လွတ်လပ်သော တရားစီရင်ရေးစနစ် ထူထောင်ဖို့လိုသည်

လွတ်လပ်သော တရားစီရင်ရေးစနစ် ထူထောင်ဖို့လိုသည်
by -
င်ငံတကာ မြန်မာသတင်း (BNI)
ခေတ်စနစ် နှင့် ကိုက်ညီမှုမရှိတော့သည့် ၁၉၇၅ ခုနှစ်က ပြဌာန်းခဲ့သော “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေး အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” အား ပြန်လည် ရုပ်သိမ်းရန် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ မေလ ၉ ရက်နေက့ တင်သွင်းအတည်ပြုလိုက်ပြီဖြစ်သည်။ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်မှု မရှိသူ ထောင်ပေါင်းများစွာကို အပြစ်မရှိ အပြစ်ရှာ၍ ဖမ်းဆီးထောင်ချရာတွင် အသုံးပြုခဲ့သည့် အာဏာရှင်လက်စွဲ ဥပဒေဖြစ်သဖြင့် မင်္ဂလာရှိသော သတင်းဖြစ်ပေသည်။ အဆိုပါ ၁၉၇၅ ဥပဒေကို ပြန်လည်ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ကန့်ကွက်မည့်သူ မရှိသောကြောင့် ပယ်ဖျက်ရန် အတည်ပြုကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က တိုင်းသိပြည်သိ ကြေညာခဲ့သည်။

"နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်က သဘောမတူတဲ့သူ မရှိတဲ့အတွက် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြု ကြောင်းနဲ့ ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်" ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌက အတည်ပြု ပြောကြားခဲ့သည်။

“၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက််ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” သည် ခေတ်စနစ်နှင့် ကိုက်ညီမှု မရှိတော့၍ ဖျက်သိမ်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က မီဒီယာများသို့ ပြောကြားခဲ့သည်။ ၎င်း ဥပဒေသည် ၁၉၇၅ ခုနှစ် တစ်ပါတီ အာဏာရှင်စနစ် လက်ထက်က ပြဌာန်းထားသော ဥပဒေဖြစ်သည်။ ယင်း ဥပဒေဖြင့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးဝင်းတင်၊ ဦးကြည်မောင်၊ ဦးခင်မောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်ဦး၊ တို့အပါအဝင် နိုင်ငံရေးသမား ထောင်ပေါင်းများစွာကို ဖမ်းဆီးထောင်ချခဲ့သော  ဥပဒေဖြစ်သည်။ ထို့ကြောင့် ၎င်း ဥပဒေကိုဖျက်သိမ်းခြင်းသည် ဒီမိုကရေစီဆန့်ကျင်ရေးအမြင်ရှိသူ အာဏာရှင်တို့အား ကာကွယ်သည့် ယန္တရားတစ်ခုကို ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။  

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရှိချိန်တွင် အတော်အတန် ကောင်းမွန်သည့် ဥပဒေပုံစံကို ဗြိတိသျှတို့က အမွေချန်ထားရစ်ခဲ့ကြောင်း ဥပဒေလေ့လာသူတို့ကဆိုသည်။ သို့သော် ၁၉၄၈ - ၁၉၅၈ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံကို အခက်တွေ့စေသည့် အကျပ်အတည်းပေါင်းများစွာလည်း ဗြိတိသျှတို့က ချန်ထားခဲ့သည်။ ၎င်း အကျပ်အတည်းများ အနက် တရားစီရင်ရေးစနစ်နှင့် တရားရုံးများလည်း အခြား အစိုးရဌာနများနည်းတူ နာမည်ဂုဏ်သတင်း ပျက်စီး ကျဆင်းခဲ့ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့့် မြန်မာနိုင်ငံ၏ ဒုတိယ အာဏာသိမ်းပွဲ အပြီး၊ စစ်အစိုးရအာဏာပိုင်များသည် တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုများနှင့် အရည်အချင်းညံ့ဖျင်းမှုများကို စတင်ကိုင်တွယ်ဖြေရှင်းခဲ့သည်။ တရားသူကြီးများ၏ အစဉ်အလာလုပ်ပိုင်ခွင့် အများပြားကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

