မေး ။ ။ ဆရာတို့ ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှုလှုပ်ရှားမှုကွန်ယက် KESAN ရဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ။
ဖြေ ။ ။ ကျနော်တို့မှာ လှုပ်ရှားမှုလေးတွေ အမျိုးမျိုးရှိတယ်။ လှုပ်ရှားမှုတစ်ခုစီတိုင်းမှာ သူ့ရည်ရွယ်ချက်နဲ့သူတော့ ရှိပါတယ်။ ဒါပေမယ့် အားလုံးခြံုကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ရည်ရွယ်တာက လူမှုပတ်ဝန်းကျင်လည်း ဖွ့ံဖြိုးရမယ်။ သဘာဝပတ်ဝန်း ကျင်လည်း ထိန်းသိမ်းရမယ်။ ရေရှည် တည်တံ့ခိုင်မြဲ အောင်လည်း လုပ်ဆောင်ရမယ် ဆိုတဲ့ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။
မေး ။ ။ ဆရာတို့ ဒီလိုသဘာဝပတ်ဝန်းကျင်၊ မြစ်ချောင်းတွေ ဖွ့ံဖြိုးရေးစီမံကိန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လှုပ်ရှားအသိပညာ ပေးမှုတွေ လုပ်ပေးတယ်လို့ သိရတယ်။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် လူထုအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိပါလဲ။
ဖြေ ။ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် လူထုတွေက ဒီလိုသဘာဝပတ်ဝန်းကျင်ကိစ္စတွေ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ သူတို့ဘဝနဲ့ သက်ဆိုင်လာတယ်ဆိုတာကို သိလာတာ တွေ့ရတယ်။ အသိပညာတွေအပြင် မေးခွန်းတွေလည်းမေးတတ်လာတယ်။ ဥပမာ.. ဒါက ဘာစီမံကိန်းလဲ။ ဘယ်သူ့အတွက်လဲ။ ဘယ်သူက အကျိုးအမြတ်ရလဲ။ ဘယ်လောက်ရလဲ။ ပြဿနာဖြစ်လာရင် ဘယ်သူ က တာဝန်ယူမလဲ စတာတွေပေါ့။ ဒါက သူတို့ရဲ့အခြေခံအခွင့်အရေးအတွက် မေးသင့်မေးထိုက်တာတွေ မေးရဲပြောရဲလာတယ်။ သတင်းအချက်အလက်တွေ ပေးတဲ့အခါမှာလည်း ရပ်ထဲရွာထဲမှာ အချင်းချင်း ပြန်တိုင်ပင်ပြောဆိုလာတာမျိုးတွေ တွေ့ရတယ်။
မေး ။ ။ ဆရာတို့ ဒီလိုလှုပ်ရှား၊ ပညာပေး၊ တောင်းဆိုမှုတွေ လုပ်လာတာက အစိုးရနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအပေါ် ဘယ်လောက်ထိရောက်မှုရှိတာ တွေ့ရလဲ။
ဖြေ ။ ။ ဥပမာ ပြောရမယ်ဆိုရင် အစိုးရအနေနဲ့ ကရင်ပြည်နယ်ထဲက ဟတ်ကြီးရေကာတာကို အခုထိ အကောင်အထည် မဖော်ဖြစ်သေးဘူး။ ကေအဲန်ယူ တပ်မဟာ ၅ကလည်း လုံးဝ ပိတ်ထားတုန်း အခြေအနေ ဖြစ်နေသေးတယ်ပေါ့။ ဒါကိုပြန်ကြည့် ရင် တဖက်ကလည်း ကောင်းတဲ့ အောင်မြင်မှုရလဒ်တစ်ခုလို့ ကျနော်တို့မြင်ပါတယ်။ ကေအဲန်ယူအနေနဲ့ လူထုတွေတောင်းဆိုမှု အပေါ်မှာ တချို့နေရာမှာ ပိတ်ထားပေမယ့် တစ်ချို့နေရာတွေမှာတော့ မပိတ်ဘူးပေါ့။ ဥပမာ… သတ္တုတူးဖော်နေတဲ့ကိစ္စတွေ အထက်က မသိဘဲ အောက်ခြေမှာ လုပ်နေကြတာတွေရှိတယ်။ ဒါလည်း စိန်ခေါ်မှုတွေဖြစ်နေတုန်း ဖြစ်ပါတယ်။
မေး ။ ။ သံလွင်မြစ်ပေါ်မှာ ရေကာတာ ဆောက်လုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဒီလိုဆောက်လိုက်ခြင်း အားဖြင့် ကရင်လူထုတွေအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲခင်ဗျာ။
ဖြေ ။ ။ သံလွင်မြစ်ရဲ့ဘယ်နေရာမှာဆောက်ဆောက် လူထုအပေါ်အကျိုးသက်ရောက်မှုတွေကတော့ ရှိလာမှာပဲဖြစ်ပါတယ်။ အတင်းအဓမ္မ နေရာပြောင်းရွှေ့ခံရတာတွေ၊ မြေယာသိမ်းဆည်းခံရမှုတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ ဘာသာရေးနဲ့ သာသနိကဆိုင်ရာ အဆောက်အဦး ဖျက်ဆီးခံရမှုတွေအပြင် ဒီမြေယာတွေ၊ သဘာဝပတ်ဝန်းကျင်ကို မှီခိုပြီး လုပ်ကိုင်စား သောက်နေရတဲ့လူထုတွေ ဒုက္ခရောက်လာနိုင်စရာတွေ ရှိပါတယ်။ နောက်ပြီး ငြိမ်းချမ်းမှု မရှိသေးတဲ့ကာလမှာ ဟတ်ကြီးရေကာ တာစီမံကိန်းလိုမျိုး အကောင်အထည်ဖော်လာရင် ငြိမ်းချမ်းရေးထိခိုက်လာနိုင်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း အများကြီး ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ စီမံကိန်းကြီးတွေ တကယ်အကောင်အထည်ဖော်မယ်ဆို ဘယ်လောက်ထိခိုက် ဆုံးရှုံး မယ် ဆိုတာကိုတော့ အခုထိ သုတေသနလုပ်ထားတာတွေ သိပ်မရှိသေးဘူး။ ဒါပေမယ့် ဒီစီမံကိန်းတွေကို လုပ်မယ်ဆိုရင် ပြည် သူတွေဘက်က ထိခိုက်နစ်နာပြီး ဘဝတွေပျက်၊ ပေးဆပ်ရမှာတွေ အများကြီး။ ရလာတဲ့ အကျိုးအမြတ်ကို ကိုယ့်ပြည်သူတွေ ထက် ထိုင်းတို့၊ တရုတ်တို့ပဲ ရမယ်။ အဲဒီတော့ အကျိုးအမြတ်နဲ့ ပေးဆပ်ရမယ့်ဟာတွေကို ပြန်ပြီးနှိုင်းယှဉ်စေချင်ပါတယ်။ ဒါဟာ တရားမျှတသလား၊ မမျှတဘူးလားပေါ့။
မေး ။ ။ ဒါဆိုရင် ကရင်ပြည်နယ်ထဲမှာ ဖွ့ံဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင်ရော ဘယ်လိုလုပ်ဆောင်သင့်သလဲ၊ ဘယ်အချိန်မှာ လုပ်ဆောင်သင့်သလဲဆိုတာ ဆရာ့အနေနဲ့ ဘယ်လိုအကြံပေးချင်ပါလဲ။
ဖြေ ။ ။ ကျနော် ကရင်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးရေးအတွက်ကို ကိုယ့်ဖာသာကိုယ် လုပ် လို့ ရတယ်။ အခုချိန်မှာ ဘာအခွင့်အရေး အာမခံချက်မရှိသေးတဲ့အချိန်မှာ ဘာမှမလုပ်သင့်သေးဘူး။ ခုချိန်မှာလုပ်ရင် ကရင် ပြည်သူတွေဘက်က ဘာအခွင့်အရေးမှလည်း ရမှာမဟုတ်ဘူး။ ဒီလိုအခွင့်အရေးတွေ အပြည့်အဝရဖို့ ငြိမ်းချမ်းရေးကာလ ဆွေး နွေးမှုတွေမှာ KNU ကို ကျနော်တို့အားကိုးပြီး ပြောပေးဖို့ နှိုးဆော်တယ်။ ခုအချိန်မှာ အစိုးရတို့၊ ကုမ္ဗဏီတို့ကနေ ကျနော်တို့ကို ဖွံ့ ဖြိုးရေးလာလုပ်ပေးမယ် ပြောတယ်။ သူတို့လိုချင်တဲ့အရာတွေက ကျနော်တို့ရဲ့ သယံဇာတတွေကို လာယူပြီး ပြည်သူတွေအ တွက် ဘာမှမလုပ်ပေးတဲ့ သာဓကတွေ အများကြီးရှိတယ်။ ပြောချင်တာက အခုချိန်မှာ စီမံကိန်း အကြီးကြီးတွေကို လုပ်ဖို့ အချိန် မကျသေးဘူး။ တကယ်လုပ်မယ်ဆိုရင် ကရင်ပြည်သူလူထုတွေအတွက် လိုအပ်မယ့် ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်း ကျောင်းမှု အတတ်ပညာတွေကိုပဲ ဦးစားပေး လုပ်ဆောင်ပေးစေချင်ပါတယ်။ အခုချိန်မှာ အဲဒီအရာတွေကပဲ ကရင်ပြည်သူတွေ အတွက် အသုံးဝင်မယ့်အရာတွေ ဖြစ်ပါတယ်။
မေး ။ ။ လူထုတွေအနေနဲ့ကရော ဒီလိုအကြီးစားစီမံကိန်းတွေ၊ ဖွ့ံဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ။
ဖြေ ။ ။ ကျနော်ပြောချင်တာက သဘာဝ သယံဇာတတွေ ထိန်းသိမ်း၊ သစ်တောတွေထိန်းသိမ်းပြီးတော့ ဘာမှမလုပ်ရတော့ ဘူးလို့တော့ မဟုတ်ပါဘူး။ ဒါကြောင့် စီးပွားရေးအမြင်တစ်ခုတည်း မကြည့်ဘဲနဲ့ ရေရှည် ကိုယ့်အတွက် အကျိုးပြုမယ့်ဟာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဥပမာ.. သစ်တောခုတ်ရောင်းစားမယ်ဆို အကျိုးအမြတ်ကို တွက်လို့ရတယ်။ ရေကတော့ အဖိုး ဖြတ်လို့မရဘူး။ မြို့မှာနေရင် ရေကိုသောက်ဖို့၊ ချိုးဖို့၊ သုံးဖို့ အကုန်ဝယ်ရတယ်။ တစ်လတစ်လပေးလိုက်ရတဲ့ ရေဖိုးကိုကြည့်ပြီးမှ ရေတန်ဖိုးသိလာတယ်။ ရေမရှိဘူး၊ ရှားပါးသွားမယ်ဆို အကုန်ဒုက္ခရောက်သွားမယ်။ ကျနော်တို့လည်း ဖွ့ံဖြိုးရေးကိုလိုချင်တယ်။ လိုချင်တဲ့ဖွ့ံဖြိုးရေးကလည်း ရေရှည် လူထုအတွက် အကျိုးဖြစ်မယ့်ဖွ့ံဖြိုးရေးမျိုး ဖြစ်သင့်တယ်။ ဒါပေမယ့် တည်တံ့ခိုင်မြဲတဲ့ ဖွ့ံဖြိုး ရေးဆိုတဲ့နေရာမှာ ပြည်သူလူထုက ပါ၀င် ဆုံးဖြတ်နိုင်ခွင့် အခွင့်အရေးတွေရှိဖို့လည်း လိုအပ်တယ်ဆိုတာ သိထားသင့်တယ်လို့ ပြောချင်ပါတယ်။