အိန္ဒိယ၏ အရှေ့မျှော် ဝါဒ
မြန်မာ-အိန္ဒိယနို်င်ငံ သတင်းစာဆရာများ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၏ မြို့တော် အင်ဖာမြို ့တွင် 2-Day Inter-Regional Media Interaction Programme between Myanmar and India “မြန်မာနှင့် အိန္ဒိယကြား နှစ်ရက်တာ ဒေသတွင်း မီဒီယာ အပြန်အလှန် ထိတွေ့မှု အစီအစဉ်မှာ ပါဝင်တက်ရောက်ခွင့် ရရှိခဲ့သည့် အတွက် အိန္ဒိယနိုင်ငံ၏ အရှေ ့မျှော်ဝါဒ Act East Policy ကို မီဒီယာများမှတဆင့် အသိပညာ ပေးသွားမည် ဆိုသော အချက်ကို ဆွေးနွေးဖြစ်ကြသည်။
မဏိပူရအစိုးရ ပြန်ကြားရေး ပြည်သူ့ဆက်ဆံရေးဌာနနှင့် နိုင်ငံတော်အဆင့် မဏိပူရ အရှေ့မျှော် မူဝါဒ Act East Policy ကော်မတီတို့ ပူးပေါင်းပြီး မဏိပူရ ခရီးသွား လုပ်ငန်းဌာနတို့၏ စီစဉ်မှုဖြင့် မြန်မာ-အိန္ဒိယ သတင်းစာ ဆရာများနှင့် ဒေသတွင်း မီဒီယာများ၏ အပြန်အလှန် ထိတွေ့မှု အစီအစဉ်ကို အင်ဖာမြို့ရှိ အင်ဖာဟိုတယ် စန်ဂိုင်းခန်းမကြီးတွင် ၂၀၁၇ ခုနှစ်၊နိုဝင်ဘာ ၂၇ နှင့် ၂၈ ရက်နေ့က ကျင်းပခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာသတင်းမီဒီယာကောင်စီမှ ရွေးချယ်စေလွှတ်သော သတင်းစာဆရာ ကိုယ်စားလှယ်အဖွဲ့ (၁၁) ဦး၊ နယူးဒေလီအခြေစိုက် အိန္ဒိယသတင်းမီဒီယာကောင်စီ၊ ပြည်နယ်အသီးသီးမှ သတင်းစာ ဆရာအသင်း အဖွဲ့များ၊ မဏိပူရပြည်နယ် ဝန်ကြီးချုပ် ခေါင်းဆောင်သော အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
မဏိပူရပြည်နယ် ဝန်ကြီးချုပ် မစ္စတာ ဘီရန်ဆင်းက မန္တလေးမြို့တွင် Car Service Center ဖွင့်လှစ်နိုင်ရန် ကြိုးစားလျက်ရှိပြီး နှစ်နိုင်ငံပြည်သူများ စရိတ်အကုန်အကျ သက်သာစွာဖြင့် အပြန်အလှန် ခရီးသွားရောက် လည်ပတ်နိုင်ရေး “မန္တလေး-မဏိပူရ” ဘတ်စ်ကားများ တိုက်ရိုက်ပြေးဆွဲနိုင်ရန် ရည်မှန်းထားကြောင်း ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ထည့်ပြောသွားသည်။
မဏိပူရဝန်ကြီးချုပ်သည် ပြီးခဲ့သည့် စက်တင်ဘာလက အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ မြန်မာပြည် ခရီးစဉ်တွင် လိုက်ပါခဲ့ပြီး နှစ်နိုင်ငံဘတ်စ်ကားပြေးဆွဲလိုသော အစီအစဉ်ကို မြန်မာအစိုးရနှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
အင်ဖာမြို ့နှင့် မန္တလေးမြို ့ကို ဆက်သွယ်သည့် အာရှအဝေးပြေးလမ်းAH1 သည် အိန္ဒိယနိုင်ငံ၏ Act East Policy အရ အရှေ ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံသို့ ကျယ်ပြန့်သော စီးပွားရေးကုန်သွယ်မှုနှင့် မဟာ ဗျူဟာ ဆက်ဆံရေး တည်ဆောက်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။
Act East Policy သည် အာဆီယံ ဒေသ တွင်း တရုတ်နိုင်ငံ၏အာဏာနှင့် မဟာဗျူဟာမြောက် သြဇာ လွှမ်းမိုး မှုကို တန်ပြန်သည့် ပေါ်လစီဟုလည်း ဆိုနိုင်သည်။
