“ ပြည်တွင်း ငြိမ်းချမ်းရေးက အပြန်အလှန် ယုံကြည်မူနဲ့ ငြိမ်းချမ်းရေးကို ဘယ်လောက်ထိ လိုချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်” - ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်နှင့် မေးမြန်းခြင်း

“ ပြည်တွင်း ငြိမ်းချမ်းရေးက အပြန်အလှန် ယုံကြည်မူနဲ့ ငြိမ်းချမ်းရေးကို ဘယ်လောက်ထိ လိုချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်” - ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်နှင့် မေးမြန်းခြင်း
ရက္ခိုင့်တပ်မတော် (AA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် (Photo: the Irrawaddy)
ရက္ခိုင့်တပ်မတော် (AA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် (Photo: the Irrawaddy)

ဇူလိူင် ၁၁ ရက်နေ့ ညနေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင် ဟာ မြောက်ပိုင်း မဟာမိတ် အဖွဲ့ထဲက အဖွဲ့ ၄ ဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ( UWSA/UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မိုင်းလားတပ်ဖွဲ့ (NDAA)နဲ့ ရှမ်းပြည် တပ်မတော် (SSPP/SSAA) တို့ နဲ့ တွေ့ဆုံခဲ့သလို ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာ့ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) နဲ့တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ ၃ ဖွဲ့နဲ့ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (AA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်ကို နိရဥ္စရာ သတင်းဌာနမှ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါတယ်။

မေး- ဆွေးနွေးပွဲက ဘာကိုအဓိက ရည်ရွယ်ပြီး ဆွေးနွေးခဲ့ကြတာပါလဲခင်ဗျ။

ဖြေ- အဓိကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ဖြစ်စဉ်ကို ဆွေးနွေးကြတာပါ။ ဒီနေ့ မြန်မာ နိုင်ငံရဲ့ အကျပ်အတည်းကို နိုင်ငံရေးနဲ့ ဆွေးနွေး အဖြေရှာရမယ်ဆိုတာကို အစိုးရဘက်ကရော၊ စစ်တပ်ဘက်ကရော၊ ကျွန်တော်တို့ တိုင်းရင်းသာ လက်နက်ကိုင်တွေ ဘက်ကရော အကုန်လုံးက လက်ခံထားကြတယ်။ ဒီသဘော၊ ဒီမူတွေကို လက်ခံထားကြတာနဲ့ အညီ အနာဂတ်အတွက် သူ့အမြင် ကိုယ့်အမြင်ကို ဆွေးနွေးကြတဲ့ သဘောပါ။

မေး- တပ်မတော်ဘက်ကနေ လုံးဝ တွေ့ဆုံမှု မလုပ်ဘူးလို့ ပြောထားရာကနေ ဒီလို တွေ့ဆုံ ဆွေးနွေးပွဲထိ ဖြစ်လာတော့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတို့ က ဘယ်အတိုင်းအတာထိ မျှော်လင့်လို့ ရနိုင်ပါပြီလဲ ခင်ဗျာ။

ဖြေ- ဒီကိစ္စ၊ အပစ်အခတ် ရပ်စဲရေးဆိုတာကတော့ နှစ်ဦးနှစ်ဖက်ကြားထဲမှာ ယုံကြည်မှု ဘယ်အတိုင်းအတာထိ တည်ဆောက်နိုင်မလဲ။ ပြီးရင် ငြိမ်းချမ်းရေး အပေါ်မှာရော၊ နှစ်ဖက် ဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ ရလဒ် အပေါ်မှာရော ဖြစ်ချင်တဲ့အားက ဘယ်လောက် ရှိမလဲဆိုတာတွေ အပေါ်မှာတည်တာပေါ့။ အဓိကတော့ အပြန်အလှန် ယုံကြည်မူနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဘယ်လောက်ထိ လိုချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

မေး- အခုဆွေးနွေးပွဲမှာ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး၊ အပစ်အခပ်ရပ်စဲရေးတို့ အတွက် အပြန်အလှန် ညှိနိုင်း ဆွေးနွေးခဲ့ကြတာတွေကော ရှိပါသလား။ 

ဖြေ- ဒီတွေ့ဆုံတဲ့ အနေအထားကတော့ လက်ရှိအခြေအနေမှာပေါ့နော်။ သူတို့ဘက်က ကျွန်တော်တို့ကြားထဲမှာ ကြားဝင်စေ့စပ်ပေးတဲ့ အနေအထားမျိုး ကျွန်တော်တွေ့တယ်။ တွေ့ဆုံ ဆွေးနွေးမှုကတော့ ကြီးကြီးမားမားတော့ မဟုတ်သေးဘူးပေါ့နော် ။ သူတို့ကလည်း သူတို့ ဘက်က အစီအစဉ်တွေကိုပြောပြတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ ဘက်က အစီအစဉ်တွေကိုပြောပြတယ်။ တအားကြီး သူတို့ဘက်က တောင်းဆိုတာမျိုး မရှိပေမဲ့ အခြေအနေ တစ်ခုအောက်မှာ သူတို့ဘက်က ဒီလိုဒီလိုဖြစ်ချင်တဲ့အနေအထားရယ်၊ ကျွန်တော်တို့ ဘက်က လည်း ဒီလိုဒီလို ဖြစ်သင့်တယ်ဆိုတဲ့ဟာမျိုးကို အကြမ်းအားဖြင့်ပြောပြတဲ့ အနေအထားလောက်ပါပဲ။

မေး- ခုအဆင့်ထိ ရောက်လာပြီဆိုတောငြိမ်းချမ်းရေး အနာဂတ်အတွက် အလားအလာ ကောင်းတယ်လို့ ပြောနိုင်ပါသလား။ 

ဖြေ- အလားအလာကောင်းတယ်ဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မယ့် လုပ်ရပ်တွေအပေါ်မူတည်ပြီးတော့ပဲ ဆုံးဖြတ်ရမယ်ထင်တယ်။

မေး- ၂၁ ရာစုပင်လုံ ညီလာခံကို လာတက်ရတဲ့ အခြေအနေလေးနဲ့ ပြောဆိုဆွေးနွေး တင်ပြ ခွင့်တွေကော ရပါသလား။ ဒီအခြေအနေလေးတွေကိုလည်း နည်းနည်းပြောပြပေးပါ။ 

ဖြေ- ကျွန်တော်တို့အတွက် သူတို့ဖိတ်တဲ့ဖိတ်စာမှာကိုက Special Guest အထူး ဧည့်သည်တော် ဆိုတဲ့ ပုံစံမျိုး နဲ့ ဖိတ်တယ်။ ဒီသဘောသဘာဝက ဘာလဲဆိုတော့ NCA ရဲ့ ဒီ ၂၁ ရာစုပင်လုံညီလာခံမှာ ဖိတ်စာအရဆိုလို့ရှိရင် အထူးဧည့်သည်တော်ဆိုတာက ဆွေးနွေးခွင့် မရှိဘူး။ တင်ပြခွင့်မရှိဘူး။ ပြီးတော့ ကျွန်တော်တို့ကို ဖိတ်တဲ့ ကိုယ်တိုင်က ဖွင့်ပွဲ အခမ်းအနားနဲ့ ညစာစားပွဲ တက်ရောက်ရန်လို့သာပါရှိတယ်။ ပြောရရင်တော့ ကျွန်တော် တို့ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အစိုးရ တာဝန်ရှိသူတွေနဲက တရုတ်သံရုံးတို့က ဖိတ်ခေါ် ယူဆောင်လာတဲ့ အတွက် ကျွန်တော်တို့ ဒီကို ရောက်လာတာပါ။

မေး- ဒုစစ်ဦးစီးချုပ်ခင်ဗျား။ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးခွင့်လည်းမရဘူး၊ တင်ပြခွင့်လည်းမရဘူးဆိုတော့ ဒုစစ်ဦးစီချုပ်တို့က ဘာကြောင့် ၂၁ ရာစုပင်လုံညီလာခံကို လာတက်ရတာပါလဲခင်ဗျ။ 

ဖြေ- သူ့တို့ဖိတ်တာကတော့ တစ်ဖွဲ့ချင်းစီ အနေနဲ့ပဲ သူတို့ဖိတ်တာပေါ့။ ကျွန်တော်တို့ အနေနဲ့ ခံယူထားတာ ကတော့ FPNCC အဖွဲ့ဝင် အနေနဲ့ တက်ရောက်လာတယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ တွေက ခံယူတယ်။ ဒါပေမဲ့လက်ရှိအခြေအနေအခင်းအကျင်းမှာတော့ တကယ့် FPNCC အနေနဲ့မဟုတ်ပဲ တစ်ဖွဲ့ချင်းအနေနဲ့သွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်လို့ ဒီပွဲရဲ့ အနေအထားနဲ့ ပြောဆိုဆွေးနွေးညှိုနှိုင်း ကြတဲ့အနေအထားမှာ FPNCC အနေနဲ့ တင်ပြခွင့်ရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့မှာ တင်ပြဖို့အတွက် စာတန်းတွေပါလာတယ်။ ပြီးတော့ UWSP ဝတပ်ဖွဲ့ ဦးဆောင်ပြီး ရေးထားတဲ့ စာတန်းလည်းပါလာတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း အခွင့် ရလို့ရှိရင် FPNCC ကိုယ်စား စကားပြောဖို့အတွက် စဉ်းစားထားတာတွေ ပါလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလိုအခွင့်အရေးတွေမရခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေ FPNCC ရဲ့မူဝါဒတွေ၊ ပြီးတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာကိ ုပြသတဲ့အနေနဲ့ ကျွန်တော်တို့ ဒီပွဲကို တက်ရောက် လာတယ်။ နောက်တစ်ခုက တစ်ချို့ လူတွေရဲ့ အမြင်မှာ FPNCC ကို အမြင်စောင်းနေတာနဲ့ သတင်းတွေမှာ တလွဲရေးတာတွေ ရှိတယ်။ အဲ့ဒါတွေကို သိအောင်ရှင်းရှင်းလင်းလင်း တင်ပြခွင့် ရမယ်ဆို တဲ့ ပုံစံမျိုးအနေနဲ့လည်း လာခဲ့တယ်။ နောက်တစ်ခုက ဒီ FPNCC ဆိုတာ နိုင်ငံရေးအရ မဟာမိတ် စုပေါင်း အဖွဲ့အစည်းဘဲ ဖြစ်တယ်။ စစ်ရေးမဟာမိတ် မဟုတ်ဘူး ဆိုတာကို နိုင်ငံတကာမှာရော၊ အခြားပြည်သူလူထုတွေရော ရှင်းရှင်းလင်းလင်း သိအောင် အတွက် ကျွန်တော်တို့ဘက်က ပြောခွင့်ရရင် ပြောမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တက်ရောက်တာပါ။ အခုလည်း ကျွန်တော်လည်း ပြောခွင့်ရတဲ့ နေရာတွေမှာ FPNCC ဆိုတာ စစ်ရေးအရ ဖွဲ့ထားတဲ့အဖွဲ့မဟုတ်ဘူး။ နိုင်ငံရေး အရ ဖွဲ့ထားတဲ့ အဖွဲ့စည်းဖြစ်တယ်။ ဒီ FPNCC ရဲ့ အဓိပ္ပါယ် ကိုယ်တိုင်ကလည်း ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ ဆိုပြီးတော့ ကျွန်တော်တို့ အဓိပ္ပါယ်ဖွင့်ထားတယ်။ ဆိုတော့ အဲ့ဒီမှာ ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ရယ် နာမည်မှာကိုက အဓိပ္ပါယ်ဟာ အဲဒီ လိုရှိတယ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်တွေကို သိနိုင်ပါတယ်။ 

မေး- ဒုစစ်ဦးစီးချုပ်တို့ အခုလို ငြိမ်းချမ်းရေးညီလာခံတက်လာတော့ ရခိုင်လူထုကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတာတွေရှိတယ်။ ဒီညီလာခံ လာတက်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရခိုင်လူထုတွေကိုဘာပြောချင်ပါသလဲခင်ဗျ။ 

ဖြေ- ရခိုင်လူထုကိုပြောချင်တာကတော့ ကျွန်တော်ဒီညီလာခံမှာ အရင်တစ်ကြိမ်တုန်းက ကျွန်တော် တက်ခဲ့တယ်။ အခု တတိယ အကြိမ်ကိုလည်း အဖွဲ့အစည်းရဲ့ ကိုယ်စား ဦးဆောင်ပြီး ကျွန်တော် တက်လာခဲ့တယ်။ ပြီးရင်ဒီတစ်ခေါက် မှာတော့ ကျွန်တော်က FPNCC ရဲ့ ကိုယ်စား စကားပြောဖို့လဲ ကျွန်တော်ကိုသတ်မှတ်ပြီး လာတက်တဲ့အနေအထားမျိုးရှိတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကိုကျွန်တော်တို့မရပေမဲ့ အခြားနည်းလမ်းတစ်ခုဖြစ်တဲ့ ကျွန်တော် တို့မှာ FPNCC ရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေ၊ လက်ရှိအခြေအနေတွေကို မီဒီယာတွေကိုုရော အခြား ပြည်သူ လူထုကိုအသိပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ရခိုင်လူထုကို အဓိကပြောချင်တဲ့ Message ( သတင်းစကား) ကတော့ လက်ရှိရခိုင်ပြည်ရဲ့ အခြေအနေကတော့ လွန်ခဲ့တဲ့ လေးငါးနှစ်က ထက်စာရင် သိပ်ပြီး ထူးခြားပြောင်းလဲ တဲ့အနေအထားမရှိပဲ ။ တစ်စတစ်စပိုပြီးတော့ စီးပွားရေး လူမှုရေး ကျန်းမာရေး၊ ပညာရေး အစစနိမ့်ကျတဲ့အနေအထားကိုလည်း ကျွန်တေ်ာတို့ တွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ သုတေသန ပြုလုပ်ထားချက်အရ လို့လည်း ပြောလို့ ရတယ်။ ရခိုင်တွေရဲ့လူမှုဘဝတွေကို လေ့လာနေတဲ့ အနေအထားမှာလဲ ရခိုင်ပြည်ရဲ့အနေအထား တစ်စတစ်စ နိမ့်ပါးလာတာကိုတွေ့တယ်။ ဒီအခြေအနေတွေကို ပိုပြီး အဖတ်ဆယ်နိုင်ဖို့ အဓိက တာဝန်ကတော့ ရခိုင်ပြည်သူလူထုပဲ ဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့ မှာလည်း တာဝန်ရှိတယ်။ ရခိုင်လူထုတစ်ယောက်ချင်းစီမှာလည်း ပိုပြီး တာဝန်ရှိတယ်။ ကျွန်တော်တို့ AA အနေနဲ့လည်း ရခိုင်လူထုရဲ့ နိမ့်ကျနေတဲ့လူမှုဘဝတွေကို နလန်ထနိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ အများကြီး ကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ သွားနေတဲ့ လမ်းကြောင်းကို သိရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ အရင်လောက်မဝေးတော့ဘူးလို့ ကျွန်တော်တို့ ပထမဦးဆုံး ပြောချင်ပါတယ်။

