မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးဖို့ နီးပြီလား

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးဖို့ နီးပြီလား
by -
ဗညားအောင်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးနိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ(NMSP)သည် မိမိအဖွဲ့တွင်လည်းကောင်း၊ တပ်ပေါင်းစုဖြစ်သော UNFC တွင် လည်းကောင်း ကြိုးပမ်းလျက်ရှိနေသည်။

UNFC မှ အဆိုပြုထားသော အချက် ၈ ချက်အပေါ် အလုံးစုံ သဘောတူညီမှု ရယူနိုင်ခြင်း မရှိဘဲဖြစ်နေခြင်းကြောင့် NCA ထိုးနိုင်ရေးကို ရဲရဲဝ့ံဝံ့မသွားနိုင် ဖြစ်နေခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်တို့ကို တွေ့ဆုံ၍ အဆုံးအဖြတ်ရယူသွားရန် UNFC က တောင်းဆိုထားသည်။

သို့သော်လည်း ယနေ့ချိန်ထိ တွေ့ဆုံနိုင်ရေး မဖြစ်မြောက်သေးသည့်အတွက် NCA  လက်မှတ်ထိုးနိုင်ရေး NMSP အနေဖြင့် အဖွဲ့အတွင်း ချမှတ်ထားသော်လည်း  မသွားနိုင်သေးပဲ နောက်ဆုံး မျှော်လင့်ချက်ကို စောင့်မျှော်လျက်ရှိသည်။

မူလက UNFC တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကျော် ပါဝင်ပြီး NCA မူကြမ်း ဖြစ်မြောက်ရေး နှင့် မူချောရရေးအထိပင် ဆောင်ရွက်နိုင်ခဲ့သော်လည်း အားလုံးပါဝင် လက်မှတ်ထိုးရေးဆိုသော အချက်အပေါ် အစိုးရနှင့် UNFC ကြား သဘောတူညီမှု မရယူနိုင်ခဲ့ရာမှ လက်ရှိ ၄ ဖွဲ့သာ ကျန်ရှိ တော့ သည်။

ထိုသို့ ၄ ဖွဲ့သာ ကျန်ရှိခဲ့ခြင်းကလည်း အားလုံး ပါဝင် လက်မှတ်ထိုးရေး သဘောတူညီမှု ရယူနိုင်ရေး ကြိုးပမ်းနေစဉ်မှာပဲ ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တချို ့အဖွဲ့များက NCA လက်မှတ်ရေးထိုးသွားရာ ထုတ်ပယ်ခဲ့ရပြီး တချို ့အဖွဲ့များက NCA လမ်းကြောင်းကို ဥပက္ခောပြု  လိုက်ပြီး UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သွားခဲ့ကြခြင်းကြောင့် ဖြစ်သည်။

လက်ရှိတွင် UNFC ၌ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ ANC တို့သာ ကျန်ရှိတော့သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် UNFC ဗဟို အလုပ်အ မှုဆောင် ကော်မတီ (တိုးချဲ့) အစည်းအဝေး၏ သဘာပတိအပိတ်မိန့်ခွန်းတွင် ဥက္ကဌ  နိုင်ဟံသာက ‘‘အနာဂတ်မှာလည်း ဘာပဲပြောပြော တိုင်းရင်းသားတွေရဲ့ စုစည်းမှု အင်အားနဲ့သာ ကျွန်တော်တို့  အောင်ပွဲကို ရမှာဖြစ်တဲ့အတွက် ဒီဟာကို မျက်ခြေမပြတ်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ အားလုံးကနေ  အလေးထားပြီး  ဆက်လက်ကြိုးပမ်း ဆောင်ရွက်ဖို ့၊ တွဲမိတဲ့လက်ကို  ပြုတ်မသွားဖို့  နောက်ဆုံး အခြေအနေတွေက ဘယ်လိုပဲဖြစ်ဖြစ် ဆက်စပ်ပြီးမှ အားယူသွားနိုင်ဖို့ဆိုတာ အားလုံးက အလေးထားပြီး ကြိုးပမ်းသွားကြဖို့ ကျွန်တော်ကတော့ အားလုံးကို ပန်ကြားပါတယ်’’ ဟု  ပြောကြား ခဲ့သည်။

NCA လက်မှတ် ရေးထိုးနိုင်ရေး အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC ဆွေးနွေးမှုများသည် မူအားဖြင့် သဘောတူညီချက်ရရှိခဲ့ပြီဟု ယမန်နှစ်မတ်လက သတင်းမီဒီယာများကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ရှေ ့ဆက်မတိုးနိုင် ဖြစ်လာသည့်အတွက် အစသုညမှ တဖန် ပြန်လည် ဆွေးနွေးနေရသည့်အဖြစ်သို့ ရောက်ရှိနေပြန်သည်။

၄င်းတို့သည် အလွတ်သဘောနှင့် တရားဝင် တွေ့ဆုံခြင်းကို  ပုံမှန်ပြုလုပ်ခဲ့ကြသည့်တိုင် ယုံကြည်မှု တည်ဆောက်သည့် အဆင့်ထက် မရွေ ့ နိုင်သေးဘဲ နှစ်ဖက်ကြား တစ်ဆို့မှုများ  ဖြစ်ပေါ်နေသည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အား UNFC ထိပ်သီးခေါင်းဆောင်များ  တွေ့ဆုံစကားပြောခွင့် တောင်းဆိုထားသည်ကိုလည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

လတ်တလောတွင် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ ယခု ဇန်နဝါရီလကုန်ပိုင်းမှာ  ကျင်းပဖို့လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ(တတိယအစည်းအဝေး) ကို ရက်နောက်ဆုတ်ပေးရန် အစိုးရထံ  တောင်းဆိုထားသည်။

ထို့ကြောင့် မကြာမီတွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး JICM ခေါ်နိုင်ပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(တတိယအစည်အဝေး) ကျင်းပမည့် အချိန်ကို သတ်မှတ်နိုင်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။

NCA လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် ၁ နှစ်ခွဲကြာ ဆွေးနွေးမှု တစ်ဆို့နေဆဲဖြစ်သည့် UNFC ကို မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ ဖြစ်သူ နိုင်ဟံသာက ဥက္ကဌအဖြစ်  ဦးဆောင်နေသည့်အတွက်  မွန်ပြည်သစ်ပါတီ တစ်ဖွဲ့တည်း UNFC မှ နုတ်ထွက်ပြီး NCA လက်မှတ်  ရေးထိုးရမည့်ကိစ္စမှာလည်း မျက်နှာပူစရာဖြစ်နေပါသည်။

သို့ရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ UNFC မပါလည်း NMSP လက်မှတ်ထိုးဖို့ ကျနော်တိုက်တွန်းခဲ့တယ်။  UNFC က KNPP လည်းပါတယ်၊ လားဟူ လည်းပါတယ်၊  ရခိုင် လည်း ပါတယ်ဆိုတော့ အကုန်လုံး လက်မှတ်ထိုးမှ ထိုးမယ်ဆိုလို့ ရှိရင် ဒါအခက်ခဲရှိတယ်၊ ဒါကြောင့်မို့  မွန်ပြည်သစ်ပါတီ အနေနဲ့  ဒါကိုကျနော်တို့ မွန်ပြည်သစ်ပါတီ တခုထဲမဟုတ်ဆိုရင်တောင်  မွန်ပြည်သစ်ပါတီနဲ့ အခြားသော One + One ပေါ့နော် လားဟူ ပါတီက  လက်မှတ်ထိုးတယ်ဆိုလို့ရှိရင် ထိုးပေးဖို့ အတွက်ကျနော် မေတ္တာရပ်ခံတယ်” UNFC ဗဟိုအလုပ်အမှုဆောင်  ကော်မတီ (တိုးချဲ့) အစည်းအဝေးမကျင်းပမီ ရက်ပိုင်းအလိုတွင် သတင်းထောက်များကိုိ ပြောခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တို့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှစ၍ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လစဉ်ပုံမှန် တွေ့ဆုံဖြစ်ခဲ့ကြသည်။ တွေ့ဆုံတိုင်းတွင်လည်း NCA လက်မှတ် ရေးထိုးရေးကိစ္စ ဝန်ကြီးချုပ်နှင့် မေးမြန်းဆွေးနွေးခဲ့ကြပြီး မွန်ပြည်သစ်ပါတီဘက်မှ ၃ လခန့်အချိန်ဆိုင်းငံ့ပေး ရန် ပြောကြားမှုများရှိခဲ့သည်။

