မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖြစ်မှာလား

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖြစ်မှာလား
by -
ဗညားအောင်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးနောက် မွန်ပြည်သစ် ပါတီ(NMSP) အနေဖြင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် လူထု တွေ့ဆုံ ရှင်းလင်းပွဲ ကျင်းပရန် စီစဉ်နေခြင်းကို တပ်မတော်မှ လူဦးရေ ကန့်သတ်မှုများ ဟန့်တားလာခြင်းက စဉ်းစားရ ခက်စေခဲ့သည်။

“ NCA လက်မှတ် မရေးထိုးခင် ကာလတွေမှာ မွန်လူထုတွေနဲ့ ကျနော်(NMSP)တို့ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပ နိုင်ခဲ့တယ်။ NCA လက်မှတ် ထိုးလိုက်ရင် ပိုပြီးကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ တယ်။ အခု မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတာဟာ တော်တော် စဉ်းစားရ ခက်ပါတယ်။ အခု ကန့်သတ်လိုက်တဲ့ ကိစ္စဟာ NCA ရေးထိုးပြီးရင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်သွားရမယ့် အစီ အစဉ် တွေပါ။ နိုင်ငံရေး ဆွေးနွေးတယ်ဆိုတာ လူထုအသံ ပါဝင်လာဖို့ပါ” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ဆိုသည်။

NCA မရေးထိုးသည့် ကာလ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က NMSP ထိန်းချုပ်ရာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ပေါလောကုန်း (တောင်ပေါက်) ကျေးရွာမှာ မွန်အမျိုးသား ညီလာခံကျင်းပခဲ့တာ အစိုးရနှင့်  တပ်မတော် ဘက်က တစုံတရာ နှောက်ယှက်ဟန့်တားခြင်း မရှိခြင်းဖြင့် နှိုင်းယှဉ်ကြည့်ပါက စဉ်းစားရ ခက်စေသည်။

NMSP ထိန်းချုပ်နယ်မြေ အတွင်းမှာ ၁၉၉၅ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကော်မတီ SLORC နှင့် NMSP အပစ်ရပ် သဘောတူညီမှု မပြုလုပ်နိုင်သည့် ကာလကတည်းကပင် အလားတူ မွန်အမျိုးသားများနှင့် သက်ဆိုင်သော ညီလာခံများကို ၂ နှစ် တစ်ကြိမ် ကျင်းပဖြစ်ခဲ့သည်မှာ ပုံမှန် လုပ်ဆောင်ချက် တစ်ရပ်လိုပင် ဖြစ်နေသည်။

(စကားချပ်-“မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ” ဆိုသည်မှာ ၁၉၉၅ ခုနှစ် SLORC နှင့် NMSP သဘော တူညီချက်အရ အစိုးရဘက်က သတ်မှတ်ပေးသော နယ်မြေများ၊ ၂၀၁၂ ခုနှစ် Bilateral သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ တပ်စခန်း ချရာ နေရာများအား ရည်ညွှန်းပါသည်။)

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က မွန်ပြည်သစ်ပါတီ(NMSP) NCA လက်မှတ်ရေးထိုးရသည့် အဓိက အကြောင်းအရင်းမှာ ကျယ်ပြန့်သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလိုသည့် အချက်တစ်ချက် ပါရှိနေသည်။

ထို့အတူ NCA လက်မှတ် ရေးထိုးပြီးသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေဖြင့် ရခိုင်ပြည်နယ် အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရရှိသည့်အတွက် ရခိုင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီနှင့် လူထုတွေ့ဆုံပွဲ ကျင်းပရေးကော်မတီကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်က ဖျက်သိမ်းလိုက်ပြီဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ဒေါ်စောမြရာဇာလင်းက “ဒီ ရခိုင်ပြည်ရဲ့အကြောင်းအမျိုးမျိုးကို အကြောင်းပြပြီးတော့မှ ဒီလူထု တွေ့ဆုံပွဲတွေ လည်း လုပ်ခွင့် မပေးတော့ဘူး၊ ဟိုကန့်သတ် ဒီကန့်သတ် အဲလိုအနေထားမျိုးတွေ ရှိနေတော့ အင်မတန်မှ လည်း စိတ်ပျက်စရာ ကောင်းပါတယ်၊ ကျမတို့ JICM  အထိ ၂ ခါတိတိ ကျမတို့ ထပ်ပြီးတော့ ကြိုးစားခဲ့တယ်၊ UPDJC မှာလည်း ကြိမ်ဖန်များစွာ ကျမတို့ ထပ်ပြီးကြိုးစားခဲ့တယ်၊ ဒီလိုလူထု တွေ့ဆုံပွဲတွေ လုပ်ခွင့် မရတာဟာ ကျမတို့ ပါတီကြောင့် မဟုတ်ဘူး၊ ကျမကြောင့် မဟုတ်ဘူး၊ ဒါကြောင့် လုပ်ခွင့်မရတာဟာ ကျမတို့ တာဝန် မဟုတ်တော့ဘူး” ဟု ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခွင့်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ALP အနေ ဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့တိုင် ကျင်းပခွင့်မရဘဲ ဖြစ်နေသည်။

အလားတူ NCA လက်မှတ် ရေးထိုးထားဖြစ်သော သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)လည်း လင်းခေးမြို့မှာ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှှိနှိုင်းအစည်းအဝေး(JICM) ကနေ ခွင့်ပြုပေးထားသည်။

ထို ခွင့်ပြုချက်အရ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်  ပြီးခဲ့သည့် ဒီဇင်ဘာလလယ်က လူထုကွင်းဆင်း တွေ့ဆုံပွဲများ ပြုလုပ်ရာမှာ တပ်မတော်က အင်အားသုံး ဟန့်တားခဲ့ပြီးနောက် ယနေ့ထိ ကျင်းပ နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။

“ RCSS နဲ့ အစိုးရ ညှိနှိုင်းမှုတွေ ဆက်လက်ပြီးတော့ လုပ်ခဲ့ပေမယ့်လည်း အခုအချိန်ထိ တိုးတက်မှုမရှိသေး” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ဆိုသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွင် လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာမှသာလျှင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင် မည်ဖြစ်သည့် အတွက် တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုခဲ့သည့်အတိုင်း နိုင်ငံရေးနည်းလမ်းများဖြင့် အဖြေရှာရန်  နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ရည်ရွယ် ကမ်းလှမ်းခဲ့ပါ သည်ဟု Myanmar Peace Center-MPC မှ ထုတ်ဝေသော မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Peace & NCA ၏ အဓိအချက်များတွင် ဖော်ပြထားသည်။

NCA လက်မှတ် ရေးထိုးပြီးဖြစ်သည့် သက်ဆိုင်ရာ တိုင်းရင်းသားများ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပနိုင်ပါက လာမည့် မေလလယ်တွင် လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(တတိယ အစည်းအဝေး) ကျင်းပနိုင်မည့် အလားအလာ အလွန်နည်းပါးကြောင်း စိုင်းကျော်ညွန့် က ဆိုသည်။

စိုင်းကျော်ညွန့်က “ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ကျနော်တို့ နိုင်ငံရဲ ့ ငြိမ်းချမ်းရေးကို တကယ်ကော လိုချင် ကြရဲ ့လား ပေါ့ဗျာ၊ အဲလို မဟုတ်ဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုပဲ လက်နက်သဖွယ် အသုံးပြုပြီး အဖွဲ့အစည်းတွေ အကျိုးစီးပွားအတွက် လုပ်နေကြသလားပေ့ါဗျာ၊ အဲဒါကိုတော့ မေးချင်တယ်” ဟု မေးခွန်း ထုတ်လိုက်သည်။

သို့သော်လည်း မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ  ကြီးကြပ်မှုကော်မတီကို ၂၀၁၈ ခုနှစ်၊ မတ် ၂၃ ရက်နေ့စွဲဖြင့့် အစိုးရက ဖွဲ့စည်းပေးလာခဲ့သည်။

ထိုကော်မတီ ဖွဲ့စည်းကြောင်း UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် ထုတ်ပြန်သော ကြေညာချက် အမှတ် ၁/၂၀၁၈ တွင် မွန်ပြည်နယ်မှ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၊ တပ်မတော် ကိုယ်စားလှယ် တစ်ဦး နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ မွန်ပြည်သစ်ပါတီ ၂ ဦးနှင့် KNU အဖွဲ့ဝင်တစ်ဦး၊ NLD, MNP, AMDP တို့မှ ၃ ဦး စုစုပေါင်း ၉ ဦးပါဝင်ကြောင်း ဖော်ပြထားသော်လည်း ယနေ့တိုင် မွန်လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင် နိုင်အောင်မငေးက “မွန်လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်နေ့ ဘယ်နေ့ လုပ်မယ့်ဟာကို တိတိကျကျ စဉ်းစား ထားတာ မရှိသေးဘူး ၊ အဆင်သင့်ဖြစ်ပြီး ပြေလည်တဲ့အချိန် လုပ်မှာပေါ့” ဟု ဆိုသည်။

အချုပ်အားဖြင့် ဆိုရသော် မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် လူထုတွေ့ဆုံ ရှင်းလင်းပွဲ ရှောရှောရှူရှူ မကျင်းပ နိုင်ပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် ခက်ခဲနေမှာဖြစ်သလို ကျယ်ပြန့် သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ပါက ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး)သို့ မွန်ပြည်သစ်ပါတီ တက်ရောက်မည့် ခြေလှမ်းများသည် ဘဝတူ NCA-EAO’s များနှင့်အတူ တွန့်ဆုတ်နေလိမ့် မည်ဟုသာ ရှုမြင်မိပါကြောင်း။

Most read this week

September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...
September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...