မေး- ဒီလူထုကိုချပြထားတဲ့ Arakan Dream 2020 ဆိုတာကကော ဘာကိုဆိုလိုတာပါလဲ။

ဖြေ- ရက္ခိတ အိပ်မက် ၂၀၂၀ ဆိုတာက ဘာလဲဆိုတော့ ရခိုင်ပြည်သူလူထုအနေနဲ့ သက္ကရာဇ် ၂၀၂၀ ကိုရောက်လာတဲ့အခါမှာ ကျွန်တော်တို့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ရရှိဖို့အတွက် အဲ့ဒီကာလကို ကြိုပြီးတော့ အလုပ်လုပ်နိုင်ဖို့အတွက် ပေးထားတဲ့ Message တစ်ခုပဲဖြစ်ပါတယ်။ ဆိုလိုတာက သက္ကရာဇ် ၂၀၂၀ မတိုင်ခင်ထိ အခုဆို ၂၀၁၈ ရှိနေပြီ ။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ထိမှာ ကျွန်တော်တို့ ပိုပြီးစည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ်နဲ့ ရုန်းနိုင်မယ်ဆိုလို့ရှိရင် ၂၀၂၀ ရဲ့ အိပ်မက်ဟာတကယ် အကောင်အထည်ပေါ်လာနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ အဲ့ဒီ ယုံကြည်ချက် အတိုင်းလည်း ကျွန်တော်တို ့ တစ်စိုက်မက်မက်အလုပ်လုပ်နေပါတယ်။ ရခိုင် လူထုအနေနဲ့လည်း ရခိုင်အမျိုးသားလှုပ်ရှားမှုကြီးထဲမှာ ကိုယ်တတ်နိုင်တဲ့နေရာကတော့ တာဝန် တစ်ခုခု ကိုထမ်းဆောင်ရမယ်ဆိုတဲ့ အနေအထားမျိုးကိုအသိပေးလိုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ တာဝန်ထမ်းဆောင်တယ်ဆိုတာက လူတိုင်း စစ်တိုက်စရာမလိုဘူး။ ကိုယ့်ရဲ့ ရခိုင်ပြည်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ကိုယ်ရောက်ရှိနေတဲ့ နေရာကနေ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် အလုပ်လုပ်ကြပါလို့ ကျွန်တော်အနေနဲ့ မှာလိုပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရခိုင့်တပ်မတော် AA အနေနဲ့ကတော့ ရည်မှန်းချက်ကြီးပါတယ်။ ရည်မှန်းချက်ကြီး သလို အပြောထက်အလုပ်ကို ကျွန်တော်တို့ပိုပြီးတော့လုပ်တယ်။ ကြိုးစားနေတယ်လို့ မှာကြား ချင်ပါတယ်။

မေး- နောက်ဆုံးတစ်ခုလောက်ကျွန်တော်ထပ်မေးချင်တာက။ ဒီနေ့ အစိုးရအနေနဲ့ အပစ်အခပ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်မယ်လို့ ပြောနေပါတယ်။ ဒီကနေ့ အစိုးရဘက်က တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးအပေါ်မှာရော ဒုစစ်ဦးစီးချုပ် အနေနဲ့ ဘယ်လို သဘောထားရှိပါသလဲ။

ဖြေ- လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ။ တစ်ချို့ဟာဆိုလို့ရှိရင် ဒီ NCA အပိုင်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိ အချိန်မှာဆိုရင် လက်မှတ်ထိုးတာတဲ့အဖွဲ့တွေရော၊ လက်မှတ် မထိုးတဲ့ အဖွဲ့တွေရော၊ ဆိုလိုတာကကျွန်တော်တို့ပေါ့နော်။ စုစည်းမှုတစ်ခုအနေနဲ့ FPNCC နဲ့ ရပ်တည်တယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီ FPNCC မှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ မူဝါဒရှိတယ်။ ကျွန်တော်တို့သွားလိုတဲ့ လမ်းကြောင်းရှိတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အခြေအနေပေါ်မှာရေးဆွဲထားတဲ့ NCA ဆိုတာရှိပါတယ်။ အခုဆိုရင် အစိုးရဘက်က ၂၁ ရာစုပင်လုံညီလာခံမှာသွားနေတဲ့ NCA လမ်းကြောင်းတစ်ခုရှိတယ်။ အဲ့ဒီ ပုံစံနှစ်ခုကို ယှဉ်ပြီး ချကြည့် လိုက်လို့ရှိရင် တစ်ချို့တူတာတွေရှိတယ်။ တစ်ချို့လိုအပ်တာတွေရှိတယ်။ ဒီနေ့လည်းပဲ တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တဲ့အချိန်မှာလည်းပဲ NCA မှာလိုအပ်တာတွေရှိတယ်။ သူတို့ဘက်ကိုလည်း ဘယ်အချက်တွေလိုနေတယ်ဆိုတာပြောပြပေးပေါ့နော်။ ဥပမာNCA ရဲ့ အခန်းဘယ်လောက်မှာ ဘယ်နံပါတ်မှာ ဒါက ဘာဖြစ်နေတယ်။ အဲ့လို ကျွန်တော်တို့ ညှိနှိုင်းလို့ရတဲ့အပိုင်းတွေရှိတယ်ဆိုတော့ သွားနေတဲ့လမ်းကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တယ်ဆိုလို့ရှိရင် နည်းနည်းညှိနှိုင်းပြီးတော့ ရှေ့ဆက်ရမယ့် အနေအထားမျိုး ရှိပါတယ်။

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...