တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ပင်လုံကတိကဝတ်နှင့်အညီ ဖယ်ဒရယ်ပြည်ထောင်စုကို အမှန်တကယ်တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်းတွေကို ပြည်နယ်ကိုယ်စားပြုဖြစ်အောင် ဦးစွာမဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ၁၉၄ရပင်လုံစာချုပ်ကိုချုပ်ဆိုတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပြည်နယ်ဒေသကို ကိုယ်စားပြုတဲ့ခေါင်းဆောင်တွေ ဖြစ်နေလို့ပဲဖြစ်ပါတယ်။ လူမျိုးစုအနေနဲ့ လက်မှတ်ထိုးတာမဟုတ်ပဲ ပြည်နယ်ခေါင်းဆောင်အနေနဲ့သာ လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် ပြည်နယ်အရေးနဲ့ပတ်သက်လာရင် အင်မတန်မှစည်းလုံးညီညွှတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အားလုံးဟာ ပြည်နယ်ဒေသကိုသာ ကိုယ်စားပြုတဲ့လူမျိုးစုတွေဖြစ်ကြပါတယ်။ ဒါကြောင့် ဒီနေ့ထိကမ္ဘာ့ဖက်ဒရယ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။
အဖွဲ့အစည်းအချင်းချင်းပူးပေါင်းမှသာ နိုင်ငံတစ်ခုကို ကိုယ်စားပြုနိုင်မှာဖြစ်သလို လူမျိုးစုအချင်းချင်းပူးပေါင်းမှသာ ပြည်နယ်ဒေသကို ကိုယ်စားပြုနိုင်မှာ ဖြစ်ပါတယ်။ ရဲဘော်သုံးကျိတ်ဝင်ဖြစ်ကြတဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေဟာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်ခဲ့တာကြောင့် မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြပေမယ့် ဖဆပလ အစိုးရဟာမြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်ခဲ့တာကြောင့် ၁၉၆၂ခုနှစ်၊ ဦးနေဝင်းအာဏာသိမ်းမှု ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်ပေါ်ပြိီး မတ်လ ၉ ရက်နေ့၊ အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ ဦးနေဝင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်နေဝင်းက “ဒီမိုကရေစီအောင်တာ၊ မအောင်တာ ပြဿနာမဟုတ်ပါဘူး၊ တိုင်းပြည်ပြိုကွဲမည့်အချိန် ရောက်လာလို့ထိန်းသိမ်းရတာပဲ၊ ကြိုကြိုတင်တင်နဲ့ ခပ်စောစောက ပြတ်ပြတ်သားသားကိုင်ရင် ဆူပူမှုဟာ ဒီလောက်ဆိုးစရာမရှိပါဘူး၊ အစိုးရက သဘောထားကြီးကြောင်းပြတာနဲ့ ကျဉ်းမြောင်းအမျိုးသားရေးစိတ်တွေ ရှိလာကြတာပဲ။ ပလိတ်ရောဂါ၊ ဝမ်းရောဂါဖြစ်လာမှပဲ ရေကိုကျိုချက်သောက်မယ်လို့ တရားဟောနေရင် အဲ့အချိန်မှာပဲ လူဦးရေတစ်ဝက်ကုန်သလောက် ဖြစ်နေမှာပဲ” ဆိုပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
တစ်နိုင်ငံလုံးကို ကိုယ်စားမပြုနိုင်တဲ့ ခေါင်းဆောင်ဟာ များသောအားဖြင့် ဦးနေဝင်းကိုအာဏာရှင်အဖြစ် ရှုမြင်တတ်ကြပါတယ်။ ဦးနေဝင်းဟာအာဏာရှင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တစ်ဦး အမှန်တကယ်ဖြစ်ခဲ့တာပါ။ အကယ်၍ ဦးနေဝင်းဟာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တစ်ဦး မဖြစ်ခဲ့ဘူးဆိုရင် မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၆ နှစ်တိုင်အောင် ဘယ်တော့မှ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၊ မြန်မာ့လွတ်လပ်ရေးရရှိတဲ့နေ့မှာပဲ တာဝန်ရှိတဲ့ခေါင်းဆောင်တွေက လွတ်လပ်ရေးကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ကြပါတယ်။
လွတ်လပ်ရေးကြေငြာစာတမ်း ထုတ်ပြန်ရခြင်း၏ အဓိကရည်ရွယ်ချက်ကတော့ အနာဂတ်မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်မည့် ခေါင်းဆောင်မြောက်များစွာ ပေါ်ထွက်လာဖို့ပဲဖြစ်ပါတယ်။ လွတ်လပ်ရေးကြေငြာစာတမ်းမှာ ဖော်ပြတာကတော့ “ ငါတို့သည် တစ်မျိုး၊ တစ်ဘာသာ၊ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ မည်သူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာရှည်တည်စိမ့်သောငှါ လူအပေါင်းတို့ဆန္ဒသာလျှင်အဓိက၊ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ၊ တစ်ပါးသူ၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားရမည်” ဆိုပြီးဖော်ပြထားပါတယ်။
လွတ်လပ်ရေးကြေငြာစာတမ်းကို လိုက်နာနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်းတွေကို ပြည်နယ်ကိုယ်စားပြု အဖွဲ့အစည်းဖြစ်အောင် မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုကနေ ခွဲထွက်ခွင့်ပြု/မပြု ပြဿာနာဘယ်လောက် ဖြေရှင်းမလဲဆိုတာ ပြည်နယ်ဒေသကို ဘယ်အတိုင်းအတာထိ ကိုယ်စားပြုနိုင်မလဲ ဆိုတဲ့အပေါ်မှာ အဓိကမူတည်ပါတယ်။
လက်ရှိ အရပ်သားအစိုးရလက်ထဲမှာ ပြည်နယ်ဒေသတစ်ခုစီတိုင်းမှာ ပြည်နယ်အစိုးရရှိပြီးသားဖြစ်ပါတယ်။ ပြည်နယ်အစိုးရရှိပါလျက်နဲ့ ပြည်နယ်ကိုယ်စားပြုမှု အားနည်းနေသေးတာဟာ ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်တဲ့အချိန်တုန်းက ပြည်နယ်ကိုယ်စားပြုပြီး ဝင်ယှဉ်ပြိုင်တာမဟုတ်လို့ပဲ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထဲကနေ ဒီနေ့အရပ်သားအစိုးရလက်ထဲထိ ဖက်ဒရယ်ခေါင်းလောင်းသံတဖြည်းဖြည်း ကျယ်လာတာကိုအားလုံးကြားသိကြမှာ ဖြစ်ပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ပြည်နယ်ဒေသကို ကိုယ်စားပြုနိုင်တဲ့ အခြေအနေမရောက်မချင်း နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့အခြေအနေထိ ဘယ်တော့မှရောက်ရှိနိုင်မှာ မဟုတ်ဘူးဆိုတာ ပြည်သူတစ်ရပ်လုံးသိရှိအောင် မီးစိမ်းပြလိုက်တာပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းထက် ၂၁ရာစုပင်လုံညီလာခံ လမ်းကြောင်းက ပိုပြီးနှေးကွေးတာကို တွေ့ရှိရပါတယ်။
အဓိကအကြောင်းအရင်းကတော့ ၂၁ရာစုပင်လုံညီလာခံမှာ ကိုယ်စားပြုမှု ပိုပြီးအားနည်းနေလို့ပဲ ဖြစ်ပါတယ်။
တိုင်းရင်းသားအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းပြီးတစ်ညီတစ်ညွှတ်နဲ့ ကိုယ့်ရဲ့ပြည်နယ်ဒေသကို ကိုယ်စားပြုမယ်ဆိုရင် ပြည်ထောင်စုကနေ ခွဲမထွက်ရမူကို ချမှတ်စရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ ထိုနည်းတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ အခွင့်အာဏာရှိတဲ့ အဖွဲ့အစည်းဟာ ပြည်နယ်ဒေသကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ပြည်နယ်ဒေသအခွင့်အရေးနဲ့ လူမျိုးစုအခွင့်အရေး ဘယ်ဟာကိုရွေးမလဲ။ အဖြေကတော့ ဖြေရှင်းရတော့မည့် တိုင်းရင်းသားအခွင့်အရေးနှင့် ဖက်ဒရယ်ပုစ္ဆာသာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။