အမျိုးသမီးတွေ နိုင်ငံရေးမှာ နေရာရအောင် အမျိုးသားတွေထက် ပိုကြိုးစားရမယ် (ကျားခေါင်း ပြည်နယ်အမှတ် ၁ ကိုယ်စားလှယ်လောင်း နန်းမြဦးနှင့် တွေ့ဆုံမေးမြန်း)

အမျိုးသမီးတွေ နိုင်ငံရေးမှာ နေရာရအောင် အမျိုးသားတွေထက် ပိုကြိုးစားရမယ် (ကျားခေါင်း ပြည်နယ်အမှတ် ၁ ကိုယ်စားလှယ်လောင်း နန်းမြဦးနှင့် တွေ့ဆုံမေးမြန်း)
by -
သျှမ်းသံတော်ဆင့်
ခေတ်ကာလ ပြောင်းလဲလာတာနဲ့အညီ အမျိုးသမီးတွေ နိုင်ငံရေးမှာ တဖြည်းဖြည်း ဝင်ရောက်လာ နေပါတယ်။ လွှတ်တော်အတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း   ပါဝင်လာအောင် နိုင်ငံတော်တော်များများမှာ ကြိုးပမ်းလာကြပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီက နေပြီးတော့ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းကတော့ လူမှုရေးလုပ်ငန်းကို ၁၀ နှစ်ကျော် ကြာ လှုပ်ရှားလာတဲ့ နန်းမြဦးဖြစ်ပါတယ်။ သျှမ်းသံတော်ဆင့် သတင်းဌာနက ယိင်းဆိုင်ဖူးအောင်နဲ့ ယိင်းအုမ်မွေတို့ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကိုယ်ရေးအကျဉ်းချုပ်လေး ပြောပြပါအုံး။
ဖြေ ။ ။ အမက မိုင်းရှူးမြို့ ဝမ့်ပန်ငါ့ရွာ ဇာတိပါ။ မိုင်းရှူးမြို့မှာ ၉ တန်းအထိ ပညာသင်ယူခဲ့ပါတယ်။ ၁၀ တန်းကိုတော့ တောင်ကြီးမှာ လာရောက်သင်ယူပါတယ်။ တောင်ကြီးတက္ကသိုလ်မှာဘဲ ဘွဲ့ရပါတယ်။ အိမ်ထောင်ပြုပြီး သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်။ တောင်ကြီးကို ၁၉၈၅-၈၆ ကတည်းက ပြောင်းရွှေ့ နေထိုင်ခဲ့တာပါ။ အခုဆို နှစ်ပေါင်း ၃၀ ကျော်ပါပြီ။

မေး ။ ။ နိုင်ငံရေးထဲ မဝင်လာခင် လှုမှုရေးလုပ်ငန်းတွေ လုပ်ခဲ့ဖူးသလား။
ဖြေ ။ ။ ၂ဝဝ၅ - ၂ဝဝ၆ ကတည်းက လူမှုရေးလုပ်ငန်း လုပ်လာခဲ့တာပါ။ တောင်ကြီး သျှမ်းစာပေနဲ့ ယဉ်ကျေးမှု အသင်းမှာ ကူညီတယ်။ အစကတော့ လူငယ်ခေါင်းဆောင်ပေါ့။ နောက်တော့ တွဲဖက် အတွင်းရေးမှူး အနေနဲ့ ၅ နှစ် ထမ်းဆောင်ခဲ့တယ်။ နမ့်ခုံး သျှမ်းများပရဟိတအသင်းမှာလည်း ကူညီတယ်။ အမျိုးသမီး အသင်းဖြစ်တဲ့ သုဇာတာနန်းကလျာ အသင်းမှာလည်း ကူညီတယ်။ အတွင်းရေးမှူးပေါ့။ အမျိုးသမီးရေးရာတုန်းကလည်း ကူညီခဲ့ဖူးတယ်။ တိုင်းရင်းသားရေးရာ ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့တယ်။

မေး ။ ။ ဘာကြောင့်နိုင်ငံရေးထဲ ပါဝင်လာသလဲ။
ဖြေ ။ ။ ဘာကြောင့်လဲဆိုတော့ နံပါတ်တစ် ကိုယ်က သျှမ်းလူမျိုး။ သျှမ်းပြည်ကို တခြားတိုင်ရင်းသား တွေကို ခွဲပေးလိုက်တုန်းက (ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေဒေသ) နားမလည်ခဲ့ဘူး။ စိတ်ထဲမှာ မေးခွန်းရှိခဲ့တယ်။ နောက်တခု သျှမ်းခေါင်းဆောင်တွေကို ဘာကြောင့် ထောင်ဒဏ်နှစ်ရှည်ချရသလဲ ဆိုတာလည်း မေးခွန်းရှိခဲ့တယ်။ နောက်တခုက လူမှုရေးလုပ်ငန်းလုပ်တာ ၁၀ နှစ်ကျော်ပြီ။ မထိရောက်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တယ်။ ထိရောက်နိုင်တာက နိုင်ငံရေးဘဲလို့ တွေးမိလာတယ်။ အဲဒီလိုနဲ့ စာပေတွေဖတ်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေ့လာမိတယ်။ ဒီအတွက်ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးလိုက်ရတာလို့ သိလာရတယ်။ ဒါကြောင့် ဒီ ၂ဝဝ၈ ကို ပြုပြင်ရမယ်။ ဒါကို မပြုပြင်နိုင်ရင် ရှေ့ဆက်လျှောက်ဖို့ အဓိက အဟန့်အတားကြီးဖြစ်တယ်။ အဲဒါတွေကို လေ့လာခဲ့လို့ နိုင်ငံရေးထဲ ဝင်လာတယ်။

နောက် ကျမတို့ရဲ့ရွာမှာ စာသင်ကျောင်း မရှိဘူး။ သူများတွေလို ပညာကောင်းကောင်း မသင်ရဘူး။ အစိုးရ စစ်ကြောင်းက ရွာထဲမှာ တပ်စွဲထားတယ်။ စစ်တော့ရှိတယ် စာသင်ကျောင်းမရှိ ဆေးရုံမရှိဘူး။ စစ်ရှိရင်တော့ စာသင်ကျောင်းတွေ ဆေးရုံတွေရှိရမယ်လေ။ ဒါ တန်းတူ အခွင့်အရေး မရှိဘူးဆိုတဲ့ သဘောပဲ။ တန်းတူအခွင့် အရေးရရှိဖို့ ဝင်လာတာ ဖြစ်ပါတယ်။

မေး ။ ။ တောင်ကြီးပါတီရုံးမှာ ဘာတာဝန်ယူထားလဲ။
ဖြေ ။ ။ အစကတော့ ပါတီဝင်ပေါ့နော်။ နောက် ၂၀၁၃ ကျတော့ အမျိုးသမီးကဏ္ဍမှာ ခေါင်းဆောင်အဖြစ် တာဝန်ယူတယ်။ အခုတော့ တောင်ကြီးပါတီရုံးရဲ့ အတွင်းရေးမှူး (၃)အဖြစ် တာဝန်ယူထားတယ်။

မေး ။ ။ သျှမ်းပါတီ ၂ ပါတီရှိတာ - ဘာကြောင့် ကျားခေါင်းပါတီကို ရွေးချယ်သလဲ။
ဖြေ ။ ။ ကျားဖြူပါတီ စဖွဲ့တုန်းက သျှမ်းစာ/ယဉ်မှာ ကူလုပ်နေတုန်း။ သျှမ်းစာ/ယဉ်ကို သံယောဇဉ် တွယ်နေတုန်း။ သားသမီးလည်း ငယ်နေတုန်း။ နိုင်ငံရေးဆိုတာလည်း နားမလည်သေးဘူး။ လေ့လာတဲ့ အဆင့်ဘဲရှိသေးတယ်။ အဲဒီအချိန်တုန်းက နိုင်ငံရေးလုပ်တဲ့သူတွေကို သူများတွေက ကြောက်ကြတယ်လေ။ ဒါကြောင့် အချိန်မတန်သေးဘူးလို့ မြင်တယ်။ ဒါကြောင့် ကျားဖြူပါတီထဲ မဝင်ဖြစ်ဘူး။ ကျမဖက်က အဆင်သင့်ဖြစ်တဲ့အချိန် ကျားခေါင်းပါတီလည်း ရှိလာတယ်လေ။ ကျားဖြူပါတီကို ကြည့်ရင် အင်အားများနေပြီ။ ကျားခေါင်းပါတီက ခွန်ထွန်းဦးတို့ ထောင်ကနေ လွတ်ပြီးနောက် ပြန်ပြီးမှတ်ပုံတင် စဆိုတော့ အင်အားနည်းနေတယ်လေ။ နှစ်ပါတီစလုံးရဲ့ ပါတီ မူဝါဒကိုလည်း ဖတ်ကြည့်ပါတယ်။ လေ့လာပါတယ်။ နောက်သမိုင်းကြောင်းလည်း လေ့လာတယ်။ ကျားခေါင်းက ပင်လုံမူကို လက်ကိုင်ထားတယ်ဆိုတာ သိလာရတယ်။ ဒါကြောင့် ကိုယ့်အတွက် သင့်တော်တယ်ပေါ့။ အဲဒါကြောင့် ကျားခေါင်းပါတီထဲ ဝင်ဖြစ်တာပါ။

မေး ။ ။ စည်းရုံးရေး အတွေ့အကြုံ ပြောပြပါအုံး။
ဖြေ ။ ။ သျှမ်းပြည်မြို့တော် တောင်ကြီးဆိုပေမဲ့ သျှမ်းလူမျိုး သိပ်မရှိဘူး။ တောင်ကြီးမြို့နယ် မဲဆန္ဒနယ် (၁)မှာ ဗမာလူမျိုးက အများဆုံး။ ဒုတိယက ပအိုဝ်း။ သျှမ်းက တတိယဖြစ်နေတယ်။ သျှမ်းလူဦးရေ အရမ်းနည်းတော့ ကျမတောင် လန့်သွားတယ်။ မဲဆန္ဒနယ်အမှတ် (၁) မှာ ဘယ်ကျေးရွာတွေ ပါသလဲဆိုတာ ထွေ/အုပ်က ချမှတ်ထားတဲ့အတိုင်း ယူရတယ်။ အဲဒီထဲမှာ မိုင်းသော်အရှေ့၊ မိုင်းသော်အနောက်ဆိုတာ ပါတယ်။ မိုင်းသော် အနောက်ကို ဆင်းသွားတော့ ဓနုနဲ့ပအိုဝ်းများတယ်။ သျှမ်းဆိုတာ မမြင်ရဘူး။ မိုင်းသော်အရှေ့ကို သွားတဲ့အခါကျမှ သျှမ်းတွေနဲ့ တွေ့တယ်။ တချို့က မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်းထဲမှာ ကိုယ့်နာမည် ပါ/မပါတာတောင် မသိဘူး။ ဒါလိုချင်တယ်။ ဟိုဟာဖြစ်ချင်လဲဆိုတာ ပြောဖို့နေနေသာသာ သူတို့နာမည် သွားကြည့်ရမှာကိုတောင် မသိကြသေးဘူး။ နားမလည်ကြဘူး။ တော်တော်များများတွေ့ရတယ်။ စာရင်းထဲပါဖို့ နာမည်ပေးရမယ် မှန်းတောင် မသိကြဘူး။ အများကြီးပဲ။ တချို့က သွားကြည့်ပြီး ကိုယ့်နာမည် စာရင်းထဲမပါတာကို ကျေးရွာအုပ်ချုပ်ရေးမှူးဆီ သွားပြောဖို့ မရဲကြဘူး။ ဒါတောင် စည်းရုံးရေးဆင်းတာ မဟုတ်ဘူး။ အချက်အလက် သွားကောက်ရုံဘဲရှိသေးတယ်။ ပညာပေးတဲ့အပိုင်းမှာ အရမ်းလိုတယ်။ တခြား တိုင်းရင်းသားကြားမှာ သွားနေရတော့ သူတို့လည်း အသံမထွက်ရဲကြဘူး။ အုပ်ချုပ်ရေးမှူးနေရာတွေမှာ သျှမ်းလူမျိုးတွေကို မတွေ့ရဘူး။ အဲဒီဒေသကို သွားခဲ့တဲ့နေ့တုန်းက ကျမ စိတ်တောင်မကောင်းဘူး။

မေး ။ ။ ဒါဆို စည်းရုံးရေး မဆင်းရသေးဘူးပေါ့။
ဖြေ။ ။ ဟုတ်။ စည်းရုံးရေး မဆင်းရသေးပါဘူး။

မေး ။ ။ အချက်အလက် သွားကောက်တော့ ပြည်သူတွေက ဘာလိုအပ်နေလဲ။
ဖြေ ။ ။ ပြည်သူတွေတော့ စစ်သားမလုပ်ချင်ကြဘူး။ တပ်သားသစ် မကောက်စေချင်ဘူး။ အေးအေးချမ်းချမ်း နေချင်တယ်။ သျှမ်းလူမျိုးတွေတော့ တခြားတိုင်းရင်းသားတွေ ဖိနှိပ်တာ မလိုချင်ဘူး။ မှတ်ပုံတင် မရှိတဲ့သူတွေ ရှိသေးတယ်။ တချို့ဆို အိမ်ထောင်စုလည်း မရှိဘူး။

မေး ။ ။ ရွေးကောက်ပွဲမှာ အနိုင်ရရင် ပြည်သူတွေအတွက် ဘာလုပ်ပေးမှာလဲ။
ဖြေ ။ ။ လမ်းဖောက် တံတားဆောက်တယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တယ်ဆိုတာ တက်လာတဲ့ အစိုးရတိုင်းရဲ့ တာဝန်ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့တာဝန်က ပြည်သူ့အသံကို လွှတ်တော်မှာ တင်ပြပေးဖို့ ဖြစ်တယ်။ နောက် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အကြောင်း… စတာတွေကို ပညာပေးမယ်။ ကြောက်စိတ်တွေ ရှိနေတုန်း။ ကြောက်စိတ်တွေ လျှော့ပါးသွားပြီး ပြောရဲဆိုရဲ လာအောင် လုပ်ပေးမယ်။ တန်းတူအခွင့်အရေး ရအောင် ပညာရေးပြည့်စုံအောင် လုပ်ပေးမယ်။ ငြိမ်းချမ်းရေးရအောင် လုပ်ပေးမယ်။

ဒါပေမဲ့ အဓိကက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ ကြိုးက တုပ်ထားနေတယ်။ အဲဒီကြိုးကို မပြေနိုင်သရွေ့ လွတ်လွတ်လပ်လပ် လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ပါတီရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ၂ဝဝ၈ ကို ပြင်မယ်။ ပြင်နိုင်အောင် နည်းလမ်းရှာရမယ်။ လွှတ်တော်ပြင်ပနဲ့ လွှတ်တော်အတွင်း လက်တွဲပူးပေါင်း အလုပ်လုပ်မယ်။ ၂ဝဝ၈ ကို ပြင်ဖို့ လွှတ်တော်ပြင်ပနဲ့အတွင်း အသံကျယ်ရင်တော့ ပြင်န်ိုင်မယ်။ လွှတ်တော်ထဲမှာဘဲ ၂ဝဝ၈ ကို ပြင်ဆင်နိုင်တယ်ဆိုတော့ တချို့က ၂ဝဝ၈ ကို လက်ခံပြီး လွှတ်တော်ထဲဝင်မယ်။ အနိုင်များများရရင် အသံ ပိုကျယ်မယ်။ ဒါကြောင့် နေရာများများ အနိုင်ရမှ ဖြစ်မယ်။ အနိုင်ရချင်တာ အာဏာရချင်လို့လည်း မဟုတ်ဘူး။ အစိုးရ လုပ်ချင်လို့လည်း မဟုတ်။ လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည်သူ့ပြောတဲ့အတိုင်း လိုက်လုပ်ရမယ်။ ပြည်သူ့ရဲ့ ကျွန်ပဲ။

မေး ။ ။ မဲဆန္ဒနယ် အမှတ် (၁) မှာ ဘယ်ပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာလဲ။
ဖြေ ။ ။ ရ ပါတီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။ ကျားဖြူပါတီ၊ တစညပါတီ၊ ခွပ်ဒေါင်းပါတီ NLD၊ ခြင်္သေ့ပါတီ USDP၊ ဓနုပါတီ၊ ပအိုဝ်းပါတီဖြစ်တဲ့ ပအမဖ၊ FUP ။ နောက် တသီးပုဂ္ဂလတဦးပါ။

မေး ။ ။ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဘယ်လိုကြိုးစားရမှာလဲ။
ဖြေ ။ ။ ကျမ ယှဉ်ပြိုင်ရမဲ့နယ်မှာ သျှမ်းလူမျိုးနည်းတဲ့အပြင် အစိုးရစစ်တပ် တပ်ရင်း ၅ ခုနဲ့ ရဲက ၂ ဖွဲ့ပါနေတော့ အရမ်းခက်တယ်။ သူတို့ရဲ့စာရင်းလည်း မသိရသေးဘူး။ သွားမေးရင် လုပ်နေတုန်းတဲ့။ ကောက်နေတုန်းတဲ့။ နောက် ရွှေညောင်ဘက် အေးသာယာဘက်မှာ ဗမာလူမျိုးများတယ်။ ဒါကြောင့် သူတို့တွေပါ စည်းရုံးရတယ်။ ကိုယ့်ရဲ့ စည်းရုံးရေးပိုစတာဗင်နိုင်းမှာ လက်ကမ်းစာစောင်တွေမှာ ဗမာစာတွေ ရေးရတာပေါ့။ သျှမ်းလူမျိုး တွေကျတော့ ထိုင်းကိုသွားရောက် အလုပ်လုပ်တဲ့ သူတွေ များတယ်။ ဒါကြောင့် သျှမ်းသိပ်မရှိဘူး။ တခြား တိုင်းရင်းသားတွေရဲ့ အသံတွေပါ ယူမှရမယ်။ သျှမ်းကတော့ ပါတီတိုင်းမှာရှိတော့ အနိုင်ရဖို့အတွက်တော့ တခြားတိုင်းရင်းသားတွေ ရဲ့အသံလည်း ယူရမှာဘဲ။

မေး ။ ။ ကိုယ်က အမျိုးသမီး ကိုယ်စားလှယ်လောင်းဖြစ်တော့ ဘာစိန်ခေါ်မှုတွေရှိလဲ။
ဖြေ ။ ။ အမျိုးသမီးဖြစ်နေတော့ နည်းနည်းခက်တယ် ။ ဘယ်နေရာမှာဆို အမျိုးသမီးကို နေရာပေးဖို့ ဆိုတာ ခက်တယ်။ နောက် မဲစာရင်းလည်း အတိအကျ မသိရသေးဘူး။ လူထုကလည်း ရွေးကောက်ပွဲ လုပ်ထုံးလုပ် နည်းကို နားမလည်ဘူး။ ပထမတခေါက် ထွက်တုန်းက အိမ်ထောင်စုစာရင်းအတိုင်း စီတယ်။ အခုတခေါက် ထွက်တော့ အက္ခရာလိုက်စီသွားတယ်။ စာတတ်တဲ့သူ သွားကြည့်တာတောင် တော်တော့်ကို ခက်တယ်။ တချို့စာမတတ်တဲ့သူတွေဆိုရင် ဘယ်လိုပြောလဲဆိုတော့ နာမည်ပါ / မပါ ဒီအတိုင်း ထားလိုက်တော့မယ်။ မပေးရလည်း မပေးဘူးလို့ ပြောတယ်။ စိန်ခေါ်မှုတော့ အများကြီး ရှိတယ်။

မေး ။ ။ နိုင်ငံရေးမှာဖြစ်ဖြစ်၊ ခေါင်းဆောင်တဲ့နေရာမှာ ဖြစ်ဖြစ် အမျိုးသမီးတွေလည်း လုပ်ဆောင် နိုင်တယ်ဆိုတာ ပြည်သူတွေ ယုံကြည်သွားအောင် ဘယ်လိုလုပ်ရမှာလဲ။
ဖြေ ။ ။ အမျိုးသမီးလည်း လုပ်ဆောင်န်ိုင်တယ်ဆိုတာ ကြိုးစားရမယ်။ ဘယ်မှာမဆို အမျိုးသမီးတွေကို နေရာပေးဖို့ဆိုတာ တော်တော့ကို ခက်တယ်။ ဦးဆောင်မှုမှာ အမျိုးသားတွေကို မပေးချင်လို့ လာလုပ်တာ မဟုတ်ဘူး။ အမျိုးသားလည်း လုပ်၊ အမျိုးသမီးလည်းလုပ်။ အခွင့်အရေးပေးတဲ့ သဘောပေါ့။ လုပ်ရင်လည်း ထိထိရောက်ရောက် လုပ်ရမယ်။ အရည်အချင်းလည်း အမျိုးသားတွေထက် မမြင့်တာတောင်မှ သူတို့နဲ့ တန်းတူ ဖြစ်နေရမယ်။ အမျိုးသမီးတွေက အိမ်မှုကိစ္စပါလုပ်ရတော့ အမျိုးသားတွေက အမျိုးသမီးတွေကို နားလည်ပေးရမယ်။ အမျိုးသားတွေထက် ပိုကြိုးစားရမယ် ။ အမျိုးသမီးတွေရဲ့ လုပ်ဆောင်မှုကြောင့် ဒီလိုအကျိုးကျေးဇူး ခံစား ရတာလို့ ရုပ်လုံးမပြနိုင်သေးတဲ့အတွက် မယုံကြည်ကြဘူး။ ပြနိုင်ရင်တော့ သူများလည်း ယုံကြည်လာပြီး နောက်ကနေ လိုက်လာမှာပါ။ အမျိုးသားတွေ နားလည်လာအောင်လည်း ကြိုးစားယူရမယ်။

မေး ။ ။ နိုင်ငံရေးမှာ အမျိုးသမီးတွေ များများပါဝင်လာဖို့ အမျိုးသမီးတွေကို ဘယ်လို တိုက်တွန်းချင်လဲ။
ဖြေ ။ ။ ခေတ်ကာလ ပြောင်းလဲ လာတာနဲ့အညီ ဘယ်န်ိုင်ငံမှာမဆို လွှတ်တော်တွေမှာ အမျိုးသမီးတွေ ပါလာပြီ။ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပေါ့နော်။ အမလည်း အမျိုးသမီးတွေ နိုင်ငံရေးထဲ ပါဝင်လာဖို့ အမြဲတမ်း တိုက်တွန်းပါတယ်။ အမျိုးသမီးတွေ နားလည်သဘောပေါက်အောင်လည်း အမြဲတမ်း ရှင်းပြတယ်။ ပညာပေးတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာများပြောကြား ချင်ပါသလဲ။
ဖြေ ။ ။ ပထမတချက်တော့ သမိုင်းကို ပြန်လေ့လာပါ။ အခုက နိုင်ငံရေးကို နားမလည်ရင် မရတော့ဘူး။ ဖြစ်ပျက်နေသမျှ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်အောင် အခွင့်အရေးပေးပါ။ အမျိုးသမီးတွေကို နားလည်ပေးပါ။ ဘယ်ပါတီက ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် လုပ်ပေးနိုင်မယ်ဆိုတာ ပြည်သူလူထုက ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရမယ်။ စဉ်းစားရမယ်။ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် လောင်းတွေကိုလည်း များများအားပေးပါလို့။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...