“ပြည်နယ်အတွက်ဆို ပေးဆပ်ချင်စိတ်အပြည့်ရှိတယ်”ဆိုတဲ့ သရုပ်ဆောင်မော်ဒယ် ကယ်ရိုလိုင်း

“ပြည်နယ်အတွက်ဆို ပေးဆပ်ချင်စိတ်အပြည့်ရှိတယ်”ဆိုတဲ့ သရုပ်ဆောင်မော်ဒယ် ကယ်ရိုလိုင်း
by -
ကန္တာရဝတီတိုင်း(မ်)
ဆန်းဖြိုးထွန်း - အနုပညာလောကထဲကို ဓာတ်ပုံမော်ဒယ် တဦးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိချိန်မှာ ဓာတ်ပုံ မော်ဒယ်သရုပ်ဆောင်အပြင် ရုပ်ရှင် ဗွီဒီယိုများကို ရိုက်ကူူးနေသလို တကိုယ်တော် သီချင်းခွေ ထွက်ဖို့ ကြိုးစားနေတဲ့ ကယား(ကရင်နီ) ပြည်နယ်ဖွား သရုပ်ဆောင်မော်ဒယ် ကယ်ရိုလိုင်းကို ကန္တာရဝတီတိုင်မ်း သတင်းထောက် ဆန်းဖြိုးထွန်းက တွေ့ဆုံမေးမြန်းထား ပါတယ်။

kalreo1မေး- အမရဲ့နာမည်က အနုပညာနာမည်လား။ တခြားနာမည်အရင်းရှိသေးလား။ တဆက်တည်း အမရဲ့မိသားစုအကြောင်းပါ ပြောပြပေးပါလား။

ဖြေ- ကျောင်းနာမည်ကတော့ သန်းသန်းဝင်းလို့ ခေါ်ပါတယ်။ အနုပညာနာမည်ကတော့ ကယ်ရိုလိုင်းလို့ မှည့်ထားတာပါ။ ဘာသာနာမည်ပေါ့နော်။ သဲမိသားစုကတော့ ဖေရယ်၊ မေရယ် မောင်နှမ ၄ ယောက်ရှိပါတယ်။ အကိုကြီးဆုံး ဒုတိယသမီးကတော့ သဲပေါ့နော်။ အောက်မှာ မောင်လေး ၂ ယောက်ရှိပါတယ်။

မေး- ဘာလူမျိုးလဲခင်ဗျ။ ပြီးတော့ ကယားပြည်နယ်သူ တယောက်လည်းဖြစ်တယ်ဆိုတော့ ဇာတိမြေက ဘယ်မှာလဲဆိုတာပါ ပြောပြပေး ပါလား။

ဖြေ- သဲ ပါ့ပါက ကယန်းပဒေါင်ပါ။ အမေကတော့ ရှမ်းပအိုဝ်ပေါ့။ သဲက လွိုင်ကော်မြို့ နောင်ယား (က)မှာ နေပါတယ်။ နောင်ယား မှာမွေး နောင်ယားမှာ ကြီးပါတယ်။ နောင်ယား ကလေးစစ်စစ်ပါ။ နောင်ယားသွေးအပြည့်ရှိတယ်ပေါ့နော်။

မေး- အမရဲ့အနုပညာ ဖြတ်သန််းမှုနဲ့ အနုပညာလှုပ်ရှားမှုလေးကို ရှင်းပြပေးပါလား။

ဖြေ- အနုပညာဖြတ်သန်းမှုတွေက အကုန်လုံးပြောရမယ်ဆိုအများကြီးပေါ့နော်။ ဒါကြောင့် အခု လက်ရှိလှုပ်ရှားနေတာပဲ ပြောပြ လိုက်မယ်။ သဲကခု ရုပ်ရှင်ကားကြီး ရိုက်နေတယ်။ ဒါရိုက်တာ ဒီခေတ်နေနဲ့ “သေမင်းတည်ခင်းတဲ့ ညလယ်စာ”ဆိုတဲ့ ကားကို ရိုက်နေတယ်။ ပြီးတော့ “ဝဋ် ”ဆိုတဲ့ ဇတ်ကားကြီးကို ရိုက်နေပါတယ်။ ဒါရိုက်တာ ငွေတောင်တန်းဘုန်းမြင့် ရိုက်တာပါ။ ပြီးတော့ မရဲ့ အုပ်စုခွေပေါ့နော်။ ဒါကတော့ နှစ်ခွေ ထွက်ဖို့ ရှိတယ်။ ဒီလ လယ်လောက်မှာ တခွေရယ်၊ သီတင်းကျွတ်မှာ တစ်ခွေ ထွက်ဖို့ ရှိပါတယ်။ ကိုမင်းကို စီစဉ်တဲ့ ခွေမှာ အမက ပါထားပါတယ်။ ဓာတ်ပုံတွေလည်း ရိုက်နေတယ်ပေါ့နော်။

မေး- အမ အနုပညာထဲ ဖြတ်သန်းခဲ့တဲ့ကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိခဲ့လဲခင်ဗျ။ မှတ်မှတ်ရရ ထင်ကျန်ခဲ့တဲ့ စိန်ခေါ်မှု အခက်ခဲလေးတွေ ရှိခဲ့လား။ ရှိခဲ့တယ်ဆိုရင် ဘယ်လိုမျိုး ရင်ဆိုင်ခဲ့ရလဲဆိုတာလေးပါ ပြောပြပေးပါလား။

ဖြေ- စိန်ခေါ်မှု အခက်ခဲတွေတော့ရှိတာပေါ့။ ကိုယ့်ဖာသာ ရိုးရိုးသားသား ဖြတ်သန်း နေရတာ ဆိုတော့ ကြိုးစားအားထုတ်မှုလေးတော့ လိုတာပေါ့နော်။ အခက်ခဲတွေကတော့ အများကြီးရှိတာပေါ့။ နယ်ကနေ လာလုပ်ရတာဆိုတော့ ပိုပြီး ခက်ခဲတာပေါ့။ ဒါပေမယ့် တဖြည်းဖြည်းကြိုးစားနေတယ်ပေါ့။ အောင်မြင်တဲ့ အထိတော့ ကြိုးစားလုပ်သွားမယ်။ ဒီအခက်ခဲတွေ ကိုကျော်လွှားဖို့က ပရိဿတ်ရဲ့ အားပေးမှုပေါ့ ဒါလေးရှိရင် အဆင်ပြေပြီ ဘယ်လောက်ပဲပင်ပန်းနေပါစေပေါ့နော်။

မေး- အမရဲ့ပရိတ်သတ်တွေက ဘယ်လိုလူမျိုးတွေများလဲ။ အမကလည်း တိုင်းရင်းသူ တယောက် ဖြစ်တယ်ဆိုတော့ တိုင်းရင်းသားတွေများလား။ နယ်ကပိုများလား။ ပြီးတော့ သူတို့ကို ပြောချင်ဆုံးစကား လေးများရရှိရင်ပြောပေးပါခင်ဗျ။

ဖြေ- အမရဲ့ပရိဿတ်တွေက တိုင်းရင်းသား ကိုယ့်လူမျိုးတွေ ပိုများလို့ထင်ပါတယ်။ ကိုယ်ရဲ့ လူမျိုး တွေက ကိုယ့်ကို ပိုချစ်ကြမယ်လို့ ထင်တယ်။ တော်တော်များများရှိပါတယ်။ တိုင်းရင်းသားပေါင်းစုံပေါ့။ သေချာအတိကျတော့ ပြောလို့ မရပါဘူး။ အားပေးကြပါတယ်။ ကျေးဇူးလည်း အများကြီးတင်တယ်။ ဒါပေမယ့် ကိုယ့်လူမျိုးတွေကို ကိုယ်ပိုပြီးဖိတ်ခေါ်တာပေါ့နော်။ ပြီးတော့သူတို့ဆီက ခွန်အားတွေ ရချင်ပါတယ်လို့ ပြောချင်ပါတယ်။

မေး-ဒီထက်မက အောင်မြင်အောင် ဘာတွေ ဆက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ- အခုက အမက ဘယ်ဟာကို ပိုပြီးအားသန်လဲဆို အမရဲ့သီချင်း တကိုယ်တော်ခွေကို ပိုပြီး အားသန်လုပ်ဆောင်နေတာပေါ့နော်။ ဒါပေမယ့် ဖြစ်ချင်တိုင်းလည်း ဖြစ်မလာသေးဘူး။ အမဆီမှာ အခက်ခဲလေးတွေ ရှိနေတယ်။ ကြိုးစားနေသေးတယ်ပေါ့နော်။ အနုပညာနဲ့ ပတ်သက်လာရင် အမက အကုန်ဝါသနာပါတယ်။ ကျန်တဲ့ လက်ကမ်းကြိုနေတဲ့ဟာ မှန်သမျှ အမက အကုန်လုပ်သွားမှာပါ။

မေး- အမက ဒီအနုပညာအလုပ်ကို မလုပ်ခင်ကလေ အားကစားတွေ လုပ်ခဲ့တယ်လို့ သိရတယ်။ အောင်မြင်မှုလည်း ရခဲ့တယ်လို့ သိရတယ်။ အားကစားကနေ အနုပညာဖက်ကို ရောက်လာတယ်လို့ ပြောလို့ရမလား။

ဖြေ- ဟုတ်ပါတယ်။ အမက အမျိုးသမီးတွေ ဘောလုံးကန်ကတည်းက ဘောလုံး စကန်ခဲ့တာပေါ့ နော်။ ရ တန်းလောက် ကတည်းကပေါ့။ ငယ်ငယ်ကတည်းက သေးသေးလေး အသေးလေးဆိုပြီး ဘောလုံး စကစားခဲ့တယ်။ ဘောလုံးမှာလည်း ထူးချွန်ခဲ့တယ်ပေါ့နော်။ ပြည်နယ်လက်ရွေးစင်အနေနဲ့ သွားကန်ရတယ်။ ရန်ကုန်မှာ အဲဒီကတည်းက စခဲ့တာပေါ့။ ပြီးတော့ တိုက်ကွမ်ဒိုဆော့ဖြစ်တယ်။ တိုက်ကွမ်ဒိုဆော့တော့လည်း ရွှေတံဆိပ်တွေ အများကြီးရခဲ့တယ်။ ပြည်နယ်အတွက် လုပ်ပေးခဲ့ တယ်ပေါ့။ ပြီးတော့မှ အနုပညာလောကထဲကို ရောက်လာတာပါ။

မေး- အမ မှာဘဝလက်တွဲဖော်အတွက် ရည်ရွယ်ထားတာ ရှိပြီလားခင်ဗျ။

ဖြေ- ဘဝလက်တွဲဖော်အတွက် ရည်ရွယ်ထားတာကတော့ မရှိသေးပါဘူး။ အခုက အနုပညာလေး တခု နာမည်လေးရအောင်ရယ် မှတ်တိုင်တခု ဖြစ်အောင် ကြိုးစားနေရတာဆိုတော့ အဲဒီဖက် အလှည့် မပေးနိုင်သေးဘူး။ ကြိုးစားနေရတာပေါ့နော်။ ပြောလို့ တော့မရပါဘူး။ အချစ်က တန်ခိုးကြီးတယ် ဆိုတော့ ဘယ်ချိန်ပေါ်လာမလဲဆိုတာ မသိသေးဘူးပေါ့။

မေး- ဘဝလက်တွဲဖော်ကို ရွေးရင် ဘယ်လိုလူမျိုးကို ရွေးချယ်ဖို့ စိတ်ကူးထားလဲ။ စိတ်ကူးထဲမှာ ပုံဖော်ထားတာမျိုးရောရှိလား။
ဖြေ- ဘယ်လိုမျိုးရွေးချယ်မလဲဆိုတော့ သူချစ်နဲ့ ကိုယ်ချစ်ရှိတယ် မဟုတ်လား။ ကိုယ်ချစ်တာ မဟုတ်ဘဲ သူချစ်တာကို ပိုပြီးတော့မှ နှစ်သက်တယ်ပေါ့နော်။ ဘာလို့လဲဆို ကိုယ့်ကို ပိုပြီး အလိုလိုက်အောင်လို့ပေါ့။ ကိုယ့်အပေါ် ချစ်ခင်ကြင်နာတာကိုပဲ လိုချင်တယ်လေနော်။

မေး- အနုပညာ ဖြတ်သန်းမှုတလျှောက်မှာ ထူးထူးခြားခြား အမှတ်ရစရာလေးတွေများ ရှိခဲ့လား။ မှတ်မှတ်ရရ ဖြစ်နေတဲ့ အဖြစ်ပျက်လေးပေါ့။

