စားဝတ်နေရေးအခက်အခဲကြောင့် အိမ်တွင်းအကြမ်းဖက်မှု များပြားလာနေတယ်ဆိုတဲ့ အသက် ၃၀ နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင် ရှားတောမြို့နယ် ဒေါလယ်ခူကျေးရွာက အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်ဘယ်နဒဲတာနှင့် တွေ့ဆုံခြင်း။
မေး။ ။ အရင်က ကျေးရွာတွေမှာ ဘာတာဝန်တွေ ယူခဲ့ရဖူးလဲ။
ဖြေ။ ။ ဒေါလယ်ခူကို စစရောက်တုန်းက အစ်မကျောင်းဆရာမလုပ်တယ်၊ ရွာကခန့်တဲ့ ဆရာမပေါ့။ အဲ့တုန်းက ကျွန်မတို့နှစ်ယောက်ရှိတယ်။ နောက်ပြီး မူကြိုကျောင်းမှာ ဆရာမလုပ်တယ်။ ပြီးတော့ ကျွန်မတို့ရွာမှာက ကျွန်မပဲ စကားနည်းနည်းလည်လည်ဝယ်ဝယ်ပြောတတ်တယ်၊
မေး။ ။ အစ်မဘယ်လိုလုပ်ပြီး အုပ်ချုပ်ရေးမှူးဖြစ်သွားခဲ့တာလဲ။
ဖြေ။ ။ ဒီတစ်နှစ်မှာ ဘယ်လိုလဲမသိပါဘူး၊ ကျွန်မကတော့ တကယ်လို့ ကျေးရွာထဲမှာ တစ်ခုခုလိုအပ်တယ်ဆိုရင် သူတို့ကိုလိုက်လုပ်ပေးတာ ပြောပေးတာရှိတယ်၊ ပြီးတော့ သူတို့ကျွန်မကို အားကိုးတယ်၊ အစိုးရအဖွဲ့တွေ တစ်ခုခုအစည်းအဝေးခေါ်ဖို့ပေါ့နော သန်းခေါင်စာရင်းတွေ လိုက်ကောက်ကူတာတို့ရှိတယ်။ ၊ ကျွန်မလည်း စကားပိုပေါက်တယ် အခံစာလည်း နည်းနည်းပါးပါးတတ်ထားတော့ ကျေးရွာတွေအတွက် လုပ်ပေးတယ်။ နောက်ပြီး ဒီနှစ်ကျတော့ သူတို့တွေက ကိုယ့်ကိုဘယ်လိုအုပ်ချုပ်ရေးမှူးရွေးမှန်းလည်းမသိပါဘူး၊ ဘယ်လိုပြောရမလဲ ဒီလိုမျိုးတာဝန်ဆို ဘယ်သူမှလည်း တာဝန်မယူချင်ကြဘူးလေနော။ ဒါပေမယ့် ကိုယ်ကလည်း မဲများတယ်ဆိုတော့လည်း လုပ်နိုင်သလောက် လုပ်ပေးကြည့်ကြည့်မယ်လို့ပဲ စဉ်းစားထားတယ်။
မေး။ ။ အုပ်ချုပ်ရေးမှူးသက်တမ်း ဘယ်လောက်ရှိသွားပြီလဲ အစ်မ။
ဖြေ။ ။ ၁လပိုင်းတုန်းကဆိုတော့ ခုလောလောတယ် ၁လလောက်ပဲရှိသေးတယ်ပေါ့။
မေး။ ။ အစ်မအုပ်ချုပ်ရေးမှူးဖြစ်လာတော့ စိတ်ထဲမှာ ဘယ်လိုခံစားချက်တွေ ရှိလဲ။
ဖြေ။ ။ ပြောရရင် ကျွန်မတို့ရွာက သူများရွာထက်စာရင် ဆူပူမှုတွေပိုများတယ်။ တစ်ခုခုဆိုရင် ဘယ်လိုပြောရမလဲ အရက်သောက်ပြီးတော့ မူးယစ်ရမ်းကားပြီး ဆူပူမှုတွေရှိတယ်။ အဲ့တစ်ခုက အရမ်းစိတ်ညစ်ရတယ်။
မေး။ ။ ဒီအုပ်ချုပ်ရေးမှူးတာဝန်ယူနေရတာပေါ့နော ဘယ်အရာတွေက အစ်မအတွက် စိန်ခေါ်မှုတွေ ဖြစ်နေမလဲ။
ဖြေ။ ။ အစည်းအဝေးတွေ သွားတက်လို့ရှိရင် ကိုယ်ကစကားနည်းနည်းပါးပါး ပေါက်တဲ့အခါကျတော့ အဲ့ဒါတွေက ကျွန်မအတွက် စိန်ခေါ်မှုမဟုတ်ပေမဲ့ စိန်ခေါ်မှုတစ်ခုကတော့ ကျေးရွာထဲမှာ ကျွန်မအတွက်ပိုပြီးတော့ ခက်တယ်ပေါ့။ တစ်ခါတလေဆိုရင် လုပ်ချင်စိတ်တောင်မရှိဘူးပေါ့။ ယောကျာ်းလေးတွေတောင် ပြောဆိုလို့မရတာတွေ ကျွန်မကမိန်းကလေးဆိုတော့ ဘာထူးမလဲဆိုပြီးတော့ တစ်ခါတလေ အဲ့လိုစဉ်းစားမိတယ်။
မေး။ ။ ဒါတွေက အစ်မအတွက် စိန်ခေါ်မှုတွေ ဖြစ်နေတာလား၊ အခြားဒီထက်ကြီးမားတဲ့ အရာတွေကော ဘာဖြစ်မလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်မအတွက်နောက်ထပ် စိန်ခေါ်မှုတွေကတော့ ရွာအတွင်း စားဝတ်နေရေးအခက်အခဲပေါ့နော။ စားဝတ်နေရေး အဆင်မပြေတဲ့အတွက်ကြောင့် အိမ်တွင်း ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာရတယ်လို့ ကျွန်မထင်တယ်ပေါ့နော။ တကယ်လို့ စားဝတ်နေရေးသာ အဆင်ပြေမယ်ဆိုရင် ရွာအတွင်း၊ အိမ်တွင်းအေးချမ်းမယ်ပေါ့နော။ အကြမ်းဖက်မှုတွေ ရှိနေတယ် ကျွန်မသိတယ် ဒါပေမယ့် ကျွန်မမပြောရဲဘူး ရွာထဲမှာဆိုရင်လည်း ကိုယ်ပြောရင် ကိုယ့်ကိုယ်ပဲ မဲတော့မှာလေး၊ ကိုယ်ကလည်း အမျိုးသမီးချင်း ကိုယ်ချင်းစာတယ်၊ သူများခံရတယ်ဆိုရင် ကျွန်မခံရသလိုပါပဲ၊ ကျွန်မခံရရင်လည်း သူများခံရသလိုပါပဲ။ ကျွန်မသနားတယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင်ကလည်း ခံနေရတယ်ပေါ့နော၊ ကိုယ်သိထားတာတောင်မှ ကိုယ်ခံရတာ၊ ကျွန်မသူတို့ကိုလည်း ဝေ့လည်ကြောင်ပတ် ပြောတော့ပြောထားတယ် တစ်ခုခက်တာက တီးခေါက်ရခက်တာက စာမတတ် ပေမတတ်လို့ ခက်တယ်။ ဒီစားဝတ်နေရေးခက်ခဲလို့ အိမ်တွင်း ရွာတွင်းအကြမ်းဖက်မှု များနေတာတစ်ခုက ကျွန်မအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေတယ်ပေါ့နော။
မေး။ ။ အစ်မပြောတဲ့ အိမ်တွင်းအကြမ်းဖက်မှုက လူဘယ်နှစ်ယောက်လောက်မှာ ဒီလိုခံနေရလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် အိမ်ခြေ ၄၀ လောက်မှာ ဆယ်အိမ်ကတော့ အနည်းဆုံးပဲ၊ ဟိုအိမ်မဟုတ်ရင် ဒီအိမ်။