AH1 ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ကလေးမြို့မှ အိန္ဒိယနယ်စပ် မိုရေးမြို ့အထိ ပြုပြင် တည်ဆောက် ထားသော အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်း Myanmar India Friendship Road သည် မြေပြန့်ဒေသ ဖြစ်ခြင်းကြောင့် ဘတ်စ်ကားများ သွားလာရန် အဆင်ပြေနိုင်သော်လည်း အိန္ဒိယဘက်ခြမ်းတွင် မဏိပူရ တောင်ကြောပေါ်ရှိ မိုရေးမြို ့မှ အင်ဖာပတ်ဝန်းကျင်မြေပြန့်လွင်ပြင် ဒေသ သို့ ရောက်ရှိရန် တောင်ပေါ် လမ်းကျဉ်း သေးသေးလေးမှာ အကွေ့အကောက် အတက် အဆင်းများစွာရှိပြီး ကားငယ် ၂ စီး ရှောင်လွတ်ရုံသာရှိသဖြင့် အန္တရာယ်အလွန်များပါသည်။
ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၅၀၀၀ ဝန်းကျင်ရှိကာ မိုင် ၃၀ ခန့်ဝေးသော မဏိပူရ တောင်ပေါ်ကားလမ်း ကို ဖြတ်သန်း၍ AH1 ဆွေးနွေးပွဲသို့ သွားတက်ရောက်ခဲ့သော မြန်မာသတင်းစာဆရာအဖွဲ့သည် အင်ဖာ မြို ့သို့ မော်တော်ကားဖြင့် အသွားအပြန်ခရီး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သော အခြေအနေအရ “မန္တလေး-မဏိပူရ”သို့ ဘတ်စ်ကား ပြေးဆွဲရန် စီမံကိန်းသည် မသင့်တော်ကြောင်း သုံးသပ်မိသည်။
AH1 နံပါတ် အမည် သတ်မှတ်ပေးထားသည့် အင်ဖာ-မန္တလေးလမ်းမကြီးအား နံပါတ် ၁ အဆင့် ဖြစ်စေလို ကြောင်း အိန္ဒိယ သတင်းစာဆရာတစ်ဦးက ဆွေးနွေးပွဲတွင် ပြောသည်။ ၄င်းက အိန္ဒိယ ဗဟိုအစိုးရအနေဖြင့် AH1 လမ်းမကြီးကို ဦးစားပေး ပြုပြင်ခြင်းမရှိသည့်အတွက် အာရှလမ်းမကြီးများတွင် နောက်အကျဆုံး လမ်းမကြီး ဖြစ်နေရသည်ဟု ဆိုသည်။
မဏိပူရပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဗဟိုအစိုးရက လစ်လျူရူ ထားသည်ဟုုလည်း အိန္ဒိယသတင်းစာဆရာများ ၏ ဆွေးနွေးမှုများကို ကြားသိခဲ့ရသည်။
မငြိမ်းချမ်းသည့် မဏိပူရဒေသ
မြန်မာသတင်းစာဆရာများအဖွဲ့အား အိန္ဒိယတပ်မတော်က လုံခြံုရေးပေး၍ ၎င်းတို့၏ စစ်တပ်သုံး ယာဉ်တန်း များဖြင့် အိန္ဒိယနယ်စပ် မိုရေးမြို ့မှ အင်ဖာမြို ့သို့ ပို့ဆောင်ပေးခဲ့သည်။ ထိုလမ်းကြောင်းတွင် လုံခြုံရေး ကင်းစခန်းများစွာကို ဖြတ်သန်းရပြီး လမ်းဘေးဝဲယာမှာလည်း စစ်သားများ နေရာယူထားသည်ကို သတိပြုမိသည်။
ဖြတ်သန်းလာသည့် ကျေးရွာများမှာလည်း လက်နက် အပြည့်အစုံဖြင့် အသင့်အနေအထားရှိသော စစ်သားများ ကို မြင်တွေ့ရသဖြင့် ၂၀၁၀ ခုနှစ်မတိုင်မီ ကရင်ပြည်နယ်ရှိ ထိုင်းနယ်စပ်ဒေသ အခြေအနေနှင့် အတော် ဆင်တူ နေသည်ဟု ပြန်လည် အောင့်မေ့မိသည်။
ရှေ့ပြေး စက်သေနတ်တပ် အလုံပိတ် ကျည်ကာယာဉ်နှင့် ရှေ့နောက် လက်နက်ကိုင် လုံခြံုရေး ဝန်းရံ လိုက်ပါ လာခြင်းကြောင့် လုံခြုံရေး စိတ်မချရသော ဒေသဟု အလိုလိုနေရင်း ခံစားရမိသည်။ဆွေးနွေးပွဲ ကျင်းပသည့် ဟိုတယ်နေရာမှာလည်း နေ့ညမပျက် လုံခြုံရေးချထားသည်ကို မြင်တွေ့ရသဖြင့် မဏိပူရနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို အင်တာနက်ပေါ်တွင် စူးစမ်းရှာဖွေ မိသွားသည်။
အိန္ဒိယပြည်မှ ခွဲထွက်ရန် လွတ်လပ်ရေး တောင်းဆိုနေသည့် မဏိပူရ လက်နက်ကိုင် အဖွဲ့အစည်းများအနက် အထင်ရှားဆုံး ဖြစ်သော ညီညွတ်သော အမျိုးသား လွတ်မြောက်ရေးတပ်ဦး(UNLF) တပ်ပေါင်းစုကို KCP, KYKL, PREPAK, PREPAK (Pro), RPF, UNLF နှင့် UPPK of Manipur (Kangleipak) စသည့် မဏိပူရ (ကသည်း)သူပုန် ရ ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း ဖတ်ရှုမိသည်။
အဆိုပါ တပ်ပေါင်းစုတွင် အင်အား ရ၀၀၀ ခန့် ရှိသည်ဟုလည်း သတင်း မှတ်တမ်းများတွင် လေ့လာ တွေ့ရှိရ သည်။ ထို့ပြင် နာဂသူပုန် NSCN-K အပါအဝင် NSCN-MI နှင့် တခြားသော နာဂလက်နက်ကိုင် တပ်ဖွဲ့များ လည်း ရှိသည်ဟု သိရသည်။
သူပုန်တပ်ဖွဲ့များသည် အစိုးရတပ်ဖွဲ့ စစ်ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်ခြင်း၊ စစ်သားများကို ချောင်း မြောင်း ပစ်ခတ်ခြင်း၊ အစိုးရ ယန္တရားများကို ဖျက်ဆီးခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ အရပ်သားများထံမှ ဆက်ကြေးကောက် ခြင်း၊ အစိုးရ ဝန်ထမ်းများကို ဖမ်းဆီး သတ်ဖြတ်ခြင်းစသည့် လုပ်ရပ်များ ဖော်ဆောင်ခြင်းကြောင့် သောင်းကျန်း သူများ သို့မဟုတ် စစ်သွေးကြွများဟုလည်း ခေါ်ဝေါ်သတ်မှတ် ခံရလေ့ရှိသည်။
ထို့အတူ အစိုးရ လုံခြံုရေးဘက်မှလည်း သူပုန် ထောက်ခံ အားပေးသူများကို ဖမ်းဆီးထောင်ချခြင်း၊ သူပုန် စခန်း များကို ထိုးစစ်ဆင်ခြင်း၊ လေကြောင်းမှ စစ်ဆင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သတင်းမှတ်တမ်းများ ဖတ်ရှု ရသောအခါ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများထက် ပိုမို ပြင်းထန်နေသလားဟု ထင်မှတ်မိသည်။
အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရရှိစဉ် ကတည်းကပင် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် ထိစပ်ဒေသများသည် နယ်စပ်ဖြတ်ကျော်လာသော လက်နက်နှင့် မူးယစ်ဆေးဝါးများကို မှောင်ခိုသွင်းသည့် နေရာအဖြစ် ရှိခဲ့ခြင်းကြောင့် သူပုန်အုပ်စုများကို မွေးဖွားရ ဒေသတစ်ခုအဖြစ် လူသိများခဲ့ သည်ဟု သုတေသီများ မှတ်ချက်ပြုထားသည်။
http://www.satp.org ဝက်ဘ်ဆိုက်၏ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ၂၆ ရက်အထိ နောက်ဆုံး ပြုစုထားသည့် မဏိပူရ အကြမ်းဖက် သောင်းကျန်းသူ အုပ်စုဝင်များ စာရင်းအရ အစွန်းရောက် အကြမ်းဖက်၆ ဖွဲ့၊ အကြမ်းဖက် သောင်းကျန်းသူ ၆ ဖွဲ့၊ မလှုပ်မရှား အကြမ်းဖက် သောင်းကျန်းသူ ၂၅ ဖွဲ့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် အပစ်ရပ် အဖွဲ့ ၅ ဖွဲ့ရှိကြောင်း သိရှိရသည်။
လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားနေသော ဒေသဖြစ်သည့်အလျက် လက်နက်နှင့် မူူးယစ်ဆေးဝါး မှောင်ခိုစျေးကွက်၏ အချက်အချာ ကျသည့် အရပ်ဒေသဖြစ်နေခြင်းကြောင့် အိန္ဒိယနိုင်ငံမှ မျှော်လင့်ထားသော အရှေ ့မျှော် ဝါဒသည် လက်တွေ့ မြေပြင်တွင် ဖြစ်တည်နေသော အခြေအနေများအရကွဲပြား ခြားနားနေသည် ကို တွေ့နိုင်ပါသည်။
ထို့ကြောင့် အိန္ဒိယ၏ အရှေ ့မျှော် ဝါဒသည် မငြိမ်းချမ်းသည့် မဏိပူရဒေသမှ စတင်မည် ဆိုသည့်အတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန် လွယ်ကူနိုင်မလားဆိုခြင်းမှာ မေးခွန်း ထုတ်စရာ ဖြစ်နေသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ အရှေ ့မျှော်ဝါဒ အောင်မြင်ရန်နှင့် စီးပွားရေး အချက်အချာ ဒေသအဖြစ် ပုံစံ ပြောင်းလဲ လိုပါက နယ်မြေ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးသော ဒေသအဖြစ် တည်ဆောက်ရန် လိုအပ်ပေ သည်။