြည်သူလူထုပါမကျန် အားလုံး နားလည်စွာ နည်းမှန်လမ်းမှန် ပါဝင်တည်ဆောက်ရေး၊ တည်ငြိမ်သော စီးပွားရေးအ တွက် သင့်တင့်လျောက်ပတ်သော စီမံကိန်းများ ရေးဆွဲနိုင်ရေး၊ သဘာဝဘေးများအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအ မံများ လုပ်ဆောင်ကာ တိုင်းရင်းသားပြည်သူများ အကျိုးစီးပွား ရေရှည်ဖြစ်ထွန်းရေး ရလဒ်များထွက်ပေါ်အောင် အစိုးရနှင့် သက် ဆိုင်သူအားလုံး လုပ်ဆောင်သွားရန်လည်း ဆန္ဒမွန်ဖြင့် လိုလားမိသည်။ ၂၀၁၉ခုနှစ်သည် လူသားတိုင်းအတွက် မင်္ဂလာနှစ်သစ် ဖြစ်စေကြောင်း ကရင်သတင်းဌာနက နှစ်ကူးဆုမွန်တောင်းလိုပါသည်။

အားလုံး မင်္ဂလာနှစ်သစ်ဖြစ်ပါစေ…။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...