Salai Isaac Khan (Director, GDI, Myanmar) နဲ့ တွေ့ဆုံဆွေးနွေးခြင်း (အပိုင်း - ၁)

Salai Isaac Khan (Director, GDI, Myanmar) နဲ့ တွေ့ဆုံဆွေးနွေးခြင်း (အပိုင်း - ၁)
by -
ခိုနူမ်းထုန်
Salai Isaac Khan သည် ချင်းပြည်နယ်၊ ပလက်ဝ ဇာတိဖြစ်ပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွင် ကြီးပြင်းခဲ့သည်။ မိဘ နှစ်ပါးမှာ အင်္ဂလိကန် ဘုန်းတော်ကြီး ဦးနန်းချင်း နဲ့ ဒေါ်မော်လီဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်မှာ သချင်္ာ အထူးပြုဘာသာနဲ့ မြစ်ကြီးနား တက္ကသိုလ်မှ BSc ဘွဲ့ကို ရရှိခဲ့သည်။

၂ဝဝ၂ – ၂ဝဝ၃ ခုနှစ်တွင် သန့် ရှင်းသော ကားတိုင်တော် အင်္ဂလိကန် ဓမ္မတက္ကသိုလ်မှ ဓမ္မဝိဇ္ဖာဘွဲ့ကို ပြီးစီးခဲ့ပြီး ၂ဝဝ၄ – ၂ဝဝ၆ ခုနှစ်မှာ MIT, မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်မှ မဟာဓမ္မဝိဇ္ဖာပညာကို ဆည်းပူး ပြီး Social Science ဆိုင်ရာ မဟာဓမ္မဝိဇ္ဖာဘွဲ့ကို ၂ဝဝ၆ ခုနှစ်မှာ ရရှိခဲ့ပါသည်။ ကမ္ဘောဒီယားနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ မဟာဝိဇ္ဖာဘွဲ့ကို ထပ်မံ ဆည်းပူးဆွတ်ခူးရရှိခဲ့သည့်အပြင် အစ္စရေးနိုင်ငံမှာ Gender နဲ့ ငြိမ်းချမ်းရေး၊ Gender နဲ့ လုံခြုံရေး ဆိုင်ရာ Course ကို သင်ယူလေ့လာခဲ့ပြီးမှ ၂၀၁၀ ခုနှစ်မှာ Gender and Development Initiative Myanmar ဆိုသည့် Local NGO ကို ရန်ကုန်တွင် အခြေစိုက် တည်ထောင်ပြီး ဦးဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်။

Gender and Development Initiative Myanmar သည် အစိုးရမှာ မှတ်ပုံတင်ထားတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းဖြစ်သလို လက်ရှိအနေအထားမှာ ကျားမ တန်းတူညီမျှရေး ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှုကိစ္စနှင့် မတူကွဲပြားသည့် မျိုးနွယ်စုများ ကြားထဲမှာ အပြန်အလှန် စကားပြောဆိုနိုင်သည့် အခွင့်အလမ်း ပေါ်ထွက်လာအောင် ဆောင်ရွက်တဲ့ Dialogue အစီအစဉ် အစရှိသည်တို့ကို ဆောင်ရွက်နေသည်။ G D I ( Myanmar) အနေဖြင့် ရန်ကုန်မြို့၌ ရုံးချုပ်ထားပြီးနောက် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်တို့တွင် အလုပ်လုပ်နေသူဖြစ်သည်။

KNT: အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ချက်နဲ့ အမြင်ကို ပြောပြပေးစေချင်တယ်။
ASK: တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စဟာ ကျတော်တို့ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတဲ့ အကြောင်းအရာတခုဖြစ်ပါတယ်၊ နိုင်ငံတော်အစိုးရအတွက်ပဲ ဖြစ်ဖြစ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအတွက်ပဲဖြစ်ဖြစ် တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးနိုင်ခြင်း မရှိပါက ကျတော်တို့ လိုလားတောင့် တနေတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု Political Dialogue လုပ်ငန်းစဉ်ကြီးကို ရှေ့ဆက်သွားဖို့ရန် အင်မတန်မှ အခက်အခဲရှိပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ NCA မထိုးဘဲနဲ့ လက်ရှိ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများဟာ မြေပေါ်မှာ တရားဝင်နိုင်ငံရေးဆောင်ရွက်ခွင့်ရမှာ မဟုတ်သလို တပ်မတော်၊ လွှတ်တော်နဲ့ သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစရှိသည့် အစိုးရဖက်က သုံးပွင့်ဆိုင် ယန္တယားမှာလည်းပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုရှိမှသာလျှင်ပဲ နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသားများ တောင်းဆို တိုက်ပွဲဝင်လာခဲ့တဲ့ တန်းတူညီမျှရေး၊ တရားမျှတရေး၊ ဖက်ဒရယ် အရေးကိစ္စတွေကို နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းပဍိပက္ခဟာ တကယ်တော့ ဗမာနဲ့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေအကြား ဖြစ်တာမဟုတ်ပါဘူး။ အဲဒါသည် ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားခဲ့တဲ့ ကတိကဝတ်ဖြစ်တဲ့ လွတ်လပ်သည့် ဗမာနိုင်ငံ၊ လွတ်လပ်တဲ့ ရှမ်း၊ Federation Shan State ၊ လွတ်လပ်တဲ့ ကချင်တောင်တန်းဒေသ၊ လွတ်လပ်တဲ့ ချင်း တောင်တန်းဒေသ၊ ဒီနိုင်ငံ လေးခု ပေါင်းစည်းမှုပြုခဲ့တဲ့ ကတိကဝတ်ကို ဒီနေ့ ခေတ်အဆက်ဆက် ပြည်ထောင်စုအစိုးရ အဆက်ဆက်က အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ ငြင်းဆန်ခဲ့တာကနေ စလာတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီနေ့ ကျတော်တို့ ပြောပြောနေတဲ့ ဖက်ဒရယ်စနစ် ဆိုတဲ့ ကိစ္စသည် ပင်လုံကို အခြေခံတဲ့ ပင်လုံ အနှစ်သာရကို အခြေခံတဲ့ ပင်လုံကတိကဝတ်ကို အခြေခံတဲ့ ဆွေးနွေးမှု ဖြစ်နိုင်ဖို့ ဆိုယင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုပင်ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ခြင်းသည် အဖြေမဟုတ်ပါဘူး။ အဲဒါသည် နည်းလမ်းတခုသာ ဖြစ်ပါတယ်။ အဲတော့ လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းရဲ့ အထွဋ်အထိပ်သည် နိုင်ငံရေး စကားဝိုင်းဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို တက်လှမ်းနိုင်မှာဖြစ်တဲ့ အတွက် NCA ကို အမြန်ဆုံး လက်မှတ် ရေးထိုးနိုင်ဖို့ လိုပါတယ်။ NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားကြတဲ့ အခါမှာ တချို့ကတော့ NCA ကို လက်မှတ်ရေးထိုးပြီးရင် တပ်မတော်ဖက်က ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းမလား၊ တပ်မတော်ဖက်က ထိုးစစ်ဆင်နေမယ်ဆိုလို့ရှိရင် NCA ကို ထိုးပြီးရင်လည်း အဓိပ္ပါယ် မရှိဘူးလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ NCA ကို မထိုးပဲနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို တခါတည်း လုပ်ဖို့ရန် ပြင်ဆင်တဲ့ ပါတီတွေလည်း ရှိပါတယ်၊ NCA လုပ်ငန်းစဉ် မပါဘဲနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို တက်လာမယ်ဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအနေနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုမှာ တင်းပြည့် ကျပ်ပြည့် ပါဝင်ဖို့ အဟန့်အတား အခက်အခဲတွေ ရှိနေအုံးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် တဖက်က ပြန်ကြည့်ရင် NCA ကို ထိုးပြီးရင် တပ်မတော်ဖက်က ထိုးစစ်ဆင်လာပြီး တပ်မတော်ဖက်ကသာ တိုင်းရင်းသား နယ်မြေတွေမှာ ဝင်ရောက် ကျုးကျော်နေတဲ့ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ ကိစ္စသည် NCA လက်မှတ် ရေးထိုးပြီးတဲ့နောက် ဆက်လက် စောင့်ကြည့်သွားရမည့် အပိုင်းဖြစ်ပါတယ်။ တပ်မတော်ကို ဘယ်လောက် ယုံလို့ရသလဲ၊ ယုံလို့မရဘူးလဲဆိုတဲ့ ကိစ္စက နောက်တပိုင်းဖြစ်ပါတယ်။ NCA လက်မှတ် ရေးထိုးတဲ့နေရာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တင်မြှောက်ထားတဲ့ အစိုးရ၊ လွှတ်တော်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အခန်းကဏ္ဍ သတ်မှတ်ပေးထားတဲ့ တပ်မတော်၊ ဒီ ဖက် သုံးဖက် လက်မှတ်ရေးထိုးထားတဲ့ NCA ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တပ်မတော်သည် NCA လက်မှတ် ရေးထိုးပြီးတဲ့အခါမှာ ကတိကဝတ်ကို တည်ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ Bilateral Agreement အဆင့်ပဲ ဖြစ်နေသေးတော့ယင် တတိုင်းတပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စအတွက် တပ်မတော်ဖက်က ချိုးဖောက်နိုင်တဲ့ အနေအထား၊ မတ်တပ် ရှိနေဆဲ ဖြစ်ပါတယ်။ အဲတော့ NCA ထိုးမှသာလျှင် တပ်မတော်ဖက်က ထိုးစစ်ဆင်နေမှုတွေကို သော်၎င်း၊ တိုင်းရင်းသားလက်နက်ကိုင်များ ရဲ့ စိုးရိမ်ကြောင့်ကြမှုများကို သော်၎င်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ NCA သဘောတရားကို ပြောရမယ်ဆိုလို့ရှိယင် NCA ဟာ အလွယ်တကူ ပျက်သွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ၊ NCA ထိုးပြီးတာနဲ့ ကျောက်တိုင်ကြီးလိုပဲ ခိုင်ခိုင်မာမာ ရပ်သွားမယ်လို့ တထစ်ချပုံအပ်ပြီး ယုံလို့မရပါဘူး။ အဲဒါကြောင့် NCA ထိုးပြီးရင်တောင်မှလည်းပဲ တိုက်ပွဲတွေ မဖြစ်ဖို့၊ NCA မကျိုးပေါက်ဖို့ကို ဖက်နှစ်ဖက်စလုံး၊ ပြည်သူတရပ်လုံးက ဝိုင်းဝန်းပြီး ထိန်းရမည့် အနေအထားဖြစ်ပါတယ်။ NCA ကို ထိုးဖို့ ပြောတဲ့အခါမှာ အဲဒီအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တဆက်တည်း NCA နဲ့ ပါတ်သက်ပြီးတော့ အကုန်လုံးပါဝင်မှုဟာ အရေးကြီးပါတယ်။ သို့သော် အင်မတန်အရေးကြီးတဲ့ အချက်တခုက အားလုံးအဆင်သင့်ဖြစ်ဖို့ စောင့်ဆိုင်းရင်းနဲ့ လက်လွှတ်ဆုံးရှုံးသွားနိုင်တဲ့ အခွင့်အလမ်းတွေကို နှိုင်းယှဉ်ချိန်ဆဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဟာ တဖွဲ့တည်း မဟုတ်ပါဘူး။ တိုင်းရင်းသားတမျိုးချင်းရဲ့ မတူကွဲပြားတဲ့ အခြေအနေ၊ နိုင်ငံရေး လမ်းကြောင်းနဲ့ နိုင်ငံရေး နောက်ခံအခြေအနေတွေရှိတဲ့ အခါကျတော့ ယခုအချိန်ထိ စုစုစည်းစည်း လမ်းကြောင်းတကြောင်းတည်း လျှောက်နိုင်ဖို့ဆိုတာ အင်မတန်မှ ကြိုးစားအားထုတ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကိုလည်းပဲ သတိမထားလို့ မရပါဘူး။ အထူးသဖြင့် ဘယ်သူပဲဖြစ်ဖြစ် စက်တင်ဘာ ၉ ရက်နေ့ နိုင်ငံတော်သမ္မတကြီးနဲ့ လက်နက်ကိုင်ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံကြပြီးတဲ့ နောက်မှာ NCA လက်မှတ် ရေးထိုးရေးလမ်းကြောင်း ပွင့်လာပြီလို့ နားလည်ရပါတယ်။ မကြာခင်မှာ NCA လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

KNT: ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာ ကျင်းပမည့် ၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ ချင်းနိုင်ငံရေးပါတီတွေရဲ့ အနေအထား ဘယ်လိုဖြစ်လာနိုင်ပြီး ဘယ်လိုဖြစ်သင့်သလဲ။
ASK: လာမည့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲလို့ သိနေကြတဲ့ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးဟာ ကျွန်တော်တို့တိုင်းပြည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ တခုဖြစ်ပါတယ်။ ပြည်ထောင်စုကြီး တခုလုံးအတွက် အရေးပါတဲ့ အကူးအပြောင်းရွေး ကောက်ပွဲကြီးတခုလို့ ပြောလို့ မရသည့်တိုင်အောင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိစ္စတွေအတွက် အရေးပါတဲ့ ရွေးကောက်ပွဲ ကြီးတခု ဖြစ်ပါတယ်။ နိုင်ငံတကာနှင့် ပြည်တွင်းစောင့်ကြည့် လေ့လာသူများ၊ နိုင်ငံတကာ အဖွဲ့အစည်း၊ ပြည်တွင်းအဖွဲ့အစည်း၊ ပြည်သူတွေကို ရွေးကောက်ပွဲကော်မရှင်က အထပ်ထပ် ကတိပေးတဲ့ ကိစ္စက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတ လိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ တွက်ဆချက်ဖြစ်ပါတယ်။ သို့သော် Technically ပြန်ပြောရ မည်ဆိုလို့ရှိယင် လွတ်လပ်ပြီးတရားမျှတဖို့ အခက်အခဲတွေ အများကြီး တွေ့နေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံနေရာ ဒေသအတော်များများမှာ လူထုက ကိုယ့်မဲဆန္ဒနယ်မှာ ဘယ်သူဘယ်ဝါက အရွေးခံပြီး ဘယ်သူကို ဘယ်လို မဲပေးရမည်ဆိုတာ ရှင်းရှင်းလင်းလင်း မသိတဲ့ နေရာဒေသတွေ အများကြီးရှိနေပါသေးတယ်။ ထိုထက်မက မဲစာရင်းမှားယွင်းတဲ့ ကိစ္စတွေ၊ မဲစာရင်းမှာ မပါတဲ့ကိစ္စတွေသည် စက်တင်ဘာလထဲမှာမှ ကြေညာပေးရမယ်ဆိုတော့ တကယ်လို့များ နောက်ထပ် ထပ်မံ ကျန်ခဲ့တာများရှိရင် ဘယ်တော့ ထပ်မံ စာရင်းသွင်းလို့ရသေးတယ်ဆိုတဲ့ ကိစ္စတွေက ရှိနေပါတယ်။

ထို့အပြင် နိုင်ငံခြားကို ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားများ သန်းနဲ့ချီ ရှိနေပါတယ်။ သို့သော် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မဲထည့်မည့်အရေအတွက်ဟာ တသောင်း မကျော်ပါဘူး။ အဲဒီအတွက်ကြောင့် နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ တရားဝင်မဲထည့်ပိုင်ခွင့် ရှိတဲ့ နိုင်ငံသားများရဲ့ မဲထည့်နိုင်ခွင့်တွေ သည်လာမည့် စက်တင်ဘာ၊ အောက်တိုဘာ နှစ်လအတွင်း ဆောင်ရွက်နိုင်မည့် အနေအထားရှိနေဖို့ လိုပါတယ်။ တဆက်တည်းမှာပဲ ယခု ကျတော်တို့ ပြည်နယ်၊ တိုင်း ၁၄ ခုမှာ ချင်း၊ စစ်ကိုင်း၊ မကွေး နဲ့ ရခိုင်မှာ သဘာဝဘေးဒါဏ်ကြောင့် အရေးပေါ် အခြေအနေ ကြေညာထားရတဲ့ အနေအထားမှာ ရှိတော့ရင် အဲဒီနေရာဒေသမှာ ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ဖြစ်ဖို့ဆိုတဲ့ ကိစ္စသည် အထူးသဖြင့် ချင်းပြည်နယ်လို နေရာတွေအတွက် အခက်အခဲဖြစ်ပါ တယ်။ ယခုချိန်ထိ ချင်းပြည်နယ်မှာ ကျေးရွာချင်း ဆက်လမ်းတွေ မပေါက်သေးပါဘူး။ မြို့ချင်း ဆက်လမ်းတွေတောင်မှ မိုးရွာမည့် အခြေအနေအပေါ် မူတည်ဆဲ ဖြစ်ပါတယ်၊ ချင်းနိုင်ငံရေး ပါတီများ အနေနဲ့ လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ လက်တွဲဆောင်ရွက်ရေး သဘောတူညီချက် Electro Cooperation Agreement လက်မှတ်ရေးထိုးထားတာကြောင့် ECA အတိုင်းလိုက်နာ ဆောင်ရွက်နိုင် ကြဖို့လည်း အရေးကြီးနေပါတယ်။ ပါတီများကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကျွန်တော် နားလည် သဘောပေါက်ပါတယ်။

ချင်းပြည်နယ်လွှတ်တော်မှာ အမတ်ထိုင်ခုံ ၂၄ ခုရှိတဲ့အနက် ချင်းပါတီတွေက အနည်းဆုံး ၁၃ နေရာ မရဘူးဆိုလို့ရှိရင် ချင်းပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ဖို့ အခက်အခဲတွေ ရှိပါလိမ့်မယ်။ တကယ်လို့ ချင်းပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ဖို့ အခွင့်အလမ်းမရှိဘူးဆိုလို့ရှိရင် ချင်းပြည်နယ် အစိုးရဝန်ကြီး ခန့်ထားရေး ကိစ္စ၊ ပြည်နယ် ဝန်ကြီးချုပ်ရွေးချယ်ရေးကိစ္စတွေမှာ ခံစစ်နဲ့ ကစားရမည့် အနေအထား ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ချင်းပြည်နယ် ဝန်ကြီးချုပ်ကို ချင်းနိုင်ငံရေးပါတီတွေက၊ ချင်းပြည်နယ် လွှတ်တော်က တိုက်ရိုက်ခန့်ထားလို့ မရပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ပြည်ထောင်စု အဆင့် အနိုင်ရတဲ့ ပါတီ၊ NLD သို့တည်းမဟုတ် ပြည်ခိုင်ဖြို့ သို့တည်းမဟုတ် ညွန့်ပေါင်း စသည့် ပါတီကြီးတခုခုက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲတော့ NLD ကပဲ ဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ် အဆိုပြုပေးလိုက်တဲ့ ပုဂ္ဂိုလ်ကို ချင်းပြည်နယ်လွှတ်တော်က လက်ခံဖို့ မခံဖို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့များ ပြည်နယ်လွှတ်တော်မှာ ချင်းနိုင်ငံရေးပါတီတွေက ၃ ပုံ ၂ ပုံလောက် အသာစီး ရထားလို့ ရှိရင် သမ္မတက အဆိုပြုတဲ့ ပြည်နယ်ဝန်ကြီးချုပ်လောင်း နဲ့ ပါတ်သက်ပြီးတော့ ညှိနှို်င်းနိုင်တဲ့ အနေအထားရှိမှာ ဖြစ်ပါတယ်။ လိုအပ်တယ်ဆိုလို့ရှိရင်လည်း လွတ်တော်က ကန့်ကွက်နိုင်တာမျိုး လုပ်လို့ရပါတယ်။ ဒါကြောင့် လာမည့် ရွေးကောက်ပွဲမှာ ချင်းနိုင်ငံရေးပါတီများအနေနဲ့ ချင်းပြည်နယ် လွှတ်တော်ကို အမတ် အသာစီးနဲ့ ထိန်းချုပ်ထားနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စုအဆင့် အရွေးခံမည့် ပုဂ္ဂိုလ်များသည်လည်းပဲ ချင်းနိုင်ငံရေးပါတီထဲက ဖြစ်တယ်ဆိုလို့ရှိရင် ချင်းပြည်နယ်အရေးအတွက် ပြည်နယ်နဲ့ ပြည်ထောင်စုအကြား ဟန်ချက်ညီညီ ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်။ အထူးသဖြင့် ချင်းနိုင်ငံရေးဆိုတာဟာ ချင်းပြည်နယ် နိုင်ငံရေး မဟုတ်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ချင်းနိုင်ငံရေးနဲ့ ချင်းပြည်နယ်နိုင်ငံ ရေးမတူပါဘူး။ ချင်းအမျိုးသားနေ့နဲ့ ချင်းပြည်နယ်နေ့ မတူပါဘူး။ ကျွန်တော်တို့ လိုချင်တာ ချင်းပြည်နယ်နေ့ မဟုတ်ခဲ့ပါဘူး။ ချင်းအမျိုးသားနေ့ပါ။ ဒီကနေ့ ချင်းအမျိုးသားနေ့ကို ပြန်လည် ရရှိခဲ့ပါတယ်။ ချင်းနိုင်ငံရေး နှင့် ချင်းပြည်နယ်နိုင်ငံရေးဆိုတာကို ကွဲကွဲပြားပြားနားလည်ဖို့ လိုပါတယ်။ ချင်းလူမျိုး များလို့ ပြောတဲ့အခါမှာ ချင်းပြည်နယ်ထဲမှာ နေထိုင်တာက တဝက်နီးနီးလောက်ပဲ ရှိပါတယ်။ ချင်းပြည် နယ်ပြင်ပ စစ်ကိုင်း၊ မကွေး၊ ရခိုင်မှာ နေထိုင်တဲ့ ချင်းပြည်သူများအတွက် ချင်းနိုင်ငံရေးပါတီများက ထည့်တွက် စဉ်းစားရတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ချင်းပြည်နယ်အစိုးရအနေနဲ့ ပြည်နယ် ပြင်ပမှာရှိတဲ့ ချင်းလူမျိုးများ အရေးအတွက် ထည့်တွက်စဉ်းစားနိုင်ဖို့ ဆိုလို့ရှိရင် ချင်းနိုင်ငံရေးပါတီများ ဦးဆောင်တဲ့ အစိုးရဖြစ်ဖို့ ချင်းနိုင်ငံရေးပါတီများ ဦးဆောင်တဲ့ လွှတ်တော်ဖြစ်ဖို့ လိုပါတယ်။ အဲလို ဖြစ်မှသာလျှင်ပဲ ချင်းလူမျိုးများရဲ့ လွတ်မြောက်ရေး၊ မြန်မာပြည်ထောင်စုအတွင်းမှာ ချင်းလူမျိုးများ တန်းတူညီမျှရေးကိစ္စတွေ ဖြစ်လာမှာပါ။ တချိန်တည်းမှာပဲ အဲလိုအနေအထားမျိုးမှာ ချင်းနိုင်ငံရေး ပါတီများ ၁၁ ခု လက်မှတ်ရေးထိုးထားတဲ့ ECA နဲ့ပါတ်သက်ပြီးတော့ လိုက်နာဆောင်ရွက်မှု နောက်ပိုင်းမှာ အင်မတန်မှ အခက်အခဲတွေ ရှိနေသေးတာကို သုံးသပ်တွေ့ရှိရပါတယ်။

ECA ရဲ့ နည်းလမ်းသုံးခု ဖြစ်တဲ့ ဦးစားပေး ၁၂ ဦး ရွေးချယ်ခြင်း၊ ဒေသန္တာရပါတီများအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ် ရွေးချယ်သတ်မှတ်ပေးခြင်း၊ မြို့နယ်အဆင့် ချင်းနိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ ညှိနှိုင်းခြင်း စသည့် နည်းလမ်းသုံးခု ချထားတဲ့နေရာမှာ ဦးစားပေး ရွေးချယ်တဲ့ ၁၂ နဲ့ပါတ်သက်ပြီး သော်၎င်း၊ ဒေသန္တာရ ပါတီများရဲ့ သီးသန့်မဲဆန္ဒနယ်ရွေးချယ်ခြင်းနဲ့ သော်၎င်း၊ အများကြီးညှိနှိုင်း ခဲ့ရတယ်၊ ကျတော်တို့ လိုချင်တာက ချင်းနိုင်ငံ ရေးခေါင်းဆောင်များ ဖြစ်ပါတယ်။ ချင်းနိုင်ငံရေးခေါင်းဆောင်များသည် ပါတီအသီးသီးမှာ ရှိပါတယ်။ ချင်းနိုင်ငံရေး ပါတီ အားလုံးကို ပါတီတခုကပဲ အပြီးသတ် ဦးဆောင်လို့ မရသေးဘူးဆိုတာကို အားလုံး လက်ခံသဘော ပေါက်ပြီး ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ လာမည့် ၅ နှစ်သက်တမ်းမှာ ချင်းလူမျိုး တရပ်လုံးကို ဦးဆောင်နိုင်မည့် နိုင်ငံရေးခေါင်းဆောင်များသည် ချင်းနိုင်ငံရေးပါတီ အသီးသီးက ထွက်ပေါ်လာရ မည်ဖြစ်တဲ့အတွက်ကြောင့် အဲဒီအခွင့်အလမ်းကို ကျွန်တော်တို့ ဖန်တီးရမှာ ဖြစ်ပါတယ်။ ၁၂ ခုသော ချင်းနိုင်ငံရေး ပါတီများသည် ၁၂ မျိုး မဟုတ်ဘဲ တမျိုးတည်းပဲ ဖြစ်တယ်ဆိုတဲ့မူကို အစဉ်အမြဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ချင်းတမျိုးတည်းပဲ ဆိုတဲ့မူကို ကျင့်သုံးပြီး အမှန်တကယ် ဖော်ဆောင်ဖို့ဟာ နိုင်ငံရေးပါတီများရဲ့ အင်မတန်မှ ကြီးလေးတဲ့ တာဝန်တရပ်ဖြစ်သလို ပါတီနိုင်ငံရေးလား၊ ချင်းနိုင်ငံရေး လားဆိုတာ ကွဲကွဲပြားပြား နားလည်သဘောပေါက်အောင် အဖြေရှာရမည့် အချိန်ကာလဖြစ်ပါတယ်။

ချင်းနိုင်ငံရေးဟာ မျိုးနွယ်စု နိုင်ငံရေး အဆင့်မှာပဲ ရှိနေဆဲလို့ ကျတော်တို့ သုံးသပ်တယ်။ အဲဒါ ဗမာမူလို့ ပြောလို့ရပါတယ်။ ဒီနေ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ချီတက်နေတာသည် ပြည်ထောင်စု နိုင်ငံရေးဖြစ်ပါတယ်။ တနိုင်ငံလုံး ပစ်ခပ်တိုက်ခိုက်မှု စာချုပ်လက်မှတ်ရေးထိုးနိုင်ပြီးတော့မှ နိုင်ငံရေး ဆွေးနွေးမှု ပြင်ဆင်နေကြတဲ့ လုပ်ငန်းစဉ်တခုလုံးသည် ပြည်ထောင်စု နိုင်ငံရေးဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံရေး ပြီးတော့မှ ချင်းနိုင်ငံရေး ပြီးတော့မှ မျိုးနွယ်စု နိုင်ငံရေးဆိုပြီး အဆင့်ဆင့် ရှိပါတယ်။ ချင်းလူမျိုးများ အနေနဲ့ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်မျိုးနွယ်စု၊ ဒေသန္တာရအလိုက် ပါတီတွေ တည်ထောင်ခဲ့တဲ့ ကိစ္စတွေကို နားလည်လို့ရပါတယ်။ သို့သော် မျိုးနွယ်စု တခုကို ကိုယ်စားပြုပြီးတော့မှ ချင်းထဲက ခွဲထွက်ဖို့ ချင်းပြည်နယ်ထဲက ခွဲထွက်ဖို့ ကိစ္စတွေကိုတော့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့ မရပါဘူး။ ချင်းဆိုတာ ကျွန်တော်တို့ ရွေးတာ မဟုတ်ပါ ဘူး။ ချင်းလူမျိုးဖြစ်ခြင်းက ကျွန်တော်တို့ရဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ ကျတော်တို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဆင်းသက်လာပုံ သမိုင်းကြောင်းတွေကို ခြုံငုံသုံးသပ်ပြီးတော့ ဒီအုပ်စုကြီးဟာ ချင်းဆိုတဲ့ အစုအစည်းထဲမှာ ပါဝင်နေရတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တစုတဖွဲ့က ငါတို့သည် ချင်းမဟုတ်ဘူးဆိုပြီး