မေး။ ။ စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရတဲ့အချိန်မှာ ကိုယ့်အတွက် အလုပ်ကရော နေ့စဉ်ရှိရဲ့လား၊ သို့မဟုတ်ရင် ဒီလိုမျိုး ရာသီပေါ်အလုပ်တွေပဲ ရှိတာလား။ ဘယ်လိုလုပ်ကိုင်ကြလဲ။
ဖြေ။ ။ ရာသီပေါ်အလုပ်တွေပဲလို့ ပြောရမယ်ပေါ့၊ ဥပမာအခုလိုရာသီဆိုရင် တောင်ယာဟောင်းတွေကို ပြန်ရှင်း၊ တောင်ယာတွေ ပြန်ရှင်း၊ အဲ့ဒါနဲ့ပဲ သံသရာလည်နေတယ်။ နောက်မိုးကျလာတဲ့အချိန်ဆိုရင် ပြန်ပြီးသီးနှံပြန်စိုက်ပေါ့။ အပြင်ကနေရနိုင်မယ့် ဝင်ငွေတွေဆိုရင်လည်း နည်းလမ်းတွေဆိုရင် မရှိဘူးလေ။ အဲ့ဒါတစ်ခုကလည်း ခက်တယ်။
မေး။ ။ ပြီးခဲ့တဲ့နှစ်တွေတုန်းက အစ်မတို့ရွာ ကြွက်ဖျက်တာကော ဘယ်အခြေအနေထိ ဆိုးရွားခဲ့လဲ။
ဖြေ။ ။ နှမ်းဆိုရင် ကျွန်မတို့က ခွဲ နဲ့စားတယ်လေး။ နှမ်းစပြီး စိုက်တဲ့အချိန်တုန်းက ဥပမာ သုံးခင်းလောက် စိုက်တယ်ဆိုရင် ကြွက်ဖျက်တော့ တစ်ခင်းစာလောက်ပဲ ပြန်ရတာပေါ့၊ အဲ့တစ်ခင်းလောက် ပြန်ရတာကလည်း စားဖို့အတွက်ပဲပေါ့နော။ စပါးတွေ လုပ်ရင်လည်းအဲ့လိုပဲ။ ကျွန်မတို့က ပြောင်းမလုပ်ဘူး၊ စိုက်တဲ့စပါးတွေကလည်း အရင်းတောင်ပြန်မရဘူး၊ အကြွေးတွေတင်ကုန်တယ် အဲ့လိုဖြစ်တယ်။
မေး။ ။ ဆိုတော့ အစ်မတို့ အဲ့တုန်းက ဘယ်လိုအခက်အခဲတွေ ဖြစ်ခဲ့ကြလဲ၊ ဥပမာ အခြားရွာတွေမှာ အကြွေးယူပြီးတော့ ပြန်မဆပ်နိုင်တော့တာမျိုးတွေရှိလား။
ဖြေ။ ။ ရှိတယ်၊ ရှိတယ်ဆိုတာကလည်း သူတို့တစ်ချို့ ဒီရှားတောမှာ ဆွေမျိုးတွေရှိတယ်ပေါေ့နာ။ အဲလိုမျိုးတွေမှာ ဆန်တွေအကြွေးလာယူစား သို့မဟုတ်ရင် ပိုက်ဆံအကြွေးချေးစား အဲ့လိုမျိုးတွေ ရှိတယ်ပေါ့နော။ အကြွေးယူပြီး ပြန်မဆပ်နို်င်တာရှိတယ်လို့ ပြောရမယ်ပေါ့၊ အကြွေးမယူတဲ့သူလည်း မရှိသလောက်ပဲကော။
ဒီတစ်နှစ်ကို အလုပ်လုပ်တယ်၊ အဲ့ဒါနဲ့စားတယ်၊ စားလို့မလောက်တော့ သူများဆီမှာ သွားချေးတယ်။ ချေးပြီးတော့ နောက်တစ်နှစ်ရလာတဲ့ သီးနှံတွေနဲ့ ပြန်ဆပ်တယ်၊ နောက်စားလို့ထပ်ကုန်ရင် အချိန်တန်ရင် ထပ်သွားပြန်ချေးရတယ်၊ စားဖို့က မရှိတော့ အဲ့လိုပဲ ပြန်လုပ်ရတော့တယ်ပေါ့။
မေး။ ။ အဲ့လိုလူတွေဆီကနေကေ ဘယ်လိုညည်းတွားသံတွေ ကြားနေရသေးတာလဲ။
ဖြေ။ ။ ကျွန်မအစိုးရတွေကိုလည်း ပြောထားတာရှိတယ်။ ဒီရွာတွေမှာက တစ်ချို့က ဟိုးရှမ်းပြည်ဘက်ကနေ ပြောင်းလာတဲ့သူတွေရှိတယ်။ ရှမ်းပြည်မှာက အစိုးရခွင့်ပြုထားတဲ့ အလုပ်တွေရှိတယ်၊ ကျွန်မတို့က တောင်ယာတွေပဲလုပ်တော့ သူတို့လာတွေ့တယ်။ ပြီးတော့ သူတို့ဘာပြောလဲဆိုရင် ကျွန်မတို့ကိုယ့်ရွာမှာကိုယ်လုပ်ရင် ပြီးသားပဲလို့ သူတို့အဲ့လိုပြောသံတွေတော့ ကြားတယ်၊ ဒါပေမယ် သူတို့မသွားပါဘူး။ ကြိုးစားပြီးတော့မှ အလုပ်တွေဘာတွေ တူတူကြိုးစားရှာကြတာပေါ့။ ဒါပေမယ့် ဖူလုံမှုတော့ မရှိနိုင်သေးဘူးပေါ့။
မေး။ ။ အစ်မရဲ့ရွာက အမျိုးသမီးတွေပဲဖြစ်ဖြစ် အမျိုးသားတွေပဲဖြစ်ဖြစ် အလုပ်အကိုင်ရရှိဖို့အတွက်ကို လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတောင်းဆိုဖူးတာ ရှိလား။
ဖြေ။ ။ တခြားအဖွဲ့တွေကိုတော့ ကျွန်မတော့မပြောကြည့်ဘူးပေါ့နော၊ အဲန်ဂျီအိုတွေ ကျွန်မတို့ရွာကိုလာလို့ရှိရင် ကျွန်မအနေနဲ့ သူတို့ကိုစကားပြန်တွေ လုပ်ပေးတယ်ပေါ့နော၊ ရလိုရငြားပေါ့ သူတို့အတွက် ပြောပေးတာမျိုးတွေ ရှိပါတယ်။
မေး။ ။ လက်ရှိအစ်မတို့ရွာမှာ အဓိကအခက်အခဲက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ကျွန်မတို့ရွာမှာ လက်ရှိရေတော့ န.တ.လ က လုပ်ပေးထားတာရှိတယ်။ အဲ့ဒါရပြီပေါ့နော လုံးဝလုံလုံလောက်လောက်ရတာတော့ မဟုတ်ဘူးပေါ့နော။ လိုသေးတယ် ဒါပေမယ့် အရင်ကနဲ့စာရင်တော့ တအားသက်သာပြီ။ အခုလမ်းပန်းဆက်သွယ်ရေးအရ လမ်းက အရမ်းဆိုးနေတယ်၊ လမ်းက ပြီးခဲ့တဲ့ ၂၀၁၄-၁၅ တုန်းက အမာခံထည့်ထားတယ်၊ ဒါပေမယ့် ဒန်ဘာကားတွေဘာတွေ သွားတော့ ကျောက်ခဲတွေ ပိုးလိုးပက်လက်လှန်ကုန်တယ်။ လမ်းမကောင်းတော့ဘူးလေ။
ပထမဦးဆုံး အခက်အခဲက စားဝတ်နေရေး ပြီးတော့မှ လမ်းပန်းဆက်သွယ်ရေးလို့ ပြောရမယ်ပေါ့။
မေး။ ။ ဒီတော့ အစ်မအနေနဲ့ လက်ရှိအစိုးရကို တစ်ခုခုတောင်းဆိုချင်မယ်ဆိုရင် ဘာတောင်းဆိုမလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် စားဝတ်နေရေးပဲပေါ့၊ အဓိက လူဆိုတာက စားရမှပဲ လုပ်နိုင်မှာကော၊ တစ်ရွာလုံးဘယ်သူ့ကိုပဲ သွားမေးမေး ဒီစားဝတ်နေရေးပဲလိုမှာပဲ။ လမ်းပန်းဆက်သွယ်ရေးလည်း မလိုအပ်ဘူးလားဆို လိုအပ်တယ်၊ ဒါပေမယ့် အဓိက စားဝတ်နေရေးကိုး လိုအပ်နေတာ။
မေး။ ။ စိုက်ပျိုးရေးအပိုင်းကော အစိုးရကို ဘာတွေတောင်းဆိုချင်လဲ။
ဖြေ။ ။ စိုက်ပျိုးရေးအပိုင်းမှာတော့ ကျွန်မတို့တော့ မြေသြဇာတွေဘာတွေ သိပ်သုံးတာတွေဘာတွေ မရှိတော့ ပြောရမယ်ဆိုရင် မျိုးစေ့လည်းလိုတယ်၊ ဒါပေမယ့် စားသောက်ဖို့အတွက်ပဲ လိုတာပါ။
မေး။ ။ အစ်မ ဒီအုပ်ချုပ်ရေးတာဝန်ယူနေတဲ့ ကာလတစ်လျှောက်မှာပေါ့နော ကျေးရွာကို ဘယ်လိုစီမံခန့်ခွဲဖို့ အကောင်းဆုံးလုပ်ဆောင်မယ်လို့ မျှော်လင့်ထာလဲ။
ဖြေ။ ။ ကျွန်မ အုပ်ချုပ်ရေးမှူး လုပ်နေတဲ့ကာလအတွင်းမှာပေါ့နော၊ ကျွန်မရွာပေါ့နော တကယ်လို့ လက်လှမ်းမီနိုင်သလောက် မီအောင် ကျွန်မကြိုးစာပေးမယ်ပေါ့နော။ သူများရွာတိုးတက်သလို ကျွန်မတို့ရွာတည်တာ နောက်ကျပေမယ့်လို့ ကျွန်မတတ်နိုင်သလောက် လုပ်မယ်လို့ စဉ်းစားထားတယ်။ သူတို့ဘက်က လိုက်နိုင် မလိုက်နိုင်တာကတော့ ကျွန်မဘက်က အများကြီးကြိုးစားရမယ်ပေါ့။
မေး။ ။ အစ်မလို အမျိုးသမီးတွေကိုရော ဘယ်လိုတိုက်တွန်းအားပေးချင်လဲ။
ဖြေ။ ။ ကျွန်မလို ဘဝတူ အမျိုးသမီးတွေကို ဘယ်လိုပြောချင်လဲဆိုရင် တစ်ခုခုဆိုရင် ရင်ဖွင့်ဖို့ဆိုအရမ်း ခက်ခဲတယ်ပေါ့နော။ ရင်ဖွင့်ရမယ်ဆိုရင် ရှက်တာ၊ ကြောက်တာတွေ ကျွန်မကိုယ်၌ကပေါ့နော။ တကယ်တမ်းဆို မိန်းကလေးတစ်ယောက်ဟာ ယောကျာ်းလေးတွေထက် ပိုတဲ့အသိဉာဏ်တွေ ရှိရင်လည်း ရှိနိုင်တယ်။ တစ်ခုခုကိုပြောတော့မယ်ဆိုရင် သေချာစဉ်းစားပြီး မှန်တယ်ဆိုလို့ရှိရင် ပြောစေချင်တယ်။
ရှားတောမြို့နယ် ဒေါလယ်ခူကျေးရွာဟာ အိမ်ခြေပေါင်း ၄၀ လူဦးရေကတော့ ၁၈၀ ခန့် နေထိုင်ပါတယ်။ စစ်ဘေးရှောင်ခဲ့သူတွေ အများဆုံး ပြန်လည်အခြေချနေထိုင်ပြီးတော့ ပြည်ထဲရေးအမည်မပေါက်သေးတဲ့ ကျေးရွာဖြစ်ပါတယ်။