ဖြေ- အမှတ်ရစရာတွေကတော့ အများကြီးပဲပေါ့နော်။ ဘယ်ဟာကို ပြောပြရမလဲတောင် မသိတော့ဘူး။ အမှတ်တရကတော့ ရှိုးပွဲတွေ သွားဆိုရင်ကိုယ်က ကယားပြည်နယ်ကပေါ့။ ကယားသူ ပါလို့ မိတ်ဆက်ရင် တချို့က ပြောကြတာပေါ့နော်။ လိမ်တယ် မဖြစ်နိုင်ဘူးလို့ ပြောကြတာပေါ့နော်။ ကိုယ့်ကို ကယားသူ ဆိုတာမယုံကြဘူးပေါ့နော်။ အမှတ်တရကတော့ ဘယ်နေရာပဲသွားသွား ကိုယ့်ကို အဲ့လို ပြောလေ့ရှိတယ်။ ကိုယ်ကတော့ ကိုယ့်ပြည်နယ်သားတွေ အားပေးစေချင်လို့ ကျမက ကယား သူပါလို့ ပြောလေ့ရှိပေမယ့် လိမ်တယ်လို့ပဲ ထင်ကြတယ်။ ဘာလို့လဲ မသိပါဘူး။ ကိုယ့်ပုံက ဘယ်လိုမျိုးဖြစ်နေလို့လည်း မသိဘူး။ ဒီလိုမျိုးလေးတွေ ရှိပါတယ်။

မေး- အမအနေနဲ့ ကယားမှာကော ရှိုးပွဲတွေ ဆိုဖြစ်တာရှိလား။

ဖြေ- အရင်တနှစ်ကတော့ ကယားဒေးပွဲတော်မှာ ပြန်ဆိုဖြစ်တယ်ပေါ့နော်။ ဒီတနှစ်တော့ မပြောတတ်သေးဘူး။ သူတို့ဖိတ်ခေါ်ရင်တော့ လာရမှာပေါ့။ ပွဲကတော့ မကြေညာသေးပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာလည်းသွားဆိုဖို့ ရှိပါတယ်။ စင်္ကာပူမှာပါ ကယားဒေးပေါ့။ ခုလောလောဆယ် စီစဉ်ထားတာပေါ့နော်။

မေး-ပြည်နယ်သူတယောက်အနေနဲ့ ကိုယ့်ပြည်နယ်အတွက် လုပ်ပေးချင်တဲ့ အလုပ်မျိုး တွေရှိလား။

ဖြေ- အမက မချမ်းသာလို့ လုပ်ပေးချင်တာ အများကြီးပဲ သိလား။ ကိုယ့်ပြည်နယ်ကို ပိုပြီးတိုးတက် စေချင်တာပေါ့နော်။ ပြီးရင် ဒီအနုပညာသမားတွေလည်း အများကြီးရှိတယ်။ လက်တွဲခေါ်ချင်တယ် ပေါ့နော်။ ကိုယ်ကလည်း နေရာ သိပ်မရသေးတဲ့ခါကျတော့ လုပ်ချင်တာတွေ မလုပ်နိုင်သေးဘူး။ ဒါပေမယ့် အနုပညာနဲ့ ပက်သက်လို့ပဲဖြစ်ဖြစ် တခြားပြည်နယ်အတွက် အမ လုပ်ပေးနိုင်တဲ့ အပိုင်း ဆိုရင် လှမ်းပြောပါလို့ ကိုယ့်ပြည်နယ်က တခြားပြည်နယ်ထက်စာရင် နည်းနည်းလေး လိုအပ်နေသေး တယ်။ ဒါကြောင့်မို့ စည်းလုံးညီညွတ်ပြီး လက်တွဲပြီး လုပ်သွားချင်တယ်။ တခုခုလိုအပ်မယ်ဆိုရင် အနုပညာနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်ကူညီချင်ပါတယ်။

မေး- ကယား ပြည်နယ်ထဲမှာလည်း အနုပညာကို ဝါသနာပါတဲ့ လူငယ်လေးတွေ အနုပညာလောကထဲ ကိုဝင်ရောက်ချင်တဲ့ မျိုးဆက်သစ်တွေကို ဘယ်လိုအကြံပြုချင်လဲ။

ဖြေ- ဝါသနာပါတယ်ဆိုရင် ဘာအခက်ခဲတွေပဲ ရှိရှိဆက်လုပ်ပေါ့။ စိတ်ဓါတ်မကျပါနဲ့ လူဆိုတာ အခက်ခဲတွေ အများကြီးနဲ့ ရင်ဆိုင်ကြရတာပဲလေ။ တကယ် အနုပညာကို ဝါသနာပါတဲ့ သူဆိုရင် ပိုးက လုံးဝသတ်လို့ မရဘူး။ သူတို့ မျှော်လင့်ချက်တွေ အနာဂတ်တွေ နောက်မဆုတ်သွားပါနဲ့။ ရဲရဲကြီးသာ ဆက်လုပ်ကြပါ။ ဒီခေတ်လူငယ်တွေက တော်ကြပါတယ်။ ဝါသနာလည်းပါတယ်။ အရည်ချင်းလည်း ရှိတယ်။

တခုရှိတာက တိုင်းရင်းသားတွေက ကြောက်စိတ် စိုးရိမ်စိတ်တွေ ရှိနေကြတာပေါ့နော်။ ဆက်လုပ်ပါလို့ အားပေးချင်တယ်။ အမဆိုရင်လည်း ကိုယ့်ပြည်နယ်ကိုချစ်တယ်။ ပြည်နယ်ထဲက ကလေးတွေကို အမကူညီနိုင်တာ ရှိရင်ကူညီချင်ပါတယ်။ အနုပညာဆိုတာ ငယ်ရွယ်တုန်းလုပ်တာက ပိုကောင်းတယ်။

မေး- ငယ်ငယ်တုန်းက အနုပညာလောကထဲကို ၀င်ရောက်ဖို့ ရည်မှန်းခဲတာရှိလား။ ၀ါသနာပါတာ အနုပညာပဲလား။ ၀ါသနာပါတာကို လုပ်ခွင့်ရခဲ့လား။

ဖြေ- ငယ်ငယ်တုန်းကဆိုရင် ဘယ်လိုပြောရမလဲ အကုန်ဝါသနာပါတယ်။ အနုပညာလည်း ဝါသနာပါတယ်။ အကြမ်းအရမ်းဆိုလည်း ပါတယ်။ အကုန်အကုန် လုပ်တိုင်းဖြစ်တယ်။ ဘောလုံးကန်ဆိုလည်း သူ့ဘာသူ အောင်မြင်ပြီး ဖြစ်သွားတယ်။ တိုက်ကွမ်ဒိုဆို သူ့ဘာသူ ဖြစ်သွားတယ်။ အခု အနုပညာဆိုလည်း ငယ်ငယ်ကတော့ သီချင်းဆိုတာ ဝါသနာပါခဲ့တယ်။ အမတို့ ဘုရားကျောင်းပွဲတွေမှာဆို မိခင်ဖခင်ပွဲတို့၊ ခရစ္စမတ်ပွဲတို့ ရပ်ကွက်ပွဲတွေ ဆိုလည်း ပါဖြစ်ခဲ့တယ်။ အနုပညာ စိတ်ကငယ်ငယ်ကတည်းက ရှိတယ်။ ဒါပေမယ့် ဘာဖြစ်လာမယ်လို့ ကိုယ့်ဟာကို ရည်မှန်းထားတဲ့ဟာတော့မရှိဘူး။ ဘာဖြစ်လိုလည်းဆို သူ့ဘာသူ ရောက်ရှိသွားတာ။ ဒီအခုရောက်ရှိ နေတဲ့ ဘဝလေးကလေ အမမှာ ရည်မှန်းထားသလောက်လဲ ဖြစ်မလာတတ်ဘူး။ အမြင့်ဆုံးတော့ ရည်မှန်ထားတာပဲ။ ဒါပေမယ့် ခုလက်ရှိ ရောက်ရှိတဲ့ နေရာလေးမှာတော့ ကျေနပ်ပါတယ်။

မေး- ခုရောက်ရှိနေတဲ့ နေရာကို ကျေနပ်မှုတွေရှိပြီလား။

ဖြေ- မကျေနပ်လည်း ကျေနပ်ရမှာပဲ။ ဘယ်ကျေနပ်မလဲ ဖြစ်ချင်တာကတော့ အမြင့်ကြီး ဖြစ်ချင်တာပေါ့နော်။ ဥပမာ မင်းသမီးဆိုလည်း ခေါင်းဆောင်မင်းသမီးပေါ့။ အကြီးကြီးတွေ ဖြစ်ချင်တာပဲလေ။ အဆိုတော်ဆိုလည်း နိုင်ငံကျော်ပေါ့။ ကိုယ့်မြန်မာနိုင်ငံကို ထိုးဖောက်နိုင်တဲ့ အဆိုတော်မျိုးဖြစ်ချင်တာပေါ့။ ခုလက်ရှိ ရောက်နေတဲ့နေရာကို ကျေနပ်နေရတယ် ဆိုတာက ဘုရားပေးတာပေါ့။ ဘုရားပေးသလောက်ပဲ ကျေနပ်ရမှာပေါ့။ ဒီထက် အောင်မြင်အောင်တော့ ဆက်ကြိုးစားနေမှာပါ။

မေး- ရုပ်ရှင်ဗီဒီယိုတွေပါ ရိုက်နေပြီဆိုတော့ ဒီသရုပ်ဆောင်လောကထဲမှာ ခြေချဖို့ အစီအစဉ် ရှိနေပြီလား။
ဖြေ- ဒီဟာကလည်းဘယ်လိုပြောရမလဲ ကိုယ့်ကို ခေါ်လို့သာ ကိုယ်သွားရဲတာပေါ့။ ကိုယ့်ကို လက်ကမ်းကြို မယ်ဆိုရင်တော့ ဒီလောကထဲကို သွားမှာပဲပေါ့နော်။ အခက်ခဲတွေတော့ ရှိမှာပဲလေ။ ဘယ်အနုပညာအလုပ်မဆို ကိုယ့်ကို လက်ကမ်းကြိုရင်တော့ လုပ်သွားမှာပါ။

မေး- သီချင်းခွေ လုပ်နေတယ်လို့ ပြောတယ်နော် ဘယ်လိုမျိုးလေးလုပ်ဖြစ်တာလဲ။ သီချင်း ဘယ်နှစ်ပုဒ်လောက် ပါမလဲ။ ဘယ်ချိန်လောက်ထွက်ဖြစ်မလဲ။

ဖြေ- တကိုယ်တော်ခွေကို ထွက်နိုင်ဖို့ ကြိုးစားနေတယ်။ လုပ်တော့လုပ်နေတာပဲ အချိန် မတန်သေးလို့လား မသိဘူး။ အသံ အချောသွင်းဖို့ လိုသေးတယ်။ အမက အလုပ်တွေ အရမ်းများ နေတယ်။ ဒီဖက်ပိုင်းကို ဦးစားပေးလိုက်တာ အဲ့ဖက်ပိုင်းကို လွတ်သွားတယ်။ အချိန်ပေးပြီးတော့ ပြန်လုပ်ရအုံးမှာပေါ့။ နေမကောင်းရတာနဲ့ ဓါတ်ပုံရိုက် ဗီဒီယိုရိုက်နဲ့ အဲ့ဖက်ကို အချိန်မပေးဖြစ်တာပေါ့။ ထွက်တော့ ထွက်မှာပါ။ တော်တော်လေးလည်း မေးနေကြပြီ။ အားလည်းနာတယ်။ ဒီအမခွေထဲမှာက သီချင်းရေးဆရာတွေတော့ တော်တော်များများပါတယ်။ ထူးခြားတာက ကယားကပေါ့။ နောင်ယားက တေးရေးဆရာ ကိုအိုင်ဗင်ဟုန်း ရေးပေးထားတဲ့ သီချင်းလေးတွေ ထည့်ထားတယ်။ အမ ကြိုက်လို့ပေါ့။ ကိုယ့်ကယားကို ပိုပြီးအားပေးစေချင်လို့ သီချင်းကတော့ ၁၂ ပုဒ်လောက်ထည့်ဖို့ လုပ်ထားပါတယ်။

မေး- အားကစား လောကထဲမှာစခဲ့တာဆိုတော့ ဒီလိုအနုပညာလောကထဲ ရောက်လာ တော့ ဒီအားကစား လောကကို သတိရတာမျိုး အားကစားကို ပြန်လုပ်ဖို့ ဆိုတဲ့ အစီအစဉ်မျိုးတွေ ရှိလား။

ဖြေ- တိုက်ကွမ်ဒိုကတော့ အမနားလိုက်ပြီ။ ဒါပေမယ့်လည်း အားကစားပြိုင်ပွဲတွေ တွေ့ရင် ကြားရင် အရမ်းဆော့ချင်တယ်။ ကိုယ်က ဒီအားကစားဘဝမှာလည်း ပျော်ခဲ့တဲ့သူကိုး အရမ်းကစားချင်စိတ်တွေ ဖြစ်တယ်။ ဒါပေမယ့်လည်း မလုပ်ဖြစ်တော့ပါဘူး။ ကျန်းမာရေးအတွက်တော့ အားကစားတွေ လုပ်ဖြစ်ပါတယ်။

မေး- ပြည်နယ်ကို ချစ်တယ်လို့ ပြောတော့ လတ်တလောမှာ ဘာတွေ လုပ်ပေးနေလဲပေါ့ ။

ဖြေ- ပြည်နယ်အတွက် ပေးဆပ်ချင်စိတ်က အမမှာငယ်ငယ်ကတည်းက ရှိတာ ဝါသနာလည်း ပါတယ်။ ခုတောင် ကယောပြက္ခဒိန်လား ပိုစတာလား မသိဘူး အမရိုက်ထားပေးတယ်။ နောက်ထပ် ကိုယ့်ကို လိုအပ်မယ်ဆိုရင်ပေါ့ လုပ်ပေးချင်ပါတယ်။ အဆင်သင့်ပါပဲလို့။ အားကစားတုန်းကလည်း အားကစားပေါ့။ အားကုန်ရေခန်း သေအောင် လုပ်ခဲ့ရတာလေ။ ခုအနုပညာလောက်ကတော့ ပိုပြီး လုပ်ပေးနိုင်တာပေါ့။ ချွေးနဲ့ သွေးနဲ့တောင် ကိုယ့်ပြည်နယ်အတွက် ပေးဆပ်ခဲ့တာပဲ ဒီလိုအနုပညာနဲ့ဆို ပိုပြီးတော့တောင် ပေးဆပ်ချင်ပါသေးတယ်လို့ ပြောချင်ပါတယ်။

မေး- ပရိတ်သတ်တွေ အားပေးနေတဲ့သူတွေကို ဘယ်လိုလက်ဆောင်စကားလေးများ ပြောချင်ပါသလဲ။

ဖြေ- ကိုယ့်ပြည်နယ်သူပြည်နယ်သား ကိုယ့်ရဲ့မောင်နှမ အားလုံး ကတသွေးတည်းပဲလေ သူတို့တွေရဲ့ အားပေးမှုကို အမကအရမ်းလိုချင်ခဲ့မိတာပေါ့နော်။ မျှော်လည်းမျှော်လင့်တာပေါ့။ အခုလို အားပေးကြ တာတွေလည်း တွေ့ရတယ်။ တကယ်ပဲ ဝမ်းသာမိပါတယ်။ ကိုယ့်ပြည်နယ်သူ ပြည်နယ်သားတွေ ဆီကနေ ခွန်အားတွေ ရချင်ပါတယ်။ အနုပညာသမား တယောက်အနေနဲ့ ရှေ့ဆက်ပြီး နာမည်ပျက် မရှိအောင် ကြိုးစားသွားပါမယ်။ ကယားပြည်နယ်ကို အရမ်းချစ်တယ်။ ကယားပြည်နယ် ဒီထက်မက တိုးတက်ပါစေလို့ အမပြောချင်ပါတယ်။

အပြောချင်ဆုံးစကားကတော့ အရင်တုန်းက သူတို့ ထင်မြင်ခဲ့တဲ့အမှားလေးတွေ ရှိတယ်ပေါ့နော်။ အဲ့ဒါလေးတွေက သူ့ကိုယ်သူ အချိန်နဲ့စကားပြောသွားပြီဆိုတော့ ဟုတ်သလား မဟုတ်သလား ဆိုတာသူတို့ ပိုသိမယ်လို့ ယုံကြည်တယ်ပေါ့နော်။ အဲ့တော့ သဲ ကိုအားပေးပါ ယုံကြည်ပေးပါ။ သဲကို လက်ကမ်းကြိုတဲ့ အနုပညာအလုပ် အားလုံးကို လုပ်သွားမှာပါ အားလုံးဆီက ခွန်အားတွေရချင်ပါတယ်လို့ ပြောချင်ပါတယ်။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...