ပညာရေး ၂၀၃၀ လို့ဆိုရာမှာ အဓိကအားဖြင့်တော့ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေးပန်းတိုင်များ (Sustainable Develop-ment Goals) ထဲက target 4.7 ကတော့ သက္ကရာဇ် ၂၀၃၀ မှာ ပညာသင်ယူသူတိုင်းဟာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးကို အထောက်အကူပြုမယ့် နေထိုင်မှုစနစ်၊ လူ့အခွင့်အရေး၊ ကျား/မတန်းတူရေး၊ ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက်သည့် ယဉ်ကျေးမှု၊ မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် ၎င်းတို့၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးအတွက် အကျိုးသက်ရောက်မှုများကိုပါ နားလည်တတ်မြောက်ထားရမယ်လို့ ဆိုပါတယ်။ SDG 4.7 ရဲ့ရည်ရွယ်ချက်ကတော့ အရမ်းကိုကောင်းပါတယ်။ တော်တော်လေးလည်း ပြည့်စုံပါတယ်။ တိုင်းပြည်အတော်များများရဲ့အခြေအနေနဲ့ ကိုက်ညီအောင်လည်း ပြောရတာဖြစ်တဲ့အတွက်ကြောင့်မို့ အတိုင်းအတာတစ်ခုအထိ ယေဘုယျဆန်တယ်လို့့လည်း ဆိုနိုင်ပါတယ်။
ဒီနေရာမှာ ယေဘူယျဆန်ပြီး ကျယ်ပြန့်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ဖော်ညွှန်းပေးနိုင်တဲ့ စကားလုံးတွေကြောင့် နိုင်ငံတစ်ခုနဲ့ တစ်ခု SDG target 4.7 ကို နားလည်တဲ့နေရာမှာ မတူညီမှုတွေ ရှိလာပါတယ်။ တချို့ကလည်း မိမိတို့တိုင်းပြည်ရဲ့အခြေအနေနဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ပညာရေးကဏ္ဍမှာ ဦးစားပေးစရာတွေ အများကြီးရှိတဲ့အထဲကမှ ဒီလိုကျယ်ပြန့်တဲ့ SDG target 4.7 ကို စဉ်းစားရတာဖြစ်တဲ့အတွက် ရှိသင့်ရှိထိုက်တဲ့ အလေးထားမှုကို မပေးနိုင်သေးတာကိုလည်း တွေ့ရပါတယ်။ အချို့သော အစိုးရ ကိုယ်စားလှယ်များကတော့ ဒီအပေါ်မှာ တာဝန်ကျေသဘောလောက်သာ စဉ်းစားတာကိုတွေ့ရပါတယ်။ ကိုယ်လိုရာဖက်ကိုပဲချဲ့ကားစဉ်းစားပြီး ဒီ SDG target 4.7 ရဲ့လက်တွေ့အကျံုးဝင်မှုကို မိမိတိုင်းပြည်အခြေအနေနဲ့ ဆက်စပ်မှုများအား အပေါ်ယံ သဘောလောက်သာ ပါဝင်ဆွေးနွေးကြတာလည်း ရှိပါတယ်။
ဒီနေရာမှာတော့ ကျနော့်အနေနဲ့ အချက်နှစ်ချက်ကို ဆွေးနွေးချင်ပါတယ်။
ပထမအချက်ကတော့ SDG target 4.7 မှာပါတဲ့ ဝေါဟာရနဲ့ သဘောတရားတွေကို အဓိပ္ပါယ်ဖွင့်ဆိုဖို့အတွက် ကျနော်တို့တိုင်း ပြည်မှာရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ လက်တွေ့အခြေအနေနဲ့ ဘယ်လိုဆက်စပ်မှုတွေ ရှိနေလဲဆိုတာကို အရင်ကြည့်ဖို့လိုပါမယ်။ ဒီလူ့ အဖွဲ့အစည်းတစ်ခုအတွင်းမှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုရေး ဆိုတဲ့စကားလုံးတွေ သဘောတရားတွေကို ဘယ်လိုနိုင်ငံရေးအခြေအနေတွေနဲ့ ဆက်စပ်တွေးခေါ်နေရသလဲ ဆိုတဲ့အပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေလည်း အများကြီး ကွာဟနိုင်ပါ တယ်။
ဥပမာ -- ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာဘာသာ မတူတဲ့လူမျိုးစုတွေ အများအပြား စုပေါင်းနေထိုင်ရာတိုင်းပြည်မှာ မျိုးချစ်စိတ်ဆို တာထက် နိုင်ငံချစ်စိတ်ကို ပြုစုပျိုးထောင်ပေးနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်၊ လူမျိုးတစ်မျိုးဖြစ်ခြင်းကလည်း သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကဲ့သို့သော တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာနိုင်ငံမှာ လူမျိုးရေးပဋိ ပက္ခများကို ဖြေလျှော့လိုတယ်ဆိုရင်တော့ လူမျိုးဖြစ်ခြင်းဆိုတာကိုပဲ အလွန်အကျွံ ရှေ့တန်းတင်တာမျိုးမလုပ်သင့်ဘဲ နိုင်ငံသား ဖြစ်ခြင်းဆိုတာကို တန်ဖိုးထားတာမျိုး စနစ်တကျ ပြုစုပျိုးထောင်သင့်ပါတယ်။
ဒီနေရာမှာ ကမ္ဘာ့နိုင်ငံသားဖြစ်ခြင်း (Global Citizenship) ဆိုတဲ့အသိစိတ်ကို လက်ခံနိုင်ဖို့ဆိုရင် မိမိတိုင်းပြည်အတွင်းမှာ နိုင်ငံ သားဖြစ်ခြင်းဆိုတာကို ပိုပြီးတော့ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖိုု့ကလည်း အခြေခံကျပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခြင်းကို သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ သတ်မှတ်ခွင့်ပြုထားနိုင်မှသာ ကမ္ဘာ့နိုင်ငံသားဖြစ်ခြင်းဆိုတာကို အဓိပ္ပါယ်ရှိရှိ ခံစားပါဝင်နိုင်မှာဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်ဟာဆိုရင် ပညာရေးကဏ္ဍ ကြီးတစ်ခုလုံးနဲ့ ဆက်စပ်နေတယ်ဆိုတဲ့အချက်ပါပဲ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် အခြေခံ အုတ်မြစ်ကို ဒီကနေ့ စာသင်ခန်းတွေမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသူကျောင်းသားများကနေတဆင့် စတင်တည်ဆောက် ပေးရမှာ ဖြစ်ပါတယ်။
ပဋိပက္ခများချုပ်ငြိမ်းရေး၊ စစ်ပွဲများရပ်တန့်ရေး၊ အမုန်းတရားများ ပပျောက်ရေး အစရှိတဲ့ မရှိခြင်းပေါ်မှာ အခြေခံတဲ့ ငြိမ်းချမ်းရေး (negative peace) ကို တည်ဆောက်ဖို့လုပ်နေစဉ် တစ်ချိန်ထဲမှာ မတူကွဲပြားခြားနားမှုကို အသိအမှတ်ပြု တန်ဖိုးထားရမှာတွေ၊ အခြေခံလူ့အခွင့်အရေးကို အသိအမှတ်ပြု လိုက်နာရမှာတွေ၊ လွတ်လပ်မှုနဲ့ တရားမျှတမှု အစရှိတာတွေကို လက်တွေ့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ တန်ဖိုးထား ကာကွယ်သွားဖို့ဆိုတာတွေကတော့ မဖြစ်မနေ ဝိုင်းဝန်းလုပ်ဆောင်သွားရမယ့် ငြိမ်းချမ်းရေး (positive peace) လုပ်ငန်းစဉ်မျိုး ဖြစ်ပါတယ်။
ဒီနေရာမှာတော့ ပညာရေးကဏ္ဍတစ်ခုလုံးရဲ့ အရေးပါမှုကို သတိချပ်မိဖို့လိုပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သက်ရောက် မှုရှိဖို့၊ စနစ်တကျ ပြုစုပျိုးထောင်နိုင်ဖို့အတွက်ဆိုရင် ကဏ္ဍတစ်ခုလုံးကို လွှမ်းခြံုတဲ့ မူဝါဒပိုင်းဆိုင်ရာ အခြေခံ (policy founda-tion) ကို ပထမဦးဆုံးအနေနဲ့ တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ဥပမာ -- ပညာရေးကဏ္ဍတစ်ခုလုံးအတွက် ငြိမ်းချမ်းရေးနဲ့ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒ (Education Sector Policy on Peace and Sustainable Development)လိုမျိုးကို ဆိုလို တာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီလိုကျယ်ပြန့်ပြီး ကျနော်တို့နိုင်ငံရဲ့မျိုးဆက်ပေါင်းများစွာအပေါ်မှာ သက်ရောက်မှုရှိမယ့် ကိစ္စမျိုးတွေကို တော့ နိုင်ငံတော်ရဲ့ နှစ်ရှည် ပညာရေးမဟာဗျူဟာစီမံကိန်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားမယ်ဆိုရင် ပိုပြီး အကျိုးရှိနို်င်ပါတယ်။ ဒါကတော့ သင်ရိုးညွှန်းတမ်း ပြုစုပြဋ္ဌာန်းရာမှာဖြစ်စေ၊ ဆရာဖြစ်သင်တန်းများ ပေးတဲ့အခါမှာဖြစ်စေ၊ စာသင်ခန်းများထဲမှာ သင်ကြားရေးအပိုင်းကနေဖြစ်စေ တစ်ပါတည်း ထည့်သွင်း အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ အထိရောက်ဆုံးဖြစ်မှာပါ။
ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်တွေကို ဘာသာရပ်တစ်ခုစီအနေနဲ့ လေ့လာစေတာမျိုး သင်ကြား ပေးတာမျိုးနဲ့စာရင် ပညာရေးကဏ္ဍတစ်ခုလုံးကို လွှမ်းခြံုစဉ်းစားတာက ပိုပြီး ထိရောက်မှုရှိမယ်လို့ ယူဆရပါတယ်။ ဒီအပေါ်မှာ ပညာရှင်များရဲ့လေ့လာတွေ့ရှိမှုများလည်း ရှိနှင့်ပြီးဖြစ်ပါတယ်။
နောင်မျိုးဆက်များစွာအတွက် မျှော်ကိုးပြီး တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရင်း အထက်ဖေါ်ပြပါ အခြေခံမူဝါဒပိုင်းဆိုင် ရာ အုတ်မြစ်တွေကို စနစ်တကျ တည်ဆောက်နိုင်မှသာ ကျနော်တို့နိုင်ငံဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
***စောမျိုးမင်းသူသည် ရန်ကုန်အခြေစိုက် သပြေပညာရေးဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာတစ်ဦး ဖြစ်သည်။