ထို့နောက် NCA လက်မှတ် ရေးထိုးရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ UNFC တွင်တင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးများလည်း မကြာခဏ ကျင်းပခဲ့သလို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်လည်း အလွတ်သဘော ခပ်စိပ်စိပ်  တွေ့ဆုံဖြစ်ခဲ့ကြသည်ကို တွေ့ရသည်။ 

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးအပတ်က မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်အား ရေးမြို့ အနီးမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ  အလွတ်သဘော တွေ့ဆုံခဲ့ကြပြီးနောက်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (တတိယအစည်အဝေး) မတိုင်မီ  မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ် ရေးထိုးမည့်အကြောင်း မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားအပြီး သတင်းထောက်များအား   ဝန်ကြီးချုပ်က အတိအလင်း  ထုတ်ဖော် ပြောကြားခဲ့ပါသည်။  

ထို့အတူ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးမည့် အခြေအနေ  နီးစပ်လာသည့်အတွက် လက်ရှိ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ရုံးခန်း ကိုလည်း မွန်ပြည်သစ်ပါတီအတွက် နေရာပြင်ဆင်ထားသည့်အကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး ပြောကြားချက်ကို RFA သတင်းမှ မကြာသေးမီ ရက်ပိုင်း က ကြားခဲ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်း မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး ၂/ ၁၇ မှ  အဓိကအားဖြင့် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေး အလားအလာကို အပြန်အလှန် ဆွေးနွေးသုံးသပ်ကြပြီး အတူတကွ NCA လက်မှတ်ရေး ထိုးနိုင်ရန်အတွက် နည်းလမ်း ရှာဖွေဆွေးနွေးခဲ့ကြသလို စီစဉ်ဆောင်ရွက်စရာ ရှိသည်များပြီးစီးပါက လက်မှတ်ရေးထိုးသွားနိုင်မည်ဟု မွန်ပြည်သစ်သတင်းစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အခင်းအကျင်းများကို လေ့လာကြည့်ခြင်းအားဖြင့် မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ် ထိုးရန် အလွန်နီးစပ်နေပြီး ဖြစ်ကြောင်း မြင်တွေ့နိုင်သည်။ သို့သော် ထိုအခွင့်အရေးကို  အစိုးရ၊ တပ်မတော်နှင့် အစိုးရ၏ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းပေးသူများက အမိအရ မဖမ်းဆုပ်နိုင်ပါကလည်း တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် အမြဲတမ်းအချိန်နှင့်အမျှ အခင်းအကျင်းများကို  ပြောင်းလဲစေခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် မွန်ပြည်သစ်ပါတီ (NMSP) မှ ကိုယ်စားလှယ်များကို မွန်တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် မြင်တွေ့ခွင့်ရလာနိုင်မလားဆိုတာကို စောင့်ကြည့် ရတော့မည်ဖြစ်ပါကြောင်း။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့်...
October 3, 2024
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီက လုံခြုံရေးအင်အားဖြင့် လူဦးရေနှင့်...
October 1, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို...
September 30, 2024
မွန်ပြည်နယ် ရေးမြို့  အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF...