ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် သတင်းအမှားတင်ခြင်းသည် မိမိတို့ ဆရာမ နှစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အရှက်လည်း ရစေပါသည်ဟု ကာယကံရှင်များက ပြောကြားလာသည်။
ဆရာမ ဒေါ်သန္တာထွန်းဖုန်းဆက် အကြောင်းကြားလာသည့် အပေါ် စာဖတ်ပရိသတ်များ သိရှိနိုင်ရန် တင်ပြပေးလိုက်ပါသည်။
မေး-ဆိုတော့ ဆရာမတို့က ဘယ်ကိုရောက်ခဲ့ကြလဲ။
ဖြေ-ကျွန်မတို့ ပလက်ဝက်မြို့နယ် ဟုန်း ကျန်းမာရေးဌာနခွဲကို ရောက်ခဲ့ကြပါတယ်။
မေး-ဆိုတော့ ဆရာမတို့ အဆက်သွယ်ပြတ်သွားတာပါလား။ ဘယ်လို ဖြစ်သွားကြတာလဲ။
ဖြေ-အဆက်အသွယ်က မပြတ်ပါဘူး။ အဲ့ဒီကနေ ဆေးတိုက်ပြီး အပြန်မှာပါ။
မေး-ဆိုတော့ တစ်ခုခု ဖြစ်ခဲ့တာများ ရှိပါသလား။
ဖြေ-မဖြစ်ပါဘူး။ အခုက တစ်ခုခုဖြစ်ခဲ့တဲ့ ပုံစံမျိုး ကျွန်မတို့ ဆရာမနှစ်ယောက်သတင်း ပြန့် နှံ့နေလို့ပါ။
မေး-ဆရာမနှစ်ယောက်နာမည်က ဘယ်လိုခေါ်ပါသလဲ။
ဖြေ-ဆရာမနှစ်ယောက် နာမည်က ဒေါ်သန္တာထွန်းနဲ့ ဒေါ်မန်းဆန်းဟွေ့ဖြစ်ပါတယ်။
မေး-အခု ဆရာမတို့နှစ်ယောက်က ဘယ်မှာ ရောက်နေကြပါလဲ။
ဖြေ-ကျွန်မတော် ပလက်ဝမြို့နယ် လေးမြို့မြစ် သံထောင်ကျန်းမာရေးဌာနမှာ ရောက်ရှိနေပါတယ်။
မေး-သတင်းက ဘာကြောင့် ထွက်ပေါ်လာရပါလဲ။
ဖြေ-အဲ့ဒီသတင်းက ဘယ်လိုပြန့် နှံ့သွားတယ်ဆိုတာကိုလည်း မသိဘူး။ နှစ်နာရီလောက် ကွာပါတယ်။ ကျွန်မတို့ ဖုန်းဆက်တဲ့အချိန်နဲ့၊ သတင်းပြန့် နှံ့သွားတဲ့အချိန်နဲ့။ ဘယ်သူက အွန်လိုင်းပေါ်မှာ တင်လိုက်လဲ မသိဘူး။ အခုအွန်လိုင်းပေါ်မှာ ပြန့်နေတဲ့အတွက် ကျွန်မတို့ကလည်း အမျိုးသမီးတွေဆိုတော့ သိပ်ရှက်တာလည်း ပါတာပေါ့။ မဟုတ်မမှန်ကြောင်းကို သတင်းဌာနမှာ ဖေါ်ပြပေးစေချင်လို့ ဆက်သွယ် အကြောင်းကြားတာပါ။ ကျန်သတင်းဌာနတွေကိုလည်း ဆက်သွယ်အကြောင်းကြားပြီးပါပြီ။
မေး-ဆရာမတို့က အဲ့ဒီနေရာမှာ တာဝန်ကျနေတာပါလား။ ဘယ်လိုပါလိမ့်။
ဖြေ-ဟုတ်ကဲ့။ သံထောင်မှာ တာဝန်ကျပြီးတော့ ဟုန်းကျန်းမာရေးဌာနခွဲမှာ ဆေးစစ်ဖို့ အကူသွားပေးတာပါ။
မေး-တာဝန်ကျနေတာ ကြာပြီလားမသိဘူး။
ဖြေ-တာဝန်ကျနေတာ သုံးနှစ်ကျော်နေပါပြီ။ ဒီမှာ အစိုးရဝန်ထမ်းအနေနဲ့ တာဝန်ကျနေတာပါ။
မေး-မဟုတ်မမှန်ဖေါ်ပြမှုအပေါ်မှာကော ဆရာမတို့ စိတ်ထဲမှာ ဘယ်လိုခံစားရပါလဲ။
ဖြေ-အွန်လိုင်းထက်မှာ အမျိုးမျိုး သတင်းပြန့် နှံ့နေတော့ ကျွန်မတို့ အမျိုးသမီးနှစ်ယောက် အနေနဲ့ကျတော့ ကိုယ့်သိက္ခာလည်း ရှိတာပေါ့လေ။ သိက္ခာလည်းကျပါတယ်။ နောက်ပြီးတော့ ဟိုးဘက်ကလူတွေကိုလည်း တစ်မျိုးကြီးဖြစ်သွားတာလဲ မကောင်းဘူးလေ။ မဟုတ်ဘဲနဲ့ သတင်းထွက်ပေါ်လာတော့ သူတို့ကိုလည်း အားနာမိပါတယ်။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့။ အခု သတင်းအမှန်ကို ပေးချင်တဲ့အတွက် ဆက်သွယ်တာပါ။ ကျွန်မတို့ ဆရာမနှစ်ယောက်ကတော့ ရခိုင်လူမျိုးတစ်ယောက် ချင်းလူမျိုးတစ်ယောက်ဖြစ်ပါတယ်။
ဟုတ်ကဲ့-ဆရာမတို့ ဘာမှမဖြစ်ဘူးဆိုတာကို သိရတဲ့အတွက် ၀မ်းသာမိပါတယ်။
ဆက်သွယ်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဆရာမ။