ယခုမူကား ရဲရဲတင်းတင်း၊ အကြောက်တရားကင်းစွာဖြင့် ပြောဆိုဆွေးနွေး ဝေဖန်သုံးသပ်လာနေကြပေပြီ။ သို့ရာတွင် ဖက်ဒရယ် ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ် အတိအကျ အပြည့်အစုံကို မိမိတို့ သဘောပေါက်ကြပါ၏လော…။ “ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ကြမည်” ဟူ၍ ဘုမသိဘမသိ အနက်မရှိဘဲ ရမ်းသမ်းပြောဆို တည်ဆောက်၍မရနိုင်ပေ။ ဖက်ဒရယ်၏ တန်ဖိုးကို စေ့စပ်သေချာနက်နဲစွာ နားလည်သဘောပေါက်ရန် လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။
စင်စစ် “ဖက်ဒရယ်” ဟူသောစကားသည် “ဒီမိုကရေစီ” ဟူသောစကားကဲ့သို့ပင် ဂရိဘာသာမှ ဆင်းသက်လာသည်ဟု လေ့လာ သိရှိရပါသည်။ အသံထွက်အတိုင်း အင်္ဂလိပ်စာလုံးပေါင်းဖြင့် အဓိပ္ပါယ်ဖော်ထုတ်ကြရာ၌ Federal, Federated, Federation, Federalism ဟူ၍ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင် ရေးသားထားသည်မှာ အစုအစည်း၊ စုစည်းခြင်း၊ အစုအဖွဲ့ဟု ညွှန်းဆိုပါ သည်။ Russia Federation (ရုရှားအဖွဲ့အစည်းများ၊ ယခင်က ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံများကို ဆိုလိုသည်)။ Federation States of America (အမေရိကန်၏ ပြည်နယ်အစုအစည်း၊ အစုအဖွဲ့များ) ….စသည်ဖြင့် အဓိပ္ပါယ် ကောက်ယူရ မည် ဖြစ်ပေသည်။ ထို့ကြောင့် ဦးနေဝင်း ကြွေးကြော်ခြောက်လှန့်ခဲ့သကဲ့သို့ ခွဲထွက်ခြင်းဆိုသည့်သဘော လုံးဝ မပါရှိကြောင်း နားလည်ထားအပ်ပေသည်။
အမှန်မှာ ဖက်ဒရယ်စနစ်၏ အရေးကြီးဆုံး အခြေခံမူကြီး (Principles of Federalism) (၈)ရပ် ရှိပါသည်။
(၁) ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိပြီး နိုင်ငံရေးအာဏာ ညီတူညီမျှ အပ်နှင်းခြင်းခံရသည့် ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော ပြည် ထောင်စုနိုင်ငံဖြစ်ခြင်း။
(၂) ပြည်နယ်များကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ အာဏာများ အပြည့်အဝ အပ်နှင်းရမည့်အပြင် ပြည်နယ် လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်တို့ကို လွတ်လပ်စွာ ထူထောင်ခွင့်ပေးခြင်း။
(၃) ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို မဆန့်ကျင်သော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လပ်စွာ ရေးဆွဲခွင့်ပြု ခြင်း။
(၄) ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ (Self-ruled) နှင့် ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်ခွင့် (Shared-ruled) တို့ရှိပြီး အာဏာများကို ခွဲဝေကျင့်သုံးမှု (Division of Powers) ရှိခြင်း။
(၅) ပြည်ထောင်စုတွင် အမျိုးသား(ဝါ) တိုင်းရင်းသားလွှတ်တော်(အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ် တော်)ကို ထားရှိခြင်း၊ အမျိုးသားလွှတ်တော်သိ့ု ပြည်နယ်များက တူညီသော လွှတ်တော်ကိုယ်စားလှယ်ဦးရေကို ရွေးချယ်စေ လွှတ်ခြင်း။
(၆) နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များကို ပြည်ထောင်စုသို့ အပ်နှင်းပြီး၊ ကြွင်းကျန်အာဏာများ (Residual Powers) ကို ပြည်နယ်များသို့အပ်နှင်းရခြင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်များ စုပေါင်း၍ ကျင့်သုံးရမည့် ပူးတွဲအာဏာ (ဝါ) ထပ်တူအာဏာ(Concurrent Powers) များကိုလည်း လိုအပ်သလိုထားရှိခြင်း။
(၇) နိုင်ငံတော်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရဟူ၍ အစိုးရနှစ်ရပ်ထားရှိခြင်း။
(၈) အပိုဒ်-၇ ပါ အစိုးရနှစ်ရပ်အပြင် ဒေသန္တရ အစိုးရများကိုလည်း ဖွဲ့စည်းထူထောင်ပြီး သင့်လျှော်သည့် လုပ်ပိုင်ခွင့်အာဏာ (အထူးသဖြင့် အခွန်ကောက်ခံခွင့်အာဏာ )တို့ကို ပေးအပ်ရခြင်း။
ဖော်ပြပါ ဖက်ဒရယ်စနစ်၏ အခြေခံမူ(၈)ရပ်အပေါ် မိမိတို့၏ နိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယသမ္မတနိုင်ငံ(Republic of India) တို့၏ ကျင့်သုံးပုံ ကျင့်သုံးနည်းများကို ယှဉ်တွဲလေ့လာရန် လိုအပ်ပေသည်။ တပ်မတော်က ၂၀၀၈ခု အခြေခံဥပဒေသည် ဖက်ဒရယ်စ နစ် ပါဝင်ပြီးသားဟူ၍ ပြောဆိုနေကြောင်း ကြားသိရသည်။ ကမ္ဘာ့ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကြီးများဖြစ်သော အမေရိကန်ပြည် ထောင်စု၊ ကနေဒါနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ချွတ်စွပ် မတူညီနိုင်ကြောင်းကို အိန္ဒိယအာဏာပိုင်များက မိမိနိုင်ငံ၏ ဖက်ဒရယ် မူအပေါ် ရပ်တည်ချက်ကို ဝန်ခံပြီးသားဖြစ်ပါသည်။
၁။ အိန္ဒိယနိုင်ငံသည် ၁၉၄၇ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ခုနှစ်၌ အတည်ပြု ပြဌာန်းလိုက်သော ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကနဦးတွင် ပြည်နယ်(၁၄) ပြည်နယ်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပြည်နယ်(၂၉)ခုရှိလာပါသည်။ နယ်မြေအကျယ်အဝန်းကို အခြေခံဖွဲ့စည်းသည်က အနည်းအကျဉ်းရှိပြီး အိန္ဒိယနိုင်ငံသားတို့၏ ပြောဆိုသော ဘာသာစကား ကွဲ ပြားမှုအပေါ် ပြည်နယ်များကို ဖွဲ့စည်းထားသည်က များပေသည်။ (၂၉)ပြည်နယ်အနက် (၆)ပြည်နယ်သည် သမ္မတမှ တိုက်ရိုက် အုပ်ချုပ်သော ပြည်နယ်များ ဖြစ်သည်။
၁၉၄၈ခု မြန်မာ့လွတ်လပ်ရေးရရှိသောအခါ မြန်မာပြည်မနှင့် ကချင်၊ ရှမ်း၊ ကယားပြည်နယ်များနှင့် ချင်း ဝိသေသတိုင်းတို့ ရှိခဲ့ပါ သည်။ ၎င်းနောက် ၁၉၅၂-၁၉၅၄ တွင် ကရင်ပြည်နယ်ကို ပေးအပ်ခဲ့ပါသည်။ ရခိုင် ကမ်းမြောင်ဒေသကို ရခိုင်တိုင်းဟု သတ်မှတ် ပေးထားကြောင်း သိရပါသည်။ ၁၉၇၄ ခု၊ လမ်းစဉ်ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်း (၇)တိုင်းနှင့် ပြည်နယ် (၇)ပြည် နယ် ဖြစ်လာပါသည်။ တဖန် ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်(၇)ပြည်နယ်၊ တိုင်း(၇)တိုင်းနှင့် နေပြည်တော်ကောင်စီဟူ၍ အစုအဖွဲ့၊ အစိတ်အပိုင်းပေါင်း (၁၅)ခု ဖြစ်လာပါသည်။
မိမိတို့တိုင်းရင်းသားများလိုလားချက်အရဆိုလျှင် နိုင်ငံတော်တွင် ပြည်နယ်များချည်းသာ ထားရှိစေလိုပါသည်။ လူမျိုးကိုအခြေခံသော ပြည်နယ်များဖြင့် တည်ဆောက်စေလိုပြီး ဗမာကိုလည်း ပြည်နယ် တစ်ခုသတ်မှတ်ပေးစေလိုပါသည်။ လက်ရှိ အခြေအနေအရ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ စစ်ကိုင်းတို့ကဲ့သို့ တိုင်းရင်းသား မျိုးစုံနေထိုင်သော တိုင်းများကို အမျိုးသားများပြည်နယ်များအဖြစ် သတ်မှတ်ပေးမည်ဆိုပါက ဤနိုင်ငံတွင် လူမျိုးကိုအခြေခံသော ပြည်နယ်(၁၃)ပြည်နယ်နှင့် နေပြည်တော်ကောင်စီဟူ၍ (၁၄)ပြည်နယ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုပါသည်။
အိန္ဒိယနိုင်ငံ မစ်ဇိုရမ်ပြည်နယ်ကဲ့သို့ ကိုယ်ပိုင်စာသင်ကျောင်း၊ ကိုယ်ပိုင်တက္ကသိုလ်၊ ကိုယ်ပိုင်ဆေးရုံ၊ အဆုံးစွန် ကိုယ်ပိုင်စစ် တပ်၊ ကိုယ်ပိုင်ရဲ ထားရှိလိုပါသည်။ ဤသို့ဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်စနစ်၏ နံပါတ် (၁) အခြေခံမူနှင့် ကိုက်ညီ မည် ဖြစ်သည်။
၂။ မိမိနိုင်ငံတွင်ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်တို့ကို အခြေခံဥပဒေအရ ဖွဲ့စည်းပေးထားသော် လည်း ပြည်နယ်၏ အခြေခံဥပဒေရေးဆွဲခွင့့် ပီပြင်မှုမရှိသေးပါ။ ပြည်နယ်ရှိ ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးကို ပြည်နယ်အစိုးရ က ပိုင်ပိုင်နိုင်နိုင် အရေးယူကိုင်တွယ်ခြင်း မပြုနိုင်ဘဲ ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲနေခြင်းသည်လည်းကောင်း၊ ပြည်နယ် အစိုးရ၏ ဝန်ကြီးချုပ်ကို သမ္မတမှ ခန့်ထားနိုင်ခြင်းသည်လည်းကောင်း၊ ကိုယ်ပိုင်ပြဌာန်းစီမံဆောင်ရွက်ခွင့် အပြည့်အဝမရသေး ခြင်းပင် ဖြစ်သည်။
၃။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ လွတ်လပ်စွာရေးဆွဲခွင့်ကို အလျင်အမြန် ဆောင်ရွက်သင့်ပါသည်။ ပြည်ထောင်စု၏ အခြေခံ ဥပဒေကို ဆန့်ကျင်ရန်အကြောင်းမရှိသောကြောင့် ဖြစ်သည်။
၄။ အိန္ဒိယနိုင်ငံတွင် ပြည်ထောင်စုအစိုးရမှ ကျင့်သုံးခွင့်ရှိသော အာဏာ (၉၇)ရပ်၊ ပြည်နယ်များမှ ကျင့်သုံးခွင့်ရှိသော အာဏာ (၆၆)ရပ်နှင့် ပူးတွဲအာဏာကျင့်သုံးခွင့် (၄၇)ရပ်ရှိကြောင်း လေ့လာသိရှိ်ရပါသည်။ ၂၀၀၈ အခြေခံဥပဒေ၏ နောက်ဆက်တွဲ ဇယား (၁)တွင် ပြည်ထောင်စုအစိုးရ၏ ဥပဒေအာဏာကျင့်သုံးခွင့် ပုဒ်မ (၁၂၃)ခုနှင့် ပြည်နယ်အစိုးရ၏ ဥပဒေအရ အာဏာ ကျင့်သုံးခွင့်ပုဒ်မ (၄၁)ရပ်ရှိပြီး ၃:၁ ဖြစ်၍ ပြည်ထောင်စုမှ ပိုယူထားသည့်အပြင် ပူးတွဲကျင့်သုံးရမည့်အာဏာလည်း ပြဌာန်းထား ခြင်းမရှိကြောင်း တွေ့ရပါသည်။ ကြွင်းကျန် အာဏာဟူသမျှကိုလည်း ပြည်ထောင်စုမှ ယူထားခြင်းကြောင့် အာဏာခွဲဝေကျင့်သုံး မှု မမျှမတ လွန်စွာ ဖြစ်နေကြောင်း တွေ့ရပါသည်။
၅။ မိမိတို့နိုင်ငံတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဟု ဖွဲ့စည်းထားပါသည်။ အစိုးရနှစ်ရပ်လည်းရှိပြီး ရပ်/ကျေး၊ မြို့ နယ်၊ ခရိုင် စသည့်ဒေသန္တရအုပ်ချုပ်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နယ်မြေများကိုလည်း ထူထောင်ထားကြောင်း တွေ့ရပါ သည်။
သို့ရာတွင် လွှတ်တော်အဆင့်ဆင့်၌ တပ်မတော်သား (၂၅) ရာခိုင်နှုန်းသည် ရွေးကောက်ပွဲဝင်ရန်မလိုဘဲ လွှတ်တော်ထဲသို့ အလိုအလျောက် ရောက်ရှိနေခြင်း၊ ဥပဒေပြုရေးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ ဆန္ဒမမျှလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေက များသဖြင့် ၎င်းတို့က အစဉ်အမြဲ အနိုင်ရနေမည်ဖြစ်ခြင်း စသည်တို့မှာ မလိုလားအပ် သည့် ကိစ္စရပ်များပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅၀ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့ပါသည်။ ၎င်းတို့၏ အခြေခံဥပဒေ စာအုပ်ကြီးကို လွှတ်တော်ရုံးတွင် တခမ်းတနားကြီးကျယ်စွာ လုံခြုံမှုအပြည့်ဖြင့် သိမ်းဆည်းထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်ုးအ တည်ပြုခဲ့သည့် ၁၉၅၀ခုနှစ်မှ ယနေ့အချိန်ထိ အကြိမ်ပေါင်း (၁၀၁)ကြိမ် ပြင်ဆင်ခဲ့ပြီ်းကြောင်း သိရှိရပါသည်။ ၎င်းတို့၏ အခြေခံ ဥပဒေကို လုံးလုံးလျားလျား ဖျက်သိမ်းပစ်ခြင်း တကြိမ်မျှ မရှိခဲ့ပါ။
မိမိတို့နိုင်ငံတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လွှတ်တော်ခေါ်တိုင်း ကျင်းပမြဲဖြစ်သည်။ လွှတ်တော်နှစ်ရပ် သဘောဆန္ဒမမျှပါက ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၌မူ ၁၉၅၀ခု လွှတ်တော် ပေါ်ပေါက်လာသည်မှ ယနေ့အချိန်ထိ ဖော်ပြခဲ့သော လွှတ်တော်ပူးပေါင်းအ စည်းအဝေး (ပြည်ထောင်စုလွှတ်တော်) (၃)ကြိမ်သာ ခေါ်ယူရကြောင်း သိရပါသည်။ သဘောဆန္ဒ မမျှတမှုများကို အတတ်နိုင် ဆုံး အချိန်ယူဖြေရှင်းလျှက်ရှိကြောင်း သိရှိရပါသည်။
၁၉၄၇ခုနှစ်တွင်ပြဌာန်းခဲ့သော မိမိတို့နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ၁၉၆၂ခုနှစ်တွင် ဦးနေဝင်းက ရုပ်သိမ်းခဲ့သည်။ ၁၉၇၄ခုနှစ်တွင် လမ်းစဉ်ပါတီက အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၈၈ခုနှစ်တွင် ဦးစောမောင်က ရုပ် သိမ်းလိုက်ပြန်သည်။ စစ်အုပ်ချုပ်ရေးစနစ်ဖြင့် မိမိတို့နိုင်ငံကို တပ်မတော်က ဆက်လက်အုပ်ချုပ်ခဲ့ရာ ၂၀၀၈ခုနှစ်တွင် နာဂစ်မုန် တိုင်းနှင့်အတူ လက်ရှိ အခြေခံဥပဒေကို ဦးသန်းရွှေတို့က အတည်ပြုပြဌာန်းသည်။
အိန္ဒိယကဲ့သို့ မိမိတို့၏အခြေခံဥပဒေကို ပြင် ဆင်ခြင်းမဟုတ်ဘဲ လုံးလုံး ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ နှစ်ပေါင်း (၆၀)ကျော်အ တွင်း အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို (၁၀၁)ကြိမ်ပြုပြင်ခဲ့ခြင်းမှာ နိုင်ငံံတော်နှင့် ပြည်သူပြည်သားများ၏ အကျိုးကိုရှေ့ရှုပြီ်း ပြု လွယ်ပြင်လွယ်ဖြစ်အောင် ဆောင်ရွက်ခြင်းဟု နားလည်ရပါသည်။
မိမိတို့၏ ၂၀၀၈ အခြေခံဥပဒေကကော ….“ကမ္ဘာမှာ ပြင်ရန် အခက်ခဲဆုံးသော ဥပဒေ၊ ပြင်ရန်မည်သို့မျှ မဖြစ်နိုင်သော ဥပဒေ၊ အသစ်ရေးဆွဲခြင်းကသာ အလုပ်ဖြစ်မည်” စသည့် ဝေဖန်ထောက်ပြသံများ သောသောညံလျက်ရှိသည်။ “ဒီ ၂၀၀၈ အခြေခံဥပ ဒေနဲ့ဆိုရင် မိမိတို့ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်၊ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်ပါက ပြည်တွင်းငြိမ်း ချမ်းရေးမရနိုင်။ တပ်မတော်လည်း တိုင်းပြည်ရေးရာ၊ နိုင်ငံရေးရာတွေမှာ ဆက်လက် ပါဝင်မြဲ ပါနေအုံးမှာပဲ”ဟူသော မီဒီယာ သမားများ၏ သုံးသပ်ချက်များ အတောမသတ်နိုင်သေးပါ။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်တပ်မတော်တည်ဆောက်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်တားမြစ်ချက်များကြောင့် တိုင်းရင်းသားများ စိုးရိမ်ကြောင့်ကြ သောကရောက်နေကြရပါ သည်။
KNU - ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ၂၁ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ ဒုတိယ အစည်းအဝေး၏ ဖွင့်ပွဲနေ့တွင် “တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှု မရှိဘဲ ငြိမ်းချမ်းရေးကို ဘယ်နည်းနဲ့မှမရနိုင်” ဟု မိန့်ဆိုခဲ့ရာ All Inclusive မဖြစ်ဘဲ ဤနိုင်ငံ၏ငြိမ်းချမ်းရေးကို တည်ဆောက်၍ မရနိုင်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ၏ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က “မျိုး ဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံအုတ်မြစ် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့ တာ ဖြစ်တဲ့အတွက် ဂုဏ်ယူဖွယ်ကောင်းကြောင်း၊ ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထ မဆုံးအနေနဲ့ ကောက်ကြောင်းတွေ ရေးဆွဲနိုင်ပြီဖြစ်ကြောင်း” ပြောဆိုမိန့်ကြားချက်အပေါ် ၂၀၀၈ခုနှစ် အခြေခံဥပဒေ အကြပ်အ တည်းကို မည်သို့မည်ပုံ ဖြေရှင်းကျော်လွှားနိုင်မည်နည်း ဟူသည်မှာ စိတ်ဝင်စားစရာကောင်းသည့် ပဟေဋိဆန်သော ပုစ္ဆာတစ် ပုဒ် ဖြစ်နေပေသည်။