စာရင်းစစ်ချုပ် ဥပဒေပြင်ဆင်ခြင်းနှင့် ဖယ်ဒရယ်စနစ်အတွက် ခြေလှမ်းသစ်

စာရင်းစစ်ချုပ် ဥပဒေပြင်ဆင်ခြင်းနှင့် ဖယ်ဒရယ်စနစ်အတွက် ခြေလှမ်းသစ်
by -
ကျော်စိုးသူ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတည်ဆောက်ပေါ်ပေါက်လာသော ဒေသအစိုးရများအနေဖြင့် သက်တမ်း(၇)နှစ် နီးပါးပြည့်တော့မည် ဖြစ်ပေသည်။ သို့ရာတွင် ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မပြဋ္ဌာန်နိုင်သရွေ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်မှာ ထင်သလောက်ခရီးမပေါက်နိုင်ပေ။

ဗဟိုဦးစီးစနစ်နှင့် အစိုးရအုပ်ချုပ်မှုစနစ်အတွက်သာ ရေးဆွဲထားခဲ့သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကို ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲကြရပေလိမ့်မည်။

အဓိကအားဖြင့် ဗဟိုချုပ်ကိုင်မှုနှင့် အာဏာဖြင့်အုပ်ချုပ်ရေးတွင် လွန်စွာအသားကျနေသည့် ဒေသအစိုးရများကို အပြန်အလှန်ထိန်းကြောင်းခြင်း အသက်ဝင်စေမည့် ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ပြဋ္ဌာန်းဖို့သည် ဖယ်ဒရယ်စနစ်အတွက် အခြေခံအကျဆုံး ဖြစ်ပေသည်။

ပြည်ထောင်စုမှ ဗဟိုချုပ်ကိုင်မှုလျော့ချချိန်တွင် အပြန်အလှန်ထိန်းကြောင်းမှု အားနည်းသည့် ဒေသအစိုးရဖွဲ့စည်းတည်ဆောက် အုပ်ချုပ်မှုပုံသဏ္ဍာန်များကြောင့် ပြင်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဟန်ချက်မညီဖြစ်နေခြင်းကိုလည်း သတိပြုဆင်ခြင်ရပေလိမ့်မည်။

အထူးသဖြင့် ဖယ်ဒရယ်အရ ခွဲဝေပေးသော ပြည်သူ့ဘဏ္ဍာငွေများနှင့်ပတ်သက်၍ ဒေသအစိုးရများ၏ လုပ်ဆောင်မှုများမှာ ပြည်သူတို့အတွက် ကျေနပ်အားရဖွယ် မရှိလှတာကိုတွေ့ရပေမည်။

အသစ်ဖြစ်သော လွှတ်တော်တို့အနေဖြင့်လည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဟောင်းများ၏ ကန့်သတ်ချက်ကြောင့် အပြန်အလှန် ထိန်းကြောင်းရေးကို ဆောင်ရွက်ရာတွင် အခက်အခဲများဖြစ်ပေါ်နေတာကို တွေ့ရပေသည်။

ထိုအခြင်းအရာများသည် အာဏာရှင်စနစ်အောက်မှ ဒီမိုကရေစီစနစ်ကို ကူးပြောင်းသော နိုင်ငံတိုင်းတွင် ကြုံတွေ့ရသော ပြဿနာများပင်ဖြစ်ပြီး အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ အတူတကွ ပူးပေါင်း၍ ကြိုးစားကျော်ဖြတ်ရပေလိမ့်မည်။

လက်ရှိကာလတွင်လည်း ဒေသအစိုးရများ အပြန်အလှန်ထိန်းကြောင်းခြင်း အားကောင်းစေရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၇ နိုုဝင်ဘာ ၁၆ ရက်နေ့တွင် ပြင်ဆင်အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့ထားပြီး ဖြစ်ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၇)ပြဋ္ဌာန်းချက်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နည်စာရင်းစစ်ချုပ်၏ တာဝန်များတွင် ပြင်ဆင်ဖြည့်စွက်သည့် အချက်များမှ အပြန်အလှန် ထိန်းကြောင်းခြင်းအတွက် အဓိကကြသည့်အချက်များမှာ ပုဒ်မ-၂၅ အစားထိုး-

(က) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်စည်းဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏အရ အသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားသော အခြေအနေတွင် အခါအားလျော်စွာ တင်ပြခြင်း၊

(ဃ) မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံ တင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊

(ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများ၊ အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊

(စျ) နိုင်ငံပိုင် ရေ၊မြေ၊ လေ သယံဇာတများကို အသုံးပြု၍ အကျိုးခံစားခွင့်ပေးသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် စာချုပ်ပုံစံအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးဖြင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများ၏ လုပ်ငန်းနှင့် စာရင်းများကို လိုအပ်၍ တာဝန်ပေးလာပါက စစ်ဆေးခြင်း၊ စသည်တို့ ဖြစ်ပေသည်။ ထို့အပြင် စာရင်းစစ်ချုပ်ရုံးအဆင့်ဆင့်၏ တာဝန်နှင့် အထွေထွေကိစ္စရပ်များတွင်လည်း 

ပုဒ်မ-၃၄ အစားထိုး

(ခ) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊

ပုဒ်မ-၃၆ ဖြည့်စွက်

(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံးအဆင့်ဆင့်၏ အစီရင်ခံစာအရ ဝန်ထမ်းများအား အရေးယူသည့်အခါတွင် ပဏာမစုံစမ်းမှုကို ပြန်လည်ပြုလုပ်ခြင်း မပြုဘဲ စာရင်းစစ်ရုံးအဆင့်ဆင့်တို့၏ စစ်ဆေးတွေ့ရှိချက်ကို စွဲချက်တင်ရန် အထောက်အထား တစ်ရပ်အဖြစ် မှတ်ယူ၍ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်ရမည်၊

စသည့်အချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ စာရင်းစစ်ဆေးခြင်းကဏ္ဍကို ပိုမိုအားကောင်းလာစေမှာဖြစ်သလို ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သော အပြန်အလှန်ထိန်းကြောင်းခြင်းကိုလည်း အသက်ဝင်လာစေမည်ဖြစ်ပါသည်။

ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်သို့ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုများနှင့် ပတ်သက်၍ အစီရင်ခံ တင်ပြရမည့်အချက်မှာ ဖယ်ဒရယ်ဒီမိုကရေစီအတွက် အဓိက လိုအပ်နေသော အရာပင်ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုစာရင်းချုပ်ဥပဒေကို ပြင်ဆင်သည့်အချက်များသည် မြန်မာနိုင်ငံကဲ့သို့ အသွင်ကူးပြောင်းစ နိုင်ငံများအတွက် အမှန်တကယ်လိုအပ်နေသည့်အချက်များ ဖြစ်နေသည်။

ထို့အပြင် ပြောင်းလဲသွားသည့် ဥပဒေနှင့်အညီ လက်တွေ့ကျကျအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ အတူတကွ လက်တွဲ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားခြင်းဖြင့် အားလုံး၏ မျှော်မှန်းချက်ဖြစ်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်သွားကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

Most read this week

October 3, 2024
စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးသင့်မှု ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့...
October 1, 2024
နှစ်ပေါင်း ၇၆ နှစ်ကြာ အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်လာခဲ့တဲ့ ကရင်နီပြည်တပ်မတော်...
September 30, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ အုပ်စုအတွင်းမှာနေထိုင်တဲ့ အသက် ၃၅နှစ်မှ...
September 28, 2024
ကရင်နီပြည်က စစ်ရှောင်စခန်းလေးတွေဆီကိုရောက်ရင် “အိမ်နောက်ဖေးစျေးဆိုင်တည်ပါ” ဆိုတဲ့ စကားပုံအတိုင်း...