စစ်အစိုးရ အုပ်ချုပ်ရေးအာဏာပိုင်များသည် အစီအစဉ်ရှိရှိ တစ်ဆင့်ပြီးတစ်ဆင့် တရားစီရင်ရေးကဏ္ဍကို လက်ဝါးကြီးအုပ် ချယ်လှယ်ခဲ့ကြသည်။ ပထမဆုံး အဆင့် အမြင့်ဆုံး တရားရုံးချုပ် တရားရုံးများနှင့် တရားရေးဝန်ထမ်းများကို ပြန်လည် ပြုပြင်ဖွဲ့စည်းခဲ့ကြသည်။ ဒုတိယ စစ်တပ်က စီမံအုပ်ချုပ်သည့် တရားစီရင်ရေးစနစ်တခု ဖန်တီးပြီး  အထူး စစ်တရား ခုံရုံးများကို ထူထောင်ခဲ့သည်။ ထို စစ်တရားခုံရုံးများက တဖြည်း ဖြည်း အရပ်ဖက် တရားရုံးများ၏ အရေးပါမှုကို  လွှမ်းမိုး ချုပ်ကိုင်ခဲ့သည်။ တတိယ တရားစီရင်ရေးအပိုင်းက ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို အုပ်ချုပ်ရေး အာဏာပိုင်များအား လွှဲပေးခဲ့ကြောင်း ဥပဒေသုတေသီများ၏ လေ့လာချက်များတွင် ဖေါ်ပြခဲ့သည်။ စတုတ္ထ နောက်ဆုံး အယူခံ အဆုံးအဖြတ်အာဏာများကို တပါတီစနစ် ဥပဒေပြုလွှတ်တော် အား ပေးအပ်ခဲ့သည်။ သို့ဖြင့် တပါတီ ဥပဒေပြု လွှတ်တော်သည် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ လက်အောက်ခံဖြစ်ခဲ့ကြောင်း မှတ်တမ်းများအရ သိနိုင်သည်။

၎င်း လုပ်ထုံးလုပ်နည်းများကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖွဲ့စည်းထိန်းချုပ် ပြဋ္ဌာန်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအရ နေ့စဉ်ဖြစ်ပွားသော အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ကို “ပြည်သူ့တရားရုံးများ” သို့ လွှဲအပ်ခဲ့သည်။ ၎င်း တရားရုံးများသည် အဓိကအားဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းဉ်ပါတီကို သစ္စ္စာခံကြရသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဥပဒေကျွမ်းကျင်သူများ ပါ၀င်သည့် တရားစီရင်ရေးစနစ်ကို ‘နဝတ အစိုးရ’ က ပြန်လည် အသက်သွင်းခဲ့သော်လည်း၊ တရားသူကြီးများက ခုံသမာဓိ လူကြီးများသဖွယ် ပြုကျင့်ရမည့်အစား၊ အုပ်ချုပ်ရေး အာဏာပိုင်များသဖွယ် ပြုကျင့်ရန် အကျင့်ပါနေခဲ့ကြသည်ဟု လေ့လာသူတို့က သုံးသပ်ခဲ့ကြသည်။ ဥပဒေ အကျိုးအကြောင်းနှင့် ယခင် စီရင်ထုံးများအပေါ်မူတည် စဉ်းစားရမည့်အစား၊ အစိုးရမူဝါဒကို အခြေခံ၍ စီရင်ချက်များ ချမှတ်ခဲ့ကြသည်။ အဆိုးဆုံးက နိုင်ငံရေးပြစ်မှုများကို အနည်းထောင်ဒဏ် ရ နှစ်ကနေ ၂၀ နှစ်အထိ အထက်အုပ်ချုပ်ရေး အာဏာပိုင် က ပေးပို့လာသော ချိတ်ပိတ်စာအိပ်မှ စီရင်ချက်အတိုင်း တရားသူကြီးများက စီရင်ချက်ချခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင်် အထက်အာဏာပိုင် ခိုင်းသည့်အတိုင်း လိုက်နာသော တရားသူကြီးများအား တရားဝင် လာဘ်စားခွင့်ပေးထားခဲ့ သည်။  သို့ဖြင့် ရှေ့နေများက အမှုပွဲစားအဆင့် လျောကျခဲ့သည်။ တရားရုံးစာရေးများက ရားသူကြီးဖက်က အမှုပွဲစားများ ဖြစ်ခဲ့သည်။ ထို့ကြောင့် မြန်မာ့တရားစီရင်ရေးစနစ်သည် ငွေများတရားနိုင်ဖြစ်ခဲ့သည်။ အာဏာရှိသူအားလာဘ်ပေးခြင်းဖြင့် တရားနိုင်ခဲ့ကြသည်။ ၎င်း အစဉ်အလာ နောက်ထပ် ဆယ်စုနှစ် ၂ ခုကြာသည် အထိ မပြောင်းမလဲ ရှိနေခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ပြည်သူလူထုသည် တရားစီရင်ရေးစနစ်အပေါ် အခုထက်တိုင် အယုံအကြည်ကင်းမဲ့နေခဲ့ကြသည်။

မကြာသေးမီ ဧပြီလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၀န််ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ဥပဒေ စိုးမိုးမှုရှိရေးအတွက် နည်းလမ်းရှာကြံ ဆောင်ရွက်နိုင်ရန် ဥပဒေပညာရှင် ၁၃ ဦးနှင့်  ရန်ကုန််တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌  တွေ့ဆုံခဲ့ကြောင်းသိရသည်။ ၎င်းအပြင် တရားရုံးများ၏ တရားစီရင်ပုံများကိုလည်း စောင့်ကြည့်ရေးကိစ္စ ဆွေးနွေးခဲ့ကြသည်။ တရားဥပဒေ စိုးမိုးရေးကောင်းမွန်တိုးတက်လာရေးအတွက် ယခုကဲ့သို့သော ဆွေးနွေးပွဲများ မကြာခဏ လုပ်ဆောင်သွားမည်ဟုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆိုထားသည်။ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင်က မင်းမဲ့စရိုက် ရာဇဝတ်မှုများကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမည် ဖြစ်ကြောင်းလည်း ပြောသည်။ တရားစီရင်ရေးစနစ်အား ပြည်သူလူထု ယုံကြည်လက်ခံလာအောင် တရားရုံးများ စောင့်ကြည့်ရေး လုပ်ငန်းစဉ်အတွက် အကြံဉာဏ်ပေးရန်လည်း ၀န်ကြီးချုပ်က တောင်းခံခဲ့သည်။ တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက်် နောက်ထပ်ဆွေးနွေးပွဲများလည်း ဆက်လက် လုပ်ပေးမည်ဟု ဦးဖြိုးမင်းသိန်းက ကတိပေးခဲ့သည်။

ခြုံငုံသုံးသပ်ရလျှင် လက်ရှိ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်သည် လာဘ်ပေးလာဘ်ယူ အကျင့်စရိုက်အဟောင်းများ သြဇာအောက်မှ ရုန်းထွက်ရန် ခြေလှမ်းစတင်နေပြီဟု ဆိုနိုင်သည်။ တရားဥပဒေ စိုးမိုးရေးကို ကာကွယ်ထိန်းသိမ်းရာတွင် တရားရုံးများအနေဖြင့် အစိုးရ၏ ပါ၀င်စွက်ဖက်မှု ရှိမရှိ၊  သီးခြား ဂိုဏ်းဂဏ လူပုဂ္ဂိုလ်များ၏ ဖိအားပေး ချုပ်ကိုင် ချယ်လှယ်မှု ရှိ မရှိ၊ ဂရုတစိုက် စုံစမ်းစစ်ဆေး ကြရမည်ဖြစ်သည်။ ညှင်းပမ်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် အုပ်စုဖွဲ့ အနိုင်ကျင့်မှုများကဲ့သို့ မတရားပြုမှုမျိုး ဖြစ်ပါက ဥပဒေနှင့် အညီ ပြစ်ဒဏ်ချမှတ်ရန်လိုသည်။ တရားစီရင်ရေး မဏ္ဍိုင်သည် အုပ်ချုပ်ရေးအာဏာပိုင်များကို ကြောက်စရာမလိုဘဲ၊ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ရှိကြောင်း ယုံကြည်မှု ရှိစေရန် အစိုးရသစ်က တာဝန်ခံရမည်ဖြစ်သည်။ ထို့ပြင် အစိုးရသစ် က တရားသူကြီးများ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ကျင့်သုံးရေးအတွက် ယုံကြည်မှုရှိစေရန်  နည်းမျိုးစုံဖြင့် အားပေးတိုက်တွန်းရန်လည်း လိုသည်။ လွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင် (Judicial independence) တစ်ခု ထူထောင် မပေးနိုင်သရွေ့ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုး နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အစိုးရသစ်အနေဖြင့် လွတ်လပ်သော တရားစီရင်ရေး မဏ္ဍိုင် တစ်ရပ်ထူထောင်ပေးရေးကို သမိုင်းပေးတာဝန်အဖြစ် အားထုတ်ဆောင်ရွက်ပါရန် အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...