ချင်းထဲက ခွဲထွက်ဖို့ ကြိုးစားတဲ့ကိစ္စဖြစ်ဖြစ် နေရာဒေသတခုက ငါတို့က တချိန်တုန်းက ချင်းပြည်နယ်မှာ မပါခဲ့ဘူး။ တချိန်တုန်းက ဒီလိုမျိုး အဆင့် Status နဲ့ နေခဲ့တဲ့ အတွက်ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရမယ်ဆိုပြီးတော့ ကြိုးစားတဲ့ ကိစ္စမျိုးဖြစ်ဖြစ် ချင်းတမျိုးလုံးရဲ့ စုစည်းမှုကို ပြိုကွဲစေတဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီလုပ်ရပ်မျိုးကိုတော့ ဘယ်ပါတီ၊ ဘယ်မျိုး နွယ်စုကပဲ လုပ်လုပ် လက်သင့်ခံလို့ မရပါဘူး။ သို့သော် အင်မတန်အရေးကြီးတဲ့ အချက်က မျိုးနွယ်စုတွေ ကြားထဲမှာ ရှိနေတဲ့ ဒါဏ်ရာတွေ၊ ခံစားမှုတွေ၊ ဘေးဖယ်ခံရတဲ့ ခံစားချက်တွေကို မမေ့သင့်ပါ။

ဒီပြဿနာတွေ ဖော်ထုတ်ဖြေရှင်းဖို့ လိုပါတယ်။ ချင်းမျိုးနွယ်စုတွေကြားထဲမှာ ခေတ်အဆက်ဆက်ရှိ ခဲ့တဲ့ ခွဲခြားဆက်ဆံမှုတွေ နိုင်လိုမင်းထက် ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေ မျှတမှုကင်းမဲ့ခဲ့တဲ့ ကိစ္စတွေ စတဲ့ သမိုင်းအမှား သင်ခန်းစာတွေကို ပြန်လည်သင်ခန်းစာယူဖို့ လိုပါတယ်။ ပါတီငယ်တွေ ထွက်ပေါ်လာတဲ့ ကိစ္စကို ရိုးသားစွာ နားလည်လက်ခံသော်လည်းပဲ တချိန်ထဲမှာ ကျတော်တို့ ရဲ့ ဦးတည်ရာ လမ်းကြောင်းဟာ ပြန်လည်သင့်မြတ်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ ကျွန်တော်တို့သည် တမျိုးတည်းပါ။ သန်းခေါင်စာရင်းမှာ ၅၃ မျိုးလို့ပြောတဲ့ ကိစ္စဟာ မှားပါတယ်။ ချင်းဟာ တမျိုးပဲ ရှိပါတယ်။ အဲဒါကြောင့် ချင်းနိုင်ငံရေးပါတီများအနေနဲ့ ECA ကို အကောင်အထည်ဖော်တဲ့အခါမှာ အင်မတန်မှ ကျယ်ပြန့်တဲ့ ပြည်ထောင်စု နိုင်ငံရေး၊ လေးနက်ပြီးတော့ အရေးကြီးတဲ့ ချင်းတမျိုးသားလုံး ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ECA ကို ဆောင်ရွက်ကြမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒါကို အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲ အကြီးမားဆုံးသည် လက်ရှိ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပါတယ်။ သို့သော် ECA မှာ ဖော်ပြထားတဲ့ အချက်အလက်တွေ အားလုံးကို အကောင်အထည်ဖော်ဖို့ အခက်အခဲရှိသည့်တိုင်အောင် ECA ရဲ့ အနှစ် သာရအားဖြင့် ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်မှာ အနိုင်ရတဲ့ အမတ်တွေ၊ ပါတီတွေ အချင်းချင်းပြန် လည်ပြီးတော့မှ စုစုစည်းစည်းနဲ့ စုပေါင်းအားနဲ့ ချီတက်သွားကြရမှာဖြစ်တယ်။ ချုပ်ပြီးတော့ တင်ပြလိုတာက ECA အတိုင်းမဆောင်ရွက်နိုင်ဘူးဆိုလို့ရှိရင် ချင်းမဲတွေ ပြားသွားမှာ ဖြစ်ပါတယ်။ ချင်းမဲတွေ ပြားသွားရင် ချင်းပြည်နယ်အစိုးရ၊ လွှတ်တော်မှာ ချင်းနိုင်ငံရေးပါတီတွေ အသာစီးရဖို့ ကိစ္စသည် အင်မတန်မှ အခက်အခဲရှိပါတယ်ဆိုတာကို ဖော်ပြချင်ပါတယ်။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...