မေး ။ ။ သျှမ်းပြည်တိုးတက်ရေးပါတီမွေးနေ့ ပွဲ ဘယ်နှစ်ရက်ကျင်းပပါသလဲ ။
ဖြေ ။ ။ ၂ ရက်ဘဲကျင်းပပါတယ် ။ ၂၃ နဲ့ ၂၄ ရက် ။ ပွဲတက်ရောက်သူ ၅၀၀၀ ရှိပါတယ် ။ စာရင်းအရသိရတာက ၄၅၀၀ နဲ့ စာရင်းမရတာက ၁၀၀၀ ။
မေး ။ ။ ဥက္ကဋ္ဌကြီးက မတက်ရောက်ဘူးဆိုတာဟုတ်ပါသလား ။
ဖြေ ။ ။ ဟုတ်ပါတယ်။ အခြေအနေအရရယ်။ ကျန်းမာရေးအရရယ် ဥက္ကဋ္ဌကြီးမတက်ရောက်ပါဘူး ။
မေး ။ ။ ပွဲတော်အတွင်းမှာအမှာစကားပြောတဲ့ အကြီးအကဲက ဘယ်သူရှိပါသလဲ ။
ဖြေ ။ ။ နာယကကြီးနဲ့ ဒုဥက္ကဋ္ဌ တို့အမှာစကားပြောပါတယ် ။ နာယကကြီးစဝ်ဆေထဲန်က SSPP/SSA မွေးနေ့ပွဲကျင်းပရခြင်းအကြောင်းရင်း ၊ သျှမ်းပြည်တပ်မတော် ဖွဲ့စည်းတည်ဆောက်လာပုံ ၊ သျှမ်းပြည် တပ်မတော်သမိုင်း၊ ဖြတ်သန်းလာခဲ့တဲ့ အခြေအနေနဲ့လက်ရှိအခြေအနေ ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အစိုးရသစ် စတဲ့အကြောင်းတွေ ပြောပြသွားပါတယ် ။
မေး ။ ။ လာမယ့် ၂၇ ရက်နေ့မှာ ရမခ တိုင်းမှူးက ဗျူဟာမှူးနဲ့ SSPP/SSA တို့ပူးပေါင်းပြီးတော့ နယ်မြေစစ်ဆေးရေးလုပ်ရှားမှုပြုမယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။
ဖြေ ။ ။ ကောင်းတာပေါ့။ ပစ်ခတ်တိုက်ခိုက်မှုမရှိစေချင်လို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းကြတာဘဲ ။
မေး ။ ။ ဒေသတွင်းစစ်ဆေးရေးလုပ်ဖို့ဆိုတာကကော။
ဖြေ ။ ။ ဒီအတွက်ဆွေးနွေးပါဦးမယ် ။
မေး ။ ။ တပ်မတော်ဆီအကြောင်းပြန်ပြီလားခင်ဗျ ။ သူတို့ဆင့်ဆိုကမ်းလှမ်းချက်ကိုသဘောတူ ပါသလား ။
ဖြေ ။ ။ ဒါမဆွေးနွေးရသေးဘူးဗျ ။ သျှမ်းပြည်တိုးတက်ရေးမွေးနေ့ပွဲရယ် ။ ရုံးမတက်ရသေးတာ ကြောင့် လူကြီးတွေနဲ့မဆွေးနွေးရသေးဘူး ။
မေး ။ ။ တပ်စခန်းတွေရုပ်သိမ်းပေးရေး တပ်မတော်ရဲ့တောင်းဆိုမှုကို SSPP/SSA ဘယ်လိုပြောချင် ပါသလဲ ။
ဖြေ ။ ။ တပ်စခန်းတွေတနေရာပြီးတနေရာဆုတ်ခိုင်းတာက တပ်မတော်ရဲ့အကျင့်ဖြစ်နေပြီ ။ သူတို့ ဖြစ်စေချင်တာက SSPP/SSA ကို ၀မ့်ဟိုင်းမှာလာစုပြီး နေစေချင်တာဖြစ်တယ် ။
မေး ။ ။ သျှမ်းပြည်တိုးတက်ရေးပါတီရဲ့ ၅၂ နှစ်မြောက်မွေးနေ့ပွဲကနေ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ် ဘယ်လိုမြင်ပါသလဲ ။
ဖြေ ။ ။ ဘယ်အခြေအနေဘဲဖြစ်လာလာ ကျနော်တို့ သျှမ်းပြည်တိုးတက်ရေးပါတီက စွဲကိုင်ထားတဲ့ မူဝါဒ အတိုင်း ထားရှိတဲ့ရည်မှန်းချက်အတိုင်း ရောက်အောင်သွားပါမယ် ။
သျှမ်းပြည်တိုးတက်ရေးပါတီရဲ့ ၅၂ နှစ်မြောက်အခမ်းအနားအပြီး ၂၄ ရက်နေ့မှာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေက ပွဲတက်ရောက်သူ သျှမ်းအကြီးအကဲများနဲ့ ဒေသခံလူထုကို တွေ့ဆုံပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်း ၊ ဒေသခံလူထုက သျှမ်းပါတီကြီး ၂ ခုပေါင်းစည်းရေး ၊ သျှမ်းတပ်မတော်ကြီး ၂ ခု ပေါင်းစည်းရေးတို့ကို ထပ်မံတောင်းဆိုကြကြောင်းလည်း ဆွေးနွေးပွဲတက်ရောက်သူ နန်းဟွမ်က ပြောပြပါတယ် ။
သျှမ်းပြည်တပ်မတော် SSA ကို ၁၉၅၈ ခုနှစ်မေလ ၂၁ ရက်မှ ညောင်ရွှေစော်ဘွားကြီးရဲ့ မဟာဒေဝီ စဝ်မယ် နန်းဟိန်းခမ်းက စတင်တည်ထောင်ခဲ့ပြီးတော့ သျှမ်းပြည်တိုးတက်ရေးပါတီ ကိုတော့ ၁၉၆